ယူအေအီးနိုင်ငံမှာ ဆေးရုံတက်ကုသမှုခံယူခဲ့ရတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှ ထွက်ပြေးတိမ်း‌ရှောင်သွားခဲ့ပြီး ပြည်ပြေးအဖြစ် နိုင်ငံရပ်ခြားမှာ နေထိုင်လျက်ရှိတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှာနာဝပ်ဟာ COVID-19 ကူးစက်ခံရမှုကြောင့် သီတင်းနှစ်ပတ်ကြာ ဆေးရုံတက်နေခဲ့ရတယ်လို့ ထုတ်ဖော်ပြောပါတယ်။

(ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်) (Photo: Thaksin Facebook/Khaosod English)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ၎င်းရဲ့ဇနီး မီလန်နီယာတို့ထံမှာ COVID-19 တွေ့ရကြောင်း ထုတ်ဖော်ပြောခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ သက်ဆင် ဆေးရုံတက်ခဲ့ရတဲ့ သတင်းတွေ စတင်ပျံ့နှံ့ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ ဒူဘိုင်းမြို့မှာ အဓိက နေထိုင်လျက်ရှိတဲ့ အသက် ၇၁ နှစ်အရွယ် သက်ဆင်ဟာ ဩဂုတ်လနှောင်းပိုင်း နည်းပညာမြင့် COVID-19 စစ်ဆေးကိရိယာဖြင့် ကိုယ်တိုင် စစ်ဆေးခဲ့စဥ် ကူးစက်ခံထားရကြောင်း သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။



အဆိုပါ စစ်ဆေးကိရိယာကို ထုတ်လုပ်တဲ့ကုမ္ပဏီမှာ သက်ဆင်က ရင်းနှီးမြှုပ်နှံသူတစ်ဦးလည်းဖြစ်ကြောင်း ရှင်နာဝပ်မိသားစုရဲ့ ဘန်ကောက်မြို့ရှိ တရားဝင်မဟုတ်တဲ့ ပြောခွင့်ရအမျိုးသားက သောကြာနေ့ (အောက်တိုဘာ ၂ ရက်) မှာ ပြောခဲ့ပါတယ်။ သက်ဆင်ဟာ မပြင်းထန်တဲ့ ရောဂါလက္ခဏာများအဖြစ် နှာချေခြင်းနဲ့ ကိုယ်အပူချိန် အနည်းငယ်မြင့်တက်ခြင်းတို့သာ ဖြစ်ခဲ့ပေမဲ့ ခရီးသွားရန် ပြင်ဆင်နေခဲ့တာကြောင့် ၎င်းရဲ့ ကျန်းမာရေးကို စစ်ဆေးခဲ့ကြောင်း ပြောခွင့်ရအမျိုးသား Wim Rungwattanachinda က ဆိုပါတယ်။

(၂၀၁၂ ခုနှစ်အတွင်း ကမ္ဘောဒီးယားမှာတွေ့ရသည့် သက်ဆင်) (Photo: CFR)

Wim ရဲ့ အဆိုအရ သက်ဆင်ဟာ COVID-19 ကူးစက်ခံရကြောင်း သိရှိရပြီးနောက် ဒူဘိုင်းမြို့ရှိ ဆေးရုံတစ်ရုံသို့ တက်ရောက်ခဲ့ပြီး တစ်ပတ်ခန့် ကုသမှုခံယူခဲ့ကြောင်း သိရပါတယ်။ ထို့နောက် ယူအေအီးနိုင်ငံရှိ နောက်ထပ်မြို့တစ်မြို့ဖြစ်တဲ့ အဘူဒါဘီမြို့ရှိ ဆေးရုံတစ်ရုံသို့ ရွှေ့ပြောင်းကုသမှုခံခဲ့ပြီး ထိုဆေးရုံမှာ နောက်ထပ် တစ်ပတ်ကြာခဲ့တယ်လို့ ဆိုပါတယ်။

သက်ဆင်ရဲ့ ပြောကြားမှုအရ ၎င်းထံမှာ COVID-19 တွေ့ခဲ့ရပြီးနောက် ညီမတွေဖြစ်တဲ့ Yingluck (ယင်လတ်) နဲ့ Yaowapa တို့ ကွာရန်တင်းနေထိုင်ခဲ့ကြကြောင်း၊ သို့သော် ၎င်းတို့နှစ်ဦးလုံးမှာ ကူးစက်ခံရခြင်းမရှိခဲ့ကြောင်း သိရပါတယ်။ ၎င်းဟာ အပြင်ထွက်တဲ့အချိန်တိုင်း mask တပ်ထားခဲ့ပေမဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို သွားရောက်ခဲ့စဥ်က လက်ဆေးရန် မေ့လျော့ခဲ့ရာမှ ကူးစက်ခံရခြင်းဖြစ်နိုင်တယ်လို့ သက်ဆင်က ပြောပါတယ်။

(သက်ဆင်နှင့် ၎င်းရဲ့ညီမ ယင်လတ်) (Photo: AP)

သက်ဆင်ဟာ ဆက်သွယ်ရေးလုပ်ငန်းဖြင့် ဘီလျံနာတစ်ဦး ဖြစ်လာပြီးနောက် ထိုင်းနိုင်ငံမှာ နိုင်ငံရေးပါတီတစ်ခု တည်ထောင်ခဲ့ပြီး ၂၀၀၁ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိကာ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ ထို့နောက် ၂၀၀၅ ခုနှစ်မှာလည်း သက်ဆင်ဟာ နောက်တစ်ကြိမ် ပြန်လည်ရွေးကောက်ခံခဲ့ရပေမဲ့ ၂၀၀၆ ခုနှစ်အတွင်း စစ်တပ်အာဏာသိမ်းမှုဖြင့် ဖြုတ်ချခံခဲ့ရပါတယ်။

ထို့နောက် သက်ဆင်ဟာ အာဏာအလွဲသုံစားပြုမှုနဲ့ အဂတိလိုက်စားမှုတိုနဲ့ ဆက်နွယ်ပြီး စွဲချက်များကို ရင်ဆိုင်ခဲ့ရပါတယ်။ ၎င်းအပေါ် စွဲချက်တင်မှုတွေဟာ နိုင်ငံရေးအရ နှိပ်ကွပ်မှုဖြစ်ကြောင်း သက်ဆင်က ပြောဆိုခဲ့ကာ စွဲချက်တွေအနက်မှ တစ်ခုအတွက် ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် အာမခံဖြင့် နေထိုင်လျက်ရှိစဥ် ထိုင်းနိုင်ငံမှ ထွက်ပြေးသွားခဲ့ပါတယ်။

(သက်ဆင်မောင်နှမကို ထောက်ခံသူများ) (Photo: The Japan Times)

သက်ဆင်ကို အားပေးထောက်ခံသူတွေက ထိုင်းနိုင်ငံမှာ ၎င်းရဲ့ကိုယ်စား ရွေးကောက်ပွဲတွေနဲ့ လမ်းမတွေပေါ်မှာ ဆက်လက် တိုက်ပွဲဝင်ခဲ့ကြပြီး ၎င်းက ပြည်ပကနေ ကြိုးကိုင်စီမံခဲ့ပါတယ်။ နောက်ပိုင်းမှာ သက်ဆင်ရဲ့ညီမ ယင်လတ်က ၂၀၁၁ ခုနှစ်‌ ရွေးကောက်ပွဲအနိုင်ရပြီး ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

ထိုစဥ်က အသက် ၄၄ နှစ်အရွယ် ယင်လတ်ဟာ ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်နဲ့ နှစ်ပေါင်း ၆၀ ကျော်အတွင်း အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သို့သော် ယင်လတ်ဟာလည်း အကိုဖြစ်သူ သက်ဆင်ကဲ့သို့ပင် စစ်တပ်အာဏာသိမ်းမှုနဲ့အတူ ရာထူးမှ ဖြုတ်ချခံရပြီးနောက် တရားရင်ဆိုင်နေရစဥ် နိုင်ငံမှ ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က