ကူးစက်မှုအသစ်တွေအနက် ပြည်တွင်းကူးစက်မှုတစ်ခု ပါဝင်ပါတယ်။

အရှေ့တောင်အာရှမှ စင်ကာပူနိုင်ငံမှာ ယနေ့ (အောက်တိုဘာ ၃ ရက်) မွန်းလွဲပိုင်း ထုတ်ပြန်မှုအရ COVID-19 ကူးစက်ခံရသူ ၆ ဦး တိုးလာခဲ့ပြီး မတ်လ ၁၀ ရက်နောက်ပိုင်း နေ့အလိုက် ကူးစက်မှုအနည်းဆုံး ဖြစ်လာခဲ့ပါတယ်။

(Photo: MediaCorp/CNA)

ယနေ့ တွေ့ရှိရတဲ့ ကူးစက်မှုအသစ်တွေအနက် တစ်ဦးက ပြည်တွင်းကူးစက်မှုဖြစ်ပြီး လေးဦးမှာ ပြည်ပမှ ဝင်ရောက်လာသူတွေထံ တွေ့ရှိရတဲ့ ကူးစက်မှုများဖြစ်ကာ ကျန်တစ်ဦးကတော့ ကွာရန်တင်း နေထိုင်နေသူဖြစ်ကြောင်း သိရပါတယ်။ စင်ကာပူမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၅၇,၈၀၀ ဦးနဲ့ သေဆုံးသူ ၂၇ ဦးရှိခဲ့ပါတယ်။



တစ်ဦးတည်းဖြစ်တဲ့ ပြည်တွင်းကူးစက်မှုဟာ လက်ရှိမှာ ထိတွေ့ဆက်နွယ်မှု မသိရသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန (Ministry of Health - MOH) က ပြောပါတယ်။ ပြည်တွင်းကူးစက်ခံတဲ့ အတည်ပြုလူနာဟာ အသက် ၄၄ နှစ်အရွယ် အမျိုးသားဖြစ်ပြီး စင်ကာပူမှာ အသက် ၁၃ နှစ်နဲ့အထက် အသက်အရွယ်ရှိသူ အားလုံးကို စစ်ဆေးမှုအရ ၎င်းထံမှာ COVID-19 ကူးစက်ခံထားရကြောင်း တွေ့ခဲ့ရတာဖြစ်ပါတယ်။

(Photo: MediaCorp/CNA)

ပြည်ပကူးစက်မှု လေးဦးကတော့ စင်ကာပူကိုရောက်လာပြီးနောက် အိမ်မှာနေရမယ့် သတိပေးချက်ဖြင့် နေထိုင်နေသူတွေလို့ သိရပါတယ်။ ပြည်ပကူးစက်မှုတွေအနက် အိန္ဒိယမှပြန်လာတဲ့ အသက် ၇၃ နှစ်အရွယ် စင်ကာပူအမျိုးသမီးကြီးတစ်ဦး၊ အင်ဒိုနီးရှားမှ လာရောက်ကြတဲ့ အလုပ်လုပ်ခွင့်ပါမစ် ကိုင်ဆောင်ထားသူ အသက် ၃၃ နှစ်နဲ့ ၄၃ နှစ်အရွယ် နှစ်ဦးတို့ ပါဝင်ပါတယ်။

နောက်ထပ် ပြည်ပကူးစက်မှုတစ်ခုကတော့ အသက် ၂ လအရွယ် ယောက်ျားလေးဖြစ်ပြီး ရက်တိုအလည်အပတ် ခွင့်ပြုချက်ဖြင့် အင်ဒိုနီးရှားမှ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ယနေ့ ထုတ်ပြန်မှုအရ အသစ်တွေ့ရတဲ့ ကူးစက်ခံရသူတစ်ဦးကတော့ အလုပ်သမားများနေထိုင်ရာ အဆောင်တစ်ခုမှ ဖြစ်ပါတယ်။ ၎င်းဟာ အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိတာကြောင့် ယခင်ကတည်းက ကူးစက်မှုကာကွယ်ရန် ကွာရန်တင်းဝင်နေခဲ့သူလို့ သိရပါတယ်။

(Photo: MediaCorp/CNA)

စင်ကာပူမှာ ယခုတွေ့ရတဲ့ ကူးစက်ခံရသူတွေအနက် လေးဦးဟာ ရောဂါလက္ခဏာ မပြသူတွေဖြစ်ပြီး စောင့်ကြည့်စစ်ဆေးမှုအရ ကူးစက်ခံရကြောင်း သိခဲ့ရတာလည်း ဖြစ်ပါတယ်။ ယနေ့ ထုတ်ပြန်မှုအရ စင်ကာပူမှာ COVID-19 လူနာ ၂၈ ဦး ပြန်လည်သက်သာသွားပြီး ဆေးရုံ သို့မဟုတ် ကူသရေးနေရာကနေ အိမ်ပြန်ခွင့်ရခဲ့ကြောင်းနဲ့ လက်ရှိအချိန်အထိ ပြန်လည်သက်သာသူ စုစုပေါင်း ၅၇,၅၆၂ ဦးရှိလာခဲ့ပါတယ်။

စင်ကာပူမှာ လက်ရှိအချိန်အထိ ဆေးရုံတက်ရောက်နေရဆဲ COVID-19 လူနာ ၄၈ ဦးရှိနေပြီး ၎င်းတို့အနက် အများစုဟာ အခြေအနေတည်ငြိမ်ပြီး ကျန်းမာရေးတိုးတက်မှုရှိကြောင်း သိရပါတယ်။ နောက်ထပ် မပြင်းထန်တဲ့ ရောဂါလက္ခဏာရှိပေမဲ့ COVID-19 စစ်ဆေးထားဆဲ ၁၆၅ ဦးကိုတော့ ကွာရန်တင်းနေရာတွေမှာ သီးခြားခွဲထားတယ်လို့ CNA သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က