သေဆုံးမှုအရေအတွက်ဟာ နှစ်နိုင်ငံက ထုတ်ပြန်ထားမှုထက် များစွာပိုမိုနိုင်ကြောင်း စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် နှစ်နိုင်ငံကြား Nagorno-Karabakh နယ်မြေအငြင်းပွားမှုနဲ့ ဆက်စပ်ပြီး တိုက်ပွဲများ အကြီးအကျယ် ဆက်လက်ဖြစ်ပွားနေကြောင်း သိရပါတယ်။

(Photo: Celestino Arce Lavin/Zuma/picture-alliance)

အဇာဘိုင်ဂျန်ရဲ့ ဒုတိယအကြီးဆုံးမြို့ Ganja မြို့ကို အာမေးနီးယားက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ နိုင်ငံတကာက ထိုနယ်မြေကို အဇာဘိုင်ဂျန်ရဲ့ အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုထားပေမဲ့ အာမေးနီးယန်းလူမျိုးစုတွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။



Nagorno-Karabakh နယ်မြေကို ထိန်းချုပ်ထားသူတွေအဖြစ် ၎င်းတို့ကိုယ်တိုင် ကြေညာပြောဆိုထားတဲ့ အာဏာပိုင်တွေရဲ့ အဆိုအရ အဇာဘိုင်ဂျန်တပ်ဖွဲ့တွေက နယ်မြေမြို့တော် Stepanakert မြို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ကလည်း Ganja မြို့ရှိ စစ်ဘက်လေဆိပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

(Photo: Getty Images/AFP)

အဇာဘိုင်ဂျန်ကတော့ Ganja စစ်ဘက်လေဆိပ်ကို လက်နက်ကြီး ထိမှန်ခဲ့ခြင်း မရှိဘူးလို့ ပြောခဲ့ပါတယ်။ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား စက်တင်ဘာ ၂၇ ရက်နေ့မှာ တိုက်ပွဲများ စတင်ဖြစ်ပွားနေခဲ့ရာ လက်ရှိအချိန်အထိ သေဆုံးသူ ၂၂၀ ကျော်ရှိပြီ ဖြစ်ပါတယ်။ အဆိုပါ နှစ်နိုင်ငံဟာ Nagorno-Karabakh နယ်မြေအရေး ၁၉၈၈-၉၄ ခုနှစ်အတွင်း စစ်ပွဲဖြစ်ပွားခဲ့ပြီး နောက်ဆုံးမှာ နှစ်ဖက်အပစ်အခတ် ရပ်စဲကြောင်းကြေညာထားခဲ့ကြပါတယ်။

သို့သော် နယ်မြေအငြင်းပွားမှုအပေါ် အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား ပြေလည်မှုမရရှိထားခဲ့သေးကြောင်း သိရပါတယ်။ လက်ရှိ ဖြစ်ပွားနေတဲ့ နှစ်နိုင်ငံကြား တိုက်ခိုက်မှုဟာ အပစ်အခတ်ရပ်စဲခဲ့ပြီးနောက်ပိုင်း အဆိုးရွားဆုံးဖြစ်ပြီး အပြန်အလှန် အပြစ်တင်နေခဲ့ကြပါတယ်။ တိုက်ပွဲတွေကြောင့် စစ်သားများနဲ့ အရပ်သားများ အမှန်တစ်ကယ် သေဆုံးမှုအရေအတွက်ဟာ နှစ်နိုင်ငံက ထုတ်ပြန်ထားမှုထက် များစွာပိုမိုနိုင်ကြောင်း စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

(Photo: EPA)

နှစ်နိုင်ငံလုံးရဲ့ သေဆုံးဒဏ်ရာရမှုတွေကို သီးခြားအတည်မပြုနိုင်ဘူးလို့ BBC သတင်းက ပြောထားပါတယ်။ အစောပိုင်းမှာ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား တိုက်ပွဲများရပ်ဆိုင်းပြီး ဆွေးနွေးမှုတွေ ပြုလုပ်နိုင်တဲ့ သတင်းများထွက်ပေါ်ခဲ့ပေမဲ့ လက်ရှိအချိန်အထိတော့ တိုက်ပွဲများ ပြင်းထန်နေဆဲလို့ ဆိုပါတယ်။ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ဟာ ၁၉၉၁ ခုနှစ်မှာ ပြိုကွဲသွားခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့ အဖွဲ့ဝင်နိုင်ငံတွေလည်း ဖြစ်ခဲ့ပါတယ်။ အဆိုပါ နှစ်နိုင်ငံဟာ Nagorno-Karabakh နယ်မြေအ‌ရေး ဆယ်စုနှစ်လေးခုကြာ မဖြေရှင်းနိုင်တဲ့ အငြင်းပွားမှုဖြစ်နေခဲ့ကြပါတယ်။ 

Nagorno-Karabakh နယ်မြေဆိုင်ရာ အချက်အလက်များ

  • ဧရိယာအကျယ်အဝန်း ၁,၇၀၀ စတုရန်းမိုင်ရှိတဲ့ တောင်တန်းနယ်မြေတစ်ခု ဖြစ်ပါတယ်
  • အစဥ်အလာအရ အာမေးနီးယန်း ခရစ်ယာန်တွေနဲ့ တာ့ခ်စ် (Turks) မွတ်စလင်မ်များ နေထိုင်ကြပါတယ်
  • ဆိုဗီယက်ပြည်ထောင်စုခေတ်မှာ အဇာဘိုင်ဂျန်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတစ်ခု ဖြစ်လာခဲ့ပါတယ်
  • နိုင်ငံတကာက အဇာဘိုင်ဂျန်ရဲ့ အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုထားပေမဲ့ လူဦးရေအများစုက အာမေးနီးယန်းလူမျိုးစုတွေ ဖြစ်ကြပါတယ်
  • အာမေးနီးယားဘက်မှ အပါအဝင် ထိုနယ်မြေမှာ ၎င်းတို့ကိုယ်တိုင် အာဏာရှိသူများအဖြစ် ကြေညာထားသူတွေကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက အသိအမှတ်မပြုထားပါဘူး
  • ၁၉၈၈-၉၄ ခုနှစ် နှစ်နိုင်ငံစစ်ပွဲကြောင့် ခန့်မှန်းခြေ လူဦးရေတစ်သန်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရပြီး လူ ၃၀,၀၀၀ ခန့် သေဆုံးခဲ့ပါတယ်
  • ၁၉၈၈-၉၄ ခုနှစ် စစ်ပွဲကာလအတွင်း ခွဲထွက်ရေးဝါဒီတပ်ဖွဲ့တွေက အဇာဘိုင်ဂျန်အတွင်း နောက်ထပ် ပိုင်နက်နယ်မြေအချို့ကို သိမ်းပိုက်ခဲ့ပါတယ်
  • ၁၉၉၄ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီးနောက် စစ်ပွဲဟာ မတိုးသာမဆုတ်သာ အခြေအနေဖြစ်နေခဲ့ပါတယ်
  • တူရကီနိုင်ငံက အဇာဘိုင်ဂျန်ကို အတိအလင်း အားပေးထောက်ခံထားပါတယ်
  • ရုရှားနိုင်ငံက အာမေးနီးယားမှာ စစ်အခြေစိုက်စခန်းတစ်ခု ဖွင့်လှစ်ထားရှိပါတယ်

.

Share

Loading Next Article...
က္က