ထရန့်ရဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့က ကျန်းမာရေးအခြေအနေကို ထုတ်ပြန်ခဲ့ပါတယ်။

COVID-19 ကူးစက်ခံရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ဆေးရုံတက်ကုသမှုခံယူနေခဲ့ရတာ အောက်တိုဘာ ၄ ရက်နေ့မှာ တတိယမြောက်နေ့ ဖြစ်လာခဲ့ပြီး ၎င်းရဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့က ကျန်းမာရေးအခြေအနေကို သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့ပါတယ်။

(Photo: AP)

ထရန့်ဟာ သောကြာနေ့ (အောက်တိုဘာ ၂ ရက်) နဲ့ စနေနေ့ (အောက်တိုဘာ ၃ ရက်) မှာ အောက်စီဂျင်ပမာဏ လျော့ကျနေခဲ့ပြီးနောက် ၎င်းကို စတီးရွိုက်ဆေး Dexamethasone ဖြင့် ကုသပေးနေခဲ့တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ စတီးရွိုက်ဆေး Dexamethasone ကို ရောဂါပြင်းထန်တဲ့ သို့မဟုတ် သေရေးရှင်ရေးဖြစ်နေတဲ့ COVID-19 လူနာတွေမှာ အသုံးပြုနေပြီး ၎င်းတို့ရဲ့ အဆုတ်အလုပ်လုပ်မှုကို ကူညီအားဖြည့်ပေးရန် ဖြစ်ပါတယ်။



ဈေးသက်သာတဲ့ စတီးရွိုက်ဆေးတစ်မျိုးက COVID-19 လူနာတွေကို အသက်ကယ်ရန် ကူညီနိုင်ကြောင်းတွေ့ရ

စတီးရွိုက်ဆေးဖြင့် ကုသပေးနေပေမဲ့ သမ္မတထရန့်ကို အစောဆုံး တနင်္လာနေ့ (အောက်တိုဘာ ၅ ရက်) မှာ ဆေးရုံမှဆင်းနိုင်မယ့် အလားအလာအတွက် ဆေးဘက်ဆိုင်ရာအဖွဲ့က ပြင်ဆင်နေကြောင်းနဲ့ အိမ်ဖြူတော်မှာ ကုသမှုတွေ ဆက်လက် လုပ်ဆောင်မယ်လို့ ၎င်းရဲ့ဆရာဝန် ဒေါက်တာ Sean Conley က ပြောခဲ့ပါတယ်။

(Photo: AP)

သမ္မတထရန့်ဟာ ကြာသပတေးနေ့ (အောက်တိုဘာ ၁ ရက်) မှာ အောက်စီဂျင်ပမာဏ ၉၄ ရာခိုင်နှုန်းအောက် လျော့ကျခဲ့ပြီး နောက်တစ်ကြိမ်မှာ ၉၃ ရာခိုင်နှုန်းအောက် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ထို့နောက်ပိုင်းမှာ သမ္မတထရန့်က အောက်စီဂျင် မလိုအပ်ကြောင်း အကျောက်အကန် ငြင်းခဲ့ပေမဲ့ ၎င်းကို အောက်စီဂျင်ပေးခဲ့ကြောင်း ဒေါက်တာ Sean Conley က အတည်ပြုခဲ့ပါတယ်။

အောက်တိုဘာ ၂ ရက်နေ့မှာတော့ ထရန့်ရဲ့ အောက်စီဂျင်ပမာဏ ပြန်တက်လာခဲ့ပေမဲ့ Walter Reed National Military Medical Center ဆေးရုံမှာ တက်ရောက်သင့်ကြောင်း ဆေးဘက်ဆိုင်ရာအဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။ သမ္မတထရန့်ဟာ ဆေးရုံမှာ လိုအပ်တဲ့ ကုသမှုခံယူနေရပေမဲ့ ကောင်းမွန်စွာဖြင့် ပြန်လည်သက်သာလာနေကြောင်းလည်း ဆရာဝန်တွေက ပြောပါတယ်။ 

(Photo: Reuters)

သမ္မတထရန်နဲ့ သမ္မတကတော် မီလန်နီယာတို့ဟာ COVID-19 ကူးစက်ခံထားရကြောင်း ကြာသပတေးနေ့ (အောက်တိုဘာ ၁ ရက်) ညပိုင်းမှာ စစ်ဆေးမှုအဖြေသိခဲ့ရပြီးနောက် ထရန့်က အောက်တိုဘာ ၂ ရက် မနက်အကူးမှာ Twitter မှတစ်ဆင့် အသိပေးခဲ့ပါတယ်။ ထို့နောက် အောက်တိုဘာ ၂ ရက်နေ့မှာပင် သမ္မတထရန့်ကို Walter Reed စစ်ဆေးရုံသို့ ရွှေ့ပြောင်းကုသခဲ့တာ ဖြစ်ပါတယ်။

ကိုဗစ်ကူးစက်ခံရတဲ့ ရက်သတ္တပတ်အတွင်း ဒေါ်နယ်ထရန့်ရဲ့ သွားလာလှုပ်ရှားမှုများ

အမေရိကန်သမ္မတထရန့်ဟာ အသက် ၇၄ နှစ်ရှိပြီဖြစ်ရာ အစိုးရိမ်ရဆုံး လူနာအုပ်စုမှာ ပါဝင်နေပါတယ်။ ၎င်းရဲ့ဇနီး မီလန်နီယာကတော့ အိမ်ဖြူတော်မှာပင် ဆက်ရှိနေခဲ့ပါတယ်။ ထရန့်တို့ဇနီးမောင်နှံ မတိုင်မီ ၎င်းရဲ့ အနီးကပ်လက်ထောက် အမျိုးသမီး Hope Hicks ထံမှာ COVID-19 ကူးစက်ခံရကြောင်း တွေ့ခဲ့ရတာဖြစ်ပါတယ်။

၎င်းတို့အပြင် ထရန်နဲ့ နီးကပ်သူတွေဖြစ်ပြီး စက်တင်ဘာ ၂၆ ရက်နေ့က အိမ်ဖြူတော် Rose Garden မှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ကြသူတွေထဲမှ အိမ်ဖြူတော် အကြံပေးအရာရှိဟောင်း Kellyanne Conway ၊ Republican National Committee ဥက္ကဌ Ronna McDaniel ၊ ထရန့်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမန်နေဂျာ Bill Stepien ၊ Notre Dame တက္ကသိုလ် အကြီးအကဲ John Jenkins ၊ ရီပတ်ဘလစ်ကင်ပါတီမှ ဆီးနိတ်လွှတ်တော် အမတ်နှစ်ဦးဖြစ်တဲ့ Mike Lee နဲ့ Thom Tillis ၊ ထရန့်ရဲ့ ကိုယ်ရေးကိုယ်တာလက်ထောက် Nicholas Luna နဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး အကြံပေးပုဂ္ဂိုလ် Chris Christie တို့လည်း COVID-19 ကူးစက်ခံရကြောင်းလည်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ BBC သတင်းက ဖော်ပြတယ်။

ယခုအခါ ထရန့်နဲ့ နီးကပ်သူတွေထဲမှာ ၎င်းရဲ့ဇနီး မီလန်နီယာ အပါအဝင် ကူးစက်ခံရသူ ၁၀ ဦးရှိလာခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၇.၆ သန်းကျော်၊ သေဆုံးသူ ၂၁၄,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၄.၈ သန်းကျော်ရှိကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က