အမေရိကန်သမ္မတထရန့်ဟာ အသက် ၇၄ နှစ်ရှိပြီဖြစ်ရာ အစိုးရိမ်ရဆုံး လူနာအုပ်စုမှာ ပါဝင်နေပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးသိရှိရပြီးနောက် ၂၄ နာရီမပြည့်မီ စစ်ဘက်ဆေးရုံတစ်ရုံသို့ ရွှေ့ပြောင်းလိုက်ကြောင်း သိရပါတယ်။

(အိမ်ဖြူတော်မှထွက်လာသည့် ထရန့်) (Photo: Reuters)

သမ္မတထရန့်က ဆေးရုံသို့သွားရောက်ရန် အိမ်ဖြူတော်ထဲမှ ထွက်ခွာလာပြီး Marine One ရဟတ်ယာဥ်ပေါ်သို့ မတက်ရောက်မီ လက်မထောင်ပြခဲ့ပေမဲ့ တစ်စုံတစ်ဦးကိုမျှ စကားပြောတာ မတွေ့ခဲ့ရပါဘူး။ Marine One ပေါ်မှာ ထရန့်နဲ့အတူ လိုက်ပါသွားကြတဲ့ ရဟတ်ယာဥ်မှူးနဲ့ အဖွဲ့၊ Secret Service အေးဂျင့်တွေနဲ့ အိမ်ဖြူတော်ဝန်ထမ်းတွေက mask များ တပ်ထားကြပါတယ်။



အိမ်ဖြူတော်ထုတ်ပြန်ချက်အရ သမ္မတထရန့်ကို Walter Reed National Military Medical Center ဆေးရုံသို့ ရွှေ့ပြောင်းခြင်းဟာ ကြိုတင်သတိထား ကာကွယ်မှုဖြစ်ကြောင်းနဲ့ ဆေးရုံမှာ ရုံးလုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်နိုင်ရန် စီစဥ်ထားကြောင်း သိရပါတယ်။

(ဆေးရုံသို့သွားရန် ရဟတ်ယာဥ်ပေါ်သို့ ထရန့် တက်ရောက်သွားစဥ်) (Photo: Reuters)

သမ္မတထရန့်ဟာ မပြင်းထန်တဲ့ ရောဂါလက္ခဏာများရှိပြီး ပင်ပန်းနွမ်းနယ်နေပေမဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တက်ကြွကောင်းမွန်နေတယ်လို့ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအရာရှိ Kayleigh McEnany က ဆိုပါတယ်။ "သတိထားမှုတွေများစွာထဲက တစ်ခုပါ၊ ပြီးတော့ သူ့ရဲ့ဆရာဝန်နဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ ထောက်ခံမှုအရ သမ္မတဟာ Walter Reed ဆေးရုံမှာ စီစဥ်ထားတဲ့ သမ္မတရုံးခန်ကနေ နောက်ရက်အနည်းငယ်ကြာ အလုပ်လုပ်နေပါမယ်" လို့ Kayleigh McEnany က ပြောပါတယ်။

(ဆေးရုံသို့ရောက်ရှိစဥ် ရဟတ်ယာဥ်ပေါ်မှဆင်းလာသည့် ထရန့်) (Photo: Joshua Roberts/Reuters)

သမ္မတထရန့်ကို အိမ်ဖြူတော်ဆရာဝန်က စမ်းသပ်အဆင့် ပဋိပစ္စည်း ပေါင်းစပ်ဆေးတစ်မျိုးထိုးပေးခဲ့ကြောင်း သောကြာနေ့ (အောက်တိုဘာ ၂ ရက်) အစောပိုင်းမှာ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။ ထရန်နဲ့ ၎င်းရဲ့ဇနီး မီလန်နီယာတို့ထံမှာ COVID-19 တွေ့ရှိရကြောင်း ကြာသပတေးနေ့ (အောက်တိုဘာ ၁ ရက်) ညပိုင်းမှာ စစ်ဆေးမှုအဖြေ သိရှိခဲ့ရတာ ဖြစ်ပါတယ်။

ထရန့်က ၎င်းတို့ဇနီးမောင်နှံ COVID-19 ကူးစက်ခံရကြောင်း အောက်တိုဘာ ၂ ရက် ‌ဒေသစံတော်ချိန် ၁ နာရီဝန်းကျင်မှာ Twitter မှတစ်ဆင့် အသိပေး ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ သမ္မတကတော် မီလန်နီယာကတော့ အိမ်ဖြူတော်မှာပင် ဆက်လက် နေထိုင်လျက်ရှိပါတယ်။

(သမ္မတထရန့်နဲ့ သမ္မတကတော် မီလန်နီယာ) (Photo: ABC News)

ထရန့်မှာ COVID-19 ကူးစက်ခံရပြီးနောက် ဒုတိယသမ္မတ မိုက်ပင့်စ်နဲ့ ဇနီး၊ အင်္ဂါနေ့ (စက်တင်ဘာ ၂၉ ရက်) က ၎င်းနဲ့ စကားစစ်ထိုးခဲ့တဲ့ ဒီမိုကရက်တစ်ပါတီမှ ပြိုင်ဘက်ဖြစ်သူ သမ္မတလောင်း ဂျိုးဘိုင်ဒန်နဲ့ဇနီးတို့ကိုလည်း စစ်ဆေးမှုတွေပြုလုပ်ခဲ့ပေမဲ့ ကူးစက်ခံထားရခြင်း မရှိကြောင်း အဖြေထွက်ခဲ့ကြောင်း AP သတင်းက ဖော်ပြပါတယ်။

အမေရိကန်သမ္မတထရန့်ဟာ အသက် ၇၄ နှစ်ရှိပြီဖြစ်ရာ အစိုးရိမ်ရဆုံး လူနာအုပ်စုမှာ ပါဝင်နေပါတယ်။ အမေရိကန်နိုင်ငံဟာ ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၇.၅၄ သန်းကျော်၊ သေဆုံးသူ ၂၁၃,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၄.၇၆ သန်းကျော်ရှိကြောင်း သိရပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က