ကျန်းမာရေးအခြေအနေ ဆက်လက်တိုးတက်လျက်ရှိပြီး အိမ်ပြန်ရန် အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန်ရဲ့ ကျန်းမာရေးနောက်ဆုံးအခြေအနေကို ၎င်းရဲ့ အိမ်ဖြူတော်ဆေးဘက်ဆိုင်ရာအဖွဲ့က အောက်တိုဘာ ၅ ရက် မွန်းလွဲပိုင်း (မြန်မာစံတော်ချိန် အောက်တိုဘာ ၆ ရက် မနက် ၂ နာရီဝန်းကျင်) မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး အသိပေးခဲ့ပါတယ်။

(Photo: BBC)

သမ္မတထရန့်ဟာ အန္တရာယ်ကနေ လုံးဝ မလွတ်မြောက်သေးတာဖြစ်နိုင်ကြောင်း၊ သို့သော် စိတ်ချစွာဖြင့် အိမ်ပြန်နိုင်ပြီလို့ အိမ်ဖြူတော်ဆရာဝန် ဒေါက်တာ Sean Conley က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ထရန့်ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတစ်စုံတရာ မရှိခဲ့ကြောင်းနဲ့ ဖျားနာခြင်းမရှိတော့တာ ၇၂ နာရီကျော်ပြီလို့ ဆေးဘက်ဆိုင်ရာအဖွဲ့က ဆိုပါတယ်။ လက်ရှိမှာ ထရန့်ရဲ့ အောက်စီဂျင်ပမာဏဟာလည်း ပုံမှန်ဖြစ်နေပြီး အခြေအနေ ဆက်လက်တိုးတက်လျက်ရှိကာ အိမ်ပြန်ရန် အသင့်ဖြစ်နေပြီလို့ ဆရာဝန်တွေက ပြောပါတယ်။



ဆေးဘက်ဆိုင်ရာအဖွဲ့ရဲ့ အဆိုအရ သမ္မတထရန့်ဟာ Walter Reed National Military Medical Center စစ်ဆေးရုံမှာ ကုသမှုပြီးဆုံးပြီဖြစ်ပြီး အိမ်ဖြူတော်မှာ ဆက်လက် ကုသမှုခံယူရမယ်လို့ ဆိုပါတယ်။ ထရန့်က ဆေးရုံဆင်းလိုကြောင်း ၎င်းတို့ကို ဖိအားပေးခဲ့ခြင်းရှိ မရှိ သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာတော့ ဒေါက်တာ Sean Conley က ၎င်းတို့အနေနဲ့ လူနာတွေကို တတ်နိုင်သမျှ အမြန်ဆုံး ဆေးရုံဆင်းနိုင်ရန် ကြိုးစားကြောင်းနဲ့ လူနာတွေ မလိုအပ်ဘဲ ဆေးရုံမှာနေခြင်းက အန္တရာယ်ရှိကြောင်း ဖြေကြားခဲ့ပါတယ်။

(Photo: Reuters)

ဆေးဘက်ဆိုင်ရာအဖွဲ့က သမ္မတထရန့်ရဲ့ ပြန်လည်သက်သာ နာလန်ထူမှုအပေါ် သတိထားပြီး အကောင်မြင်ထားတယ်လို့လည်း ဒေါက်တာက ပြောပါတယ်။ သမ္မတထရန့်ဟာ COVID-19 ကူးစက်ခံရကြောင်း သိရှိပြီးနောက်ပိုင်း အောက်စီဂျင်ပမာဏ လျော့ကျမှုကြောင့် အောက်စီဂျင် နှစ်ကြိမ်ပေးခဲ့ရကြောင်း ဒေါက်တာ Sean Conley က ထုတ်ဖော်ပြောခဲ့ပါတယ်။

သောကြာနေ့ (အောက်တိုဘာ ၂ ရက်) ‌မှာ ကိုယ်ပူချိန်မြင့်တက်နေစဥ် ထရန့်ဟာ ရေဓာတ် အနည်းငယ်ကုန်ခမ်းနေခဲ့ပုံရတယ်လို့ ဆိုပါတယ်။ သမ္မတထရန့်က Walter Reed ဆေးရုံးကနေဆင်းတော့မယ်လို့ ဆရာဝန်တွေရဲ့ သတင်းစာရှင်းလင်းပွဲ စတင်ခါနီးမှာ Twitter ကနေ အသိပေးခဲ့ပါတယ်။ ဒေသစံတော်ချိန် အောက်တိုဘာ ၅ ရက် ညနေ ၆ နာရီခွဲမှာ ဆေးရုံဆင်းမယ်လို့ Twitter မှတစ်ဆင့် ထရန့်က ကြေညာခဲ့ပါတယ်။

သမ္မတထရန်နဲ့ မီလန်နီယာတို့ ကူးစက်ခံရကြောင်းကို ကြာသပတေးနေ့ (အောက်တိုဘာ ၁ ရက်) ညပိုင်းမှာ အဖြေသိခဲ့ရပြီးနောက် သောကြာနေ့ (အောက်တိုဘာ ၂ ရက်) မနက်အကူးမှာ ထရန့်က Twitter မှတစ်ဆင့် အသိပေးခဲ့ပါတယ်။ သမ္မတထရန့်ကို အောက်စီဂျင်ပမာဏ လျော့ကျမှုကြောင့် အိမ်ဖြူတော်မှာ အောက်စီဂျင်ပေးခဲ့ပြီးနောက် အောက်တိုဘာ ၂ ရက်နေ့မှာတော့ ဝါရှင်တန်ဒီစီအပြင်ဘက်ရှိ Walter Reed National Military Medical Center စစ်ဘက်ဆေးရုံသို့ ရွှေ့ပြောင်းကုသပေးခဲ့ပါတယ်။

၎င်းရဲ့ဇနီး မီလန်နီယာကတော့ အိမ်ဖြူတော်မှာပင် ဆက်လက် နေထိုင်လျက်ရှိပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း သိရပါတယ်။ ထရန့်က Walter Reed ဆေးရုံမှာရှိနေစဥ် အောက်တိုဘာ ၄ ရက်နေ့က ယာဥ်တန်းဖြင့် ဆေးရုံအပြင်သို့ ခေတ္တထွက်ပြီး ၎င်းအားထောက်ခံသူတွေကို လက်ပြနှုတ်ဆက်ခဲ့ပါသေးတယ်။ အမေရိကန်သမ္မတထရန့်ဟာ အသက် ၇၄ နှစ်ရှိပြီဖြစ်ရာ အစိုးရိမ်ရဆုံး လူနာအုပ်စုမှာ ပါဝင်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က