ဆေးဘက်ဆိုင်ရာ အသိုင်းအဝိုင်းကတော့ ထရန့်ရဲ့လုပ်ရပ်ဟာ အခြားသူတွေကို အန္တရာယ်ရှိစေကြောင်း ‌‌ဝေဖန်ခဲ့ကြပါတယ်။

COVID-19 ကူးစက်ခံရမှုကြောင့် ဆေးရုံမှာ ကုသမှုခံယူနေရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်းအားထောက်ခံသူတွေကို လက်ပြနှုတ်ဆက်ရန် ယမန်နေ့ (အောက်တိုဘာ ၄ ရက်) ညနေပိုင်းမှာ ဆေးရုံအပြင်ဘက်ကို မော်တော်ယာဥ်တန်းဖြင့် ခေတ္တထွက်ခွာခဲ့တာ တွေ့ရပါတယ်။

(Photo: Getty Images)

ဆေးဘက်ဆိုင်ရာ အသိုင်းအဝိုင်းကတော့ ထရန့်ရဲ့လုပ်ရပ်ဟာ အခြားသူတွေကို အန္တရာယ်ရှိစေကြောင်း ‌‌ဝေဖန်ခဲ့ကြပါတယ်။ ဗီဒီယိုမှာ မြင်တွေ့ရမှုအရ သမ္မတထရန့်က အနက်ရောင် SUV ကားနောက်ခန်းမှာထိုင်လျက် mask တပ်ထားပြီး လက်ပြနှုတ်ဆက်နေခဲ့ပါတယ်။



မေရီလန်းပြည်နယ် ဝါရှင်တန်ဒီစီမြို့တော်အပြင်ဘက် Bethesda မှာရှိတဲ့ Walter Reed National Military Medical Center ဆေးရုံအပြင်ဘက်မှာ စုရုံးနေကြတဲ့ ၎င်းကိုထောက်ခံသူတွေကလည်း ကောင်းချီးဩဘာပေးပြီး အလံများနဲ့ ထရန့်ကိုထောက်ခံကြောင်း စာတန်းများ ‌‌‌ဝှေ့ယမ်းနှုတ်ဆက်ခဲ့ကြပါတယ်။ ထရန့် လိုက်ပါလာတဲ့ ကားရှေ့ခန်းမှာ ယာဥ်မောင်းနဲ့ နောက်တစ်ဦးကို တွေ့ရပါတယ်။

(Photo: WSLS 10)

ပုံမှန်အားဖြင့် COVID-19 ကူးစက်ခံထားရတဲ့ လူနာတွေဟာ ၁၄ ရက်ကြာ အသွားအလာကန့်သတ်ပြီး ရောဂါခြေချုပ်ဖြင့် နေထိုင်ရန်လိုအပ်ပါတယ်။ ထို ၁၄ ရက်ဟာ လူနာထံမှ အခြားသူများသို့ COVID-19 ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကူးစက်ပျံ့နှံ့မသွားစေရန် ထိန်းချုပ်ထားရန် လိုအပ်တဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။

သမ္မတထရန်နဲ့ သမ္မတကတော် မီလန်နီယာတို့ဟာ COVID-19 ကူးစက်ခံထားရကြောင်း ကြာသပတေးနေ့ (အောက်တိုဘာ ၁ ရက်) ညပိုင်းမှာ စစ်ဆေးမှုအဖြေသိခဲ့ရပြီးနောက် ထရန့်က အောက်တိုဘာ ၂ ရက် မနက်အကူးမှာ Twitter မှတစ်ဆင့် အသိပေးခဲ့ပါတယ်။ ထို့နောက် အောက်တိုဘာ ၂ ရက်နေ့မှာပင် သမ္မတထရန့်ကို Walter Reed စစ်ဆေးရုံသို့ ရွှေ့ပြောင်းကုသခဲ့တာ ဖြစ်ပါတယ်။

(Photo: Getty Images)

အမေရိကန်သမ္မတထရန့်ဟာ အသက် ၇၄ နှစ်ရှိပြီဖြစ်ရာ အစိုးရိမ်ရဆုံး လူနာအုပ်စုမှာ ပါဝင်နေပါတယ်။ ထရန့်က ဆေးရုံအပြင်ဘက်ကိုထွက်ခဲ့ပြီးနောက် မကြာမီ Twitter မှာ ဗီဒီယိုတစ်ခု လွှင့်တင်ခဲ့ရာ "ဆေးရုံအပြင်ဘက် လမ်းမပေါ်မှာရှိနေတဲ့ ကြီးမြတ်တဲ့ မျိုးချစ်တွေကို နည်းနည်း အံ့အားသင့်အောင် လုပ်လိုက်တာပါ" လို့ ပြောထားပါတယ်။

ထို့အတူ "COVID-19 နဲ့ ပတ်သက်ပြီး တစ်ကယ့်ကို ကျောင်းတက်ပြီး လေ့လာသင်ယူခဲ့ရတယ်" လို့ ဆေးရုံမှာ ဗိုင်းရပ်စ်ကို ၎င်းတိုက်ထုတ်နေတဲ့ အခြေအနေကို ပြောခဲ့ပါတယ်။ "တစ်ကယ့်ကျောင်းတော်ကြီးပဲ၊ စာအုပ်တွေဖတ်ရတဲ့ ကျောင်းမဟုတ်ဘူး၊ ကျွန်တော် ရခဲ့တယ်၊ ကျွန်တော် ဒါကို နားလည်တယ်၊ ဒါက သိပ်စိတ်ဝင်စားစရာကောင်းတဲ့အရာပဲ" လို့ ထရန့်က ဖြည့်စွက် ပြောပါတယ်။

(Photo: AFP via Getty Images)

သမ္မတထရန့်ဟာ ဆေးရုံတက်ကုသမှုခံယူနေခဲ့ရတာ အောက်တိုဘာ ၄ ရက်နေ့မှာ တတိယမြောက်နေ့ ဖြစ်လာခဲ့ပြီဖြစ်ပြီး ၎င်းရဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားမှုအရ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်ပြီး အစောဆုံးအဖြစ် အောက်တိုဘာ ၅ ရက်မှာ ဆေးရုံဆင်းနိုင်ဖွယ်ရှိကြောင်း ပြောထားပါတယ်။

ထရန့်ကို စတီးရွိုက်ဆေးပေးထားပြီး အခြေအနေတိုးတက်၊ အောက်တိုဘာ ၅ ရက်မှာ ဆေးရုံးဆင်းနိုင်ဖွယ်ရှိ

ထရန့်ဟာ သောကြာနေ့ (အောက်တိုဘာ ၂ ရက်) နဲ့ စနေနေ့ (အောက်တိုဘာ ၃ ရက်) မှာ အောက်စီဂျင်ပမာဏ လျော့ကျနေခဲ့ပြီးနောက် ၎င်းကို စတီးရွိုက်ဆေး Dexamethasone ဖြင့် ကုသပေးနေခဲ့တယ်လို့လည်း ဆရာဝန်တွေက အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

ယခုအခါ ထရန့်နဲ့ နီးကပ်သူတွေထဲမှာ ၎င်းရဲ့ဇနီး မီလန်နီယာ အပါအဝင် ကူးစက်ခံရသူ ၁၀ ဦးရှိလာခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၇.၆ သန်းကျော်၊ သေဆုံးသူ ၂၁၄,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၄.၈ သန်းကျော်ရှိကြောင်း သိရပါတယ်။

Source: AFP, CBS, Reuters


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က