လူနာသစ်တွေအနက် ၂၀ ဦးဟာ ပြည်နယ်ရွေးကောက်ပွဲကျင်းပတဲ့ ဆာဘားသို့ သွားရောက်ခဲ့ကြပါတယ်။

အရှေ့တောင်အာရှမှ မလေးရှားနိုင်ငံမှာ ယနေ့ (အောက်တိုဘာ ၂ ရက်) ထုတ်ပြန်ချက်အရ CVID-19 အတည်ပြုလူနာ ၂၈၇ ဦး တိုးလာခဲ့ပြီး ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစပြီး နေ့အလိုက်ကူးစက်မှု အမြင့်ဆုံးအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters) 

ကူးစက်မှုအားလုံးဟာ ပြည်တွင်းကူးစက်မှုများဖြစ်ပြီး Kedah မှ ၁၂၉ ဦး၊ Sabah မှ ၁၁၃ ဦးနဲ့ Selangor မှ ၃၁ ဦး ဖြစ်ပါတယ်။ Selangor မှ Seri Anggerik နဲ့ Seri Setia တို့မှာ ကူးစက်မှုအစုအဝေးသစ်နှစ်ခု တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ မလေးရှားမှာ ပြည်နယ်ရွေးကောက်ပွဲအတွက် ဆာဘား (Sabah) သို့ အဝင်အထွက် ခရီးသွားလာမှုတွေ များပြားခဲ့ပြီးနောက် ကူးစက်မှုတွေ သိသာစွာ မြင့်တက်လာတယ်လို့ ဆိုပါတယ်။



ယနေ့ တွေ့ရှိရတဲ့ အတည်ပြုလူနာသစ်တွေအနက် ၂၀ ဦးဟာ လတ်တလောအတွင်း ဆာဘားပြည်နယ်သို့ သွားရောက်ခဲ့ကြသူဖြစ်ကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ထို့နောက် ၎င်းတို့ဟာ Selangor, Terengganu, Perak နဲ့ Negeri Sembilan ကဲ့သို့ ပြည်နယ်အသီးသီးသို့ ပြန်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

(Photo: Malaysia Prime Minister's Office)

စက်တင်ဘာ ၂၀ ရက်မှ လက်ရှိအချိန်အထိ ဆာဘားသို့ ခရီးသွားခဲ့မှုနဲ့ ဆက်စပ်နေတဲ့ ကူးစက်ခံရသူ ၁၃၉ ဦးရှိလာခဲ့ကြောင်း သိရပါတယ်။ ပြည်နယ်ရွေးကောက်ပွဲမတိုင်မီ ဆာဘားပြည်နယ်သို့ အဝင်အထွက် ခရီးသွားသူတွေကို စည်းမျဥ်းစည်းကမ်းအရ စောင့်ကြည့်စစ်ဆေးမှု မလုပ်ခဲ့ခြင်းအတွက် မလေးရှားဝန်ကြီးချုပ် မူဟီယာဒင်ယာစင်ရဲ့ အစိုးရကို ဝေဖန်မှုတွေ ရှိနေပါတယ်။

ထို့အတူ COVID-19 စစ်ဆေးရာမှာ မတွေ့ရှိရကြောင်း အဖြေထွက်သူတွေကို ၁၄ ရက်ကြာ ကွာရန်တင်းနေထိုင်မှု လျှော့ချပေးနေခြင်းအတွက်လည်း မလေးရှားအစိုးရကို ‌‌‌‌ဝေဖန်နေကြပါတယ်။ လက်ရှိမှာ ပြည်နယ်ရွေးကောက်ပွဲမှာ တာဝန်ကျခဲ့ပြီး ဆာဘားပြည်နယ်သို့ သွားရောက်ခဲ့တဲ့ မလေးရှားရဲတပ်ဖွဲ့ဝင် ၇၀၀ ကျော် ကွာရန်တင်းဝင်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Penang မှာလည်း ဆရာမတစ်ဦးဟာ နိုင်ငံရေးသမား ခင်ပွန်းဖြစ်သူနဲ့အတူ ဆာဘားပြည်နယ်သို့ စည်းရုံးရေးခရီးစဥ် လိုက်ပါသွားရာမှ ပြန်ရောက်လာချိန်မှာ COVID-19 ကူးစက်ခံထားရကြောင်း တွေ့ခဲ့ရပြီးနောက် ကျောင်းသူကျောင်းသား ၆၀၀ ကို ဗိုင်းရပ်စ်စစ်ဆေးရန် ညွှန်ကြားထားပါတယ်။

(Photo: Muhyiddin Yassin/ Facebook) 

မလေးရှားမှာ လတ်တလော ကူးစက်မှုတွေ မြင့်တက်လာခြင်းနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ယာစင်ရဲ့ ရုံးခန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ မှတ်ချက်မပေးခဲ့သေးကြောင်း သိရပါတယ်။ သို့သော် ကူးစက်မှုထိန်းချုပ်ကာကွယ်ရေး အစီအမံများ အလျင်အမြန် မထုတ်ပြန်ခြင်းဟာ အာဏာပိုင်တွေက ဆာဘားပြည်နယ်မှ မဲဆန္ဒရှင်တွေ နေရပ်ပြန်ပြီး မဲမပေးလိုတဲ့ အခြေအနေ မဖြစ်စေချင်ခဲ့တာကြောင့်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

မလေးရှားမှာ အတည်ပြုလူနာသစ် အရေအတွက် မြင့်တက်လာမှုဟာ ကူးစက်မှုလှိုင်းအသစ်တစ်ခု အစပြုခြင်းလို့ ယူဆနိုင်ပြီး အများပြည်သူအနေနဲ့ ခပ်ခွာခွာနေခြင်းနဲ့ မလိုအပ်ဘဲ နေအိမ်ကနေ အပြင်မထွက်ကြရန် ကျန်းမာရေးဝန်ကြီးဌာန အထွေထွေညွှန်ကြားရေးမှူး ဒေါက်တာ Noor Hisham က တိုက်တွန်းပြောကြားထားပါတယ်။ မလေးရှားမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၁၁,၇၇၁ ဦးနဲ့ သေဆုံးသူ ၁၃၆ ဦးရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က