ဝန်ကြီးချုပ်ရဲ့အစည်းအ‌ဝေးကို တက်ရောက်ခဲ့တဲ့ ဝန်ကြီးတစ်ဦးထံမှာ COVID-19 ကူးစက်ခံရကြောင်း

မလေးရှားဝန်ကြီးချုပ် မူဟီဒင်ယာစင် ဦးဆောင်ပြုလုပ်ခဲ့တဲ့ အစည်းအ‌ဝေးတစ်ခုကို တက်ရောက်ခဲ့သူ ဝန်ကြီးတစ်ဦးထံမှာ COVID-19 ကူးစက်ခံရကြောင်း တွေ့ရှိရပြီးနောက် ဝန်ကြီးချုပ်ဟာ ၁၄ ရက်ကြာ နေအိမ်မှာ အသွားအလာကန့်သတ် နေထိုင်သွားမယ် (ကွာရန်တင်းဝင်) လို့ဆိုပါတယ်။

(ဝန်ကြီးချုပ်ယာစင်နှင့် ဝန်ကြီး Zulkifli) (Photo: Bernama)

စနေနေ့ (အောက်တိုဘာ ၃ ရက်) နေ့က ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်လုံခြုံရေးကောင်စီ အထူးအစည်းအဝေးကို ဝန်ကြီးချုပ်ရုံးမှ ဝန်ကြီး Zulkifli Mohamad Al-Bakri လည်း တက်ရောက်ခဲ့ကြောင်း ဝန်ကြီးချုပ်ယာစင်က ယနေ့ (အောက်တိုဘာ ၅ ရက်) ထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။ ထိုဝန်ကြီးဟာ COVID-19 ကူးစက်ခံရပြီးနောက် Seremban ရှိ ဆေးရုံတစ်ရုံမှာ ကုသမှုခံယူနေကြောင်း ဝန်ကြီးချုပ်က ဖြည့်စွက် ပြောပါတယ်။



ယခုအခါ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အကြံပြုချက်အရ ၎င်းအနေနဲ့ ၁၄ ရက်ကြာ ကိုယ်တိုင် ကွာရန်တင်းဝင်သွားမယ်လို့ ယာစင်က ဆိုပါတယ်။ "အစိုးရလုပ်ငန်းဆောင်တာတွေကို သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး၊ အိမ်ကနေ အလုပ်တွေ ဆက်လုပ်နေမှာပါ၊ ကျွန်တော် ဦးဆောင်ပြုလုပ်မယ့် အစည်းအဝေးတွေကို ဗီဒီယိုဆက်သွယ်မှုနဲ့ လုပ်သွားပါမယ်" လို့ ၎င်းက ပြောပါတယ်။

(Photo: Muhyiddin Yassin/Facebook) 

မလေးရှားဝန်ကြီးချုပ် ယာစင်ဟာ မေလအတွင်းကလည်း ၎င်းရဲ့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ အစိုးရအရာရှိတစ်ဦးထံမှာ COVID-19 တွေ့ရတာကြောင့် ၁၄ ရက်ကြာ ကွန်ရန်တင်းဝင်ခဲ့ရသေးကြောင်း သိရပါတယ်။ ဘာသာရေးဆိုင်ရာကိစ္စရပ်တွေကို တာဝန်ယူထားတဲ့ ဝန်ကြီး Zulkifli Mohamad Al-Bakri က ၎င်းမှာ COVID-19 ကူးစက်ခံထားရကြောင်း အစောပိုင်းမှာ Facebook မှတစ်တဆင့် အတည်ပြု အသိပေးခဲ့ပါတယ်။

"စက်တင်ဘာ ၂၄ ရက်ကနေ အောက်တိုဘာ ၄ ရက်အတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ ကျွန်တော် တက်ရောက်ခဲ့တဲ့ အခမ်းအနားတွေမှာ ရှိနေခဲ့ကြတဲ့ အများပြည်သူတွေကိုလည်း ကျန်းမာရေးဌာနတွေမှာ COVID-19 ချက်ချင်း စစ်ဆေးကြဖို့ တိုက်တွန်းပါတယ်" လို့ ဝန်ကြီး Zulkifli Mohamad Al-Bakri က ပြောထားပါတယ်။ အဆိုပါ ဝန်ကြီးဟာ အောက်တိုဘာ ၃ ရက်နေ့မှာ ဝန်ကြီးချုပ်ယာစင်ရဲ့ အစည်းအဝေးကို တက်ရောက်ခဲ့စဥ် COVID-19 ရောဂါလက္ခဏာများ မပြခဲ့ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန အထွေထွေညွှန်ကြားရေးမှူး Noor Hisham Abdullah ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိုဝန်ကြီးနဲ့ အနီးကပ် ထိတွေ့မှုရှိခဲ့သူ အားလုံးကို နေအိမ်မှာ အသွားအလာ ကန့်သတ်နေထိုင်ပြီး ကျန်းမာရေးစောင့်ကြည့်မှုခံယူရမယ့် Home Surveillance Order လိုက်နာရမယ်လို့ ဆိုပါတယ်။ ဝန်ကြီး Zulkifli Mohamad Al-Bakri နဲ့ အနီးကပ် ထိတွေ့မှု မရှိခဲ့သူတွေကတော့ နေအိမ်မှာ ၁၄ ရက်ကြာ ကိုယ်တိုင် ကျန်းမာရေးစစ်ဆေးမှု လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂ ရက်နေ့ အစည်းအဝေးဟာ မလေးရှားမှာ ကူးစက်မှုတွေ မြင့်တက်လာခဲ့ပြီးနောက် ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ယနေ့ ထုတ်ပြန်မှုအရ မလေးရှားမှာ ကူးစက်ခံရသူ နောက်ထပ် ၄၃၂ ဦး တိုးလာခဲ့ပြီး နေ့အလိုက် ကူးစက်မှုအမြင့်ဆုံး စံချိန်ထပ်တင်ခဲ့ပါတယ်။ မလေးရှားမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၁၂,၈၁၃ ဦးနဲ့ သေဆုံးသူ ၁၃၇ ဦးရှိခဲ့ကြောင်း CNA သတင်းက ဖော်ပြပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က