ဆေးရုံဆင်းနိုင်မယ့် အချိန်ကိုတော့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေပြီး ၎င်းနဲ့ နီးကပ်သူတွေအနက် ဇနီးဖြစ်သူ မီလန်နီယာ အပါအဝင် COVID-19 ကူးစက်ခံရသူ ၈ ဦးရှိနေကြောင်း သိရပါတယ်။

(စက်တင်ဘာ ၂၆ ရက် အခမ်းအနားမြင်ကွင်း)(Photo: Alex Brandon/AP)

သမ္မတထရန့်က တရားရုံးချုပ် တရားသူကြီးအဖြစ် အေမီကွန်နေးဘားရတ် (Amy Coney Barrett) ကို ခန့်ထားရန် တရားဝင် အဆိုပြုခဲ့တဲ့ အခမ်းအနားကို စက်တင်ဘာ ၂၆ ရက်နေ့က အိမ်ဖြူတော် Rose Garden မြက်ခင်းပြင်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ယခုအခါ ထရန့်တို့ဇနီးမောင်နှံ အပါအဝင် ထိုအခမ်းအနားမှာရှိနေခဲ့သူ ခြောက်ဦး COVID-19 ကူးစက်ခံရကြောင်း တွေ့ရပါတယ်။



အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ဇနီးမောင်နှံမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိ

ထိုအခမ်းအနားသို့ တက်ရောက်လာသူ အများစုဟာ mask တပ်ထားခြင်းမရှိသလို လက်သီးချင်းတေ့ဆိုင် နှုတ်ဆက်ခဲ့ကြပြီး တစ်ဦးနဲ့တစ်ဦး နီးကပ်စွာရှိနေခဲ့ကြကြောင်းနဲ့ ၎င်းတို့ရဲ့ ထိုင်ခုံတွေကို ခြောက်ပေစီခွာထားခဲ့ခြင်းလည်း မရှိဘူးလို့ သိရပါတယ်။ အခမ်းအနားမှာ ရှိခဲ့ကြသူတွေအနက် သမ္မတဒေါ်နယ်ထရန့်နဲ့ ၎င်းရဲ့ဇနီး မီလန်နီယာတို့မှာ COVID-19 ကူးစက်ခံထားရကြောင်း ကြာသပတေးနေ့ (အောက်တိုဘာ ၁ ရက်) ညပိုင်းမှာ စစ်ဆေးမှုအဖြေထွက်ခဲ့ပါတယ်။

(စက်တင်ဘာ ၂၆ ရက် အခမ်းအနားမှာတွေ့ရသည့် မီလန်နီယာ) (Photo: Chip Somodevilla/Getty Images)

၎င်းတို့နှစ်ဦးမတိုင်မီ ထရန့်ရဲ့ အနီးကပ်လက်ထောက် အမျိုးသမီး Hope Hicks ထံမှာ ကူးစက်ခံရမှု ပထမဆုံး တွေ့ခဲ့ရတာဖြစ်ပါတယ်။ သို့သော် Hope Hicks ဟာ စက်တင်ဘာ ၂၆ ရက်နေ့ Rose Garden အခမ်းအနားမှာ ရှိမနေခဲ့ပါဘူး။ ထရန့်က ၎င်းတို့ဇနီးမောင်နှံ COVID-19 ကူးစက်ခံရကြောင်း သောကြာနေ့ (အောက်တိုဘာ ၂ ရက်) မနက်အစောပိုင်းမှာ Twitter မှတစ်ဆင့် အသိပေးခဲ့ပါတယ်။

စက်တင်ဘာ ၂၆ ရက် အခမ်းအနားကို တက်ရောက်ခဲ့ကြသူတွေအနက် အိမ်ဖြူတော် အကြံပေးအရာရှိဟောင်း Kellyanne Conway ၊ Republican National Committee ဥက္ကဌ Ronna McDaniel ၊ ထရန့်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမန်နေဂျာ Bill Stepien ၊ Notre Dame တက္ကသိုလ် အကြီးအကဲ John Jenkins ၊ ရီပတ်ဘလစ်ကင်ပါတီမှ ဆီးနိတ်လွှတ်တော် အမတ်နှစ်ဦးဖြစ်တဲ့ Mike Lee နဲ့ Thom Tillis တို့လည်း COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိထားပါတယ်။

ကိုဗစ်ကူးစက်ခံရတဲ့ အမေရိကန်သမ္မတထရန့်ကို စစ်ဘက်ဆေးရုံသို့ ရွှေ့ပြောင်း

COVID-19 ကူးစက်ခံရတဲ့ သမ္မတထရန့်ကို ကြိုတင်သတိထား ကာကွယ်မှုအဖြစ် Walter Reed National Military Medical Center စစ်ဆေးရုံသို့ အောက်တိုဘာ ၂ ရက်နေ့မှာ ရွှေ့ပြောင်းခဲ့ပါတယ်။ ထရန့်ဟာ ဆေးရုံမှာ ကျန်းမာရေးအခြေအနေ အလွန်ကောင်းမွန်ကြောင်း၊ လက်ရှိမှာ အောက်စီဂျင်ပေးရန် မလိုအပ်ခဲ့ကြောင်းနဲ့ ကိုယ်ပူချိန် မြင့်တက်ခြင်းမရှိတာ ၂၄ နာရီကြာခဲ့ပြီလို့ ၎င်းရဲ့ဆရာဝန် ဒေါက်တာ Sean Conley က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

(ဒေါက်တာ Sean Conley) (Photo: BBC)

ဒေါက်တာ Sean Conley က သမ္မတထရန့်ရဲ့ အခြေအနေကို သတိထားပြီး အကောင်းမြင်ကြောင်း၊ သို့သော် ဆေးရုံဆင်းနိုင်မယ့် အချိန်ကိုတော့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ ဒေါက်တာ Sean Conley ရဲ့ ပြောကြားမှုအရ သမ္မတကတော် မီလန်နီယာကတော့ အိမ်ဖြူတော်မှာပင်ရှိနေပြီး ကျန်းမာရေးအခြေအနေ အလွန်ကောင်းကြောင်း သိရပါတယ်။

ထိုအတောအတွင်း ထရန့်ရဲ့ အ‌‌ခြေအ‌ေနဟာ သောကြာနေ့ (အောက်တိုဘာ ၂ ရက်) မှာ အလွန်စိုးရိမ်ပူပန်စရာ ဖြစ်ခဲ့ကြောင်းနဲ့ နောက် ၄၈ နာရီဟာ ၎င်းကို ပြုစုစောင့်ရှောက်ရာမှာ အလွန်အရေးပါလာမယ်လို့ အိမ်ဖြူတော်ဝန်ထမ်း‌အဖွဲ့ အကြီးအကဲ Mark Meadows က ပြောခဲ့ပါတယ်။

ကိုဗစ်ကူးစက်ခံရတဲ့ ရက်သတ္တပတ်အတွင်း ဒေါ်နယ်ထရန့်ရဲ့ သွားလာလှုပ်ရှားမှုများ

(စက်တင်ဘာ ၂၆ ရက် အခမ်းအနား) (Photo: Chip Somodevilla/Getty Images)

လက်ရှိမှာ ထရန့်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး တာဝန်ရှိသူ‌တွေရဲ့ ပြောကြားမှု‌များ ကွဲလွဲမှုရှိနေခဲ့ပါတယ်။ ‌သမ္မတထရန့်ဟာ ရွေးကောက်ပွဲကျင်းပရန် တစ်လတိတိအလိုမှာ COVID-19 ကူးစက်ခံရပြီး ဆေးရုံတက်ခဲ့ရတာလည်း ဖြစ်ပါတယ်။

အမေရိကန်သမ္မတထရန့်ဟာ အသက် ၇၄ နှစ်ရှိပြီဖြစ်ရာ အစိုးရိမ်ရဆုံး COVID-19 လူနာအုပ်စုမှာ ပါဝင်နေပါတယ်။ အမေရိကန်နိုင်ငံဟာ ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၇.၅၇ သန်း၊ သေဆုံးသူ ၂၁၃,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၄.၇၈ သန်းရှိခဲ့ပါတယ်။

Source: ABC News, AFP, BBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က