ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေ မကြာခင် ပြန်လုပ်မယ်လို့ ထရန့်က Twitter မှာ ရေးသားထားပါတယ်။

COVID-19 ကူးစက်ခံရပြီးနောက် စစ်ဘက်ဆေးရုံမှာ တက်ရောက်ကုသခဲ့ရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ လေးရက်မြောက်နေ့မှာ ဆေးရုံဆင်းပြီး အိမ်ဖြူတော်ကို ပြန်ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

(Photo: Evan Vucci/AP)

ထရန့်ဟာ အောက်တိုဘာ ၂ ရက်နေ့မှာ ဝါရှင်တန်ဒီစီ အပြင်ဘက်ရှိ Walter Reed National Military Medical Center စစ်ဆေးရုံသို့ တက်ရောက်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၅ ရက် ဒေသစံတော်ချိန် ညနေပိုင်းမှာ ဆေးရုံဆင်းခဲ့ပြီး အိမ်ဖြူတော်သို့ ပြန်လည်‌ရောက်ရှိခဲ့ကြောင်း သိရပါတယ်။



၎င်းရဲ့ဆရာဝန် ဒေါက်တာ Sean Conley က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားမှုအရ သမ္မတထရန့်ဟာ Walter Reed ဆေးရုံမှာ ကုသမှုပြီးဆုံးပြီဖြစ်ကာ အိမ်ဖြူတော်မှာ ဆက်လက် ကုသမှုခံယူရမယ်လို့ ဆိုပါတယ်။ သမ္မတထရန့်က ဆေးရုံကနေထွက်လာစဥ် လက်သီးဆုပ်ပြခဲ့ကာ ၎င်းရဲ့ကားဆီကို လမ်းလျှောက်သွားခဲ့ပါတယ်။ ကားပေါ်မတက်မီမှာလည်း ထရန့်က လက်မထောင်ပြပြီး လက်သီးဆုပ်ပြခဲ့ကာ အဆင်ပြေကြောင်း ပြသခဲ့ပါသေးတယ်။

ထို့နောက် ထရန့်ကို အိမ်ဖြူတော်သို့ ပြန်လည်ပို့ဆောင်မယ့် Marine One ရဟတ်ယာဥ်ရှိရာသို့ ယာဥ်တန်းဖြင့် ထွက်ခွာသွားခဲ့ပါတယ်။ Marine One ရဟတ်ယာဥ်ဖြင့် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာခဲ့တဲ့ ထရန့်က ရဟတ်ယာဥ်ပေါ်မှဆင်းပြီး မြက်ခင်းပြင်ကိုဖြတ်ကာ လမ်းလျှောက်သွာရင်း သတင်းမီဒီယာနဲ့ ၎င်းကို စောင့်ကြိုနေသူတွေကို လက်ပြနှုတ်ဆက်ခဲ့ပါတယ်။

အိမ်ဖြူတော်လှေခါးထစ်များအတိုင်း တက်သွားခဲ့ပြီးနောက် ဝရန်တာနေရာအရောက်မှာတော့ ထရန့်က ၎င်းရဲ့ mask ကိုဖြုတ်ကာ အင်္ကျီအိတ်ထဲထိုးထည့်လိုက်ပြီး ဓာတ်ပုံအရိုက်ခံခဲ့တာ တွေ့ရပါတယ်။ ထို့နောက် ထရန့်က လက်မနှစ်ချောင်းထောင်ပြခဲ့ပြီး Marine One ရဟတ်ယာဥ်ကို အလေးပြုခဲ့တာလည်း ဗီဒီယိုထဲမှာ တွေ့ရပါတယ်။

(Photo: Bloomberg)

အစောပိုင်းမှာ ထရန့်က ၎င်းဆေးရုံဆင်းတော့မယ်လို့ Twitter မှာ ကြေညာထားခဲ့ပြီး အမှန်တစ်ကယ် နေကောင်းကြောင်းနဲ့ COVID-19 ကို မကြောက်ကြရန်လည်း ပြောခဲ့ပါသေးတယ်။ ထို့အတူ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေ မကြာခင် ပြန်လုပ်မယ်လို့ ထရန့်က Twitter မှာ ရေးသားထားပါတယ်။

COVID-19 ကူးစက်ခံရပြီးနောက်ပိုင်း သမ္မတထရန့်ကို အောက်စီဂျင် နှစ်ကြိမ်ပေးခဲ့ကြောင်းနဲ့ ဆေးရုံမှာ စတီးရွိုက်ဆေး Dexamethasone ဖြင့် ကုသပေးနေခဲ့ကြောင်း ဆရာဝန်တွေက သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပါတယ်။ ဒါ့အပြင် Monoclonal ပဋိပစ္စည်းကုထုံးနဲ့ Remdesivir ထိုးဆေးကိုလည်း အသုံးပြုခဲ့ကြောင်း သိရပါတယ်။ 

(Photo: Alex Brandon/AP)

သမ္မတထရန်နဲ့ မီလန်နီယာတို့ ကူးစက်ခံရကြောင်းကို ကြာသပတေးနေ့ (အောက်တိုဘာ ၁ ရက်) ညပိုင်းမှာ အဖြေသိခဲ့ရပြီးနောက် သောကြာနေ့ (အောက်တိုဘာ ၂ ရက်) မနက်အကူးမှာ ထရန့်က Twitter မှတစ်ဆင့် အသိပေးခဲ့ပါတယ်။ သမ္မတထရန့်ကို အောက်စီဂျင်ပမာဏ လျော့ကျမှုကြောင့် အိမ်ဖြူတော်မှာ အောက်စီဂျင်ပေးခဲ့ပြီးနောက် အောက်တိုဘာ ၂ ရက်နေ့မှာတော့ ဝါရှင်တန်ဒီစီအပြင်ဘက်ရှိ Walter Reed National Military Medical Center စစ်ဘက်ဆေးရုံသို့ ရွှေ့ပြောင်းကုသပေးခဲ့တာ ဖြစ်ပါတယ်။

(Photo: Evan Vucci/AP)

ထိုအတောအတွင်း အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအရာရှိ Kayleigh McEnany က သူမထံမှာ COVID-19 ကူးစက်ခံထားရကြောင်း အောက်တိုဘာ ၅ ရက်နေ့က Twitter မှာ အတည်ပြု ပြောကြားခဲ့ပါတယ်။ သူမအပြင် အိမ်ဖြူတော် ဝန်ထမ်နှစ်ဦးနဲ့ စက်တင်ဘာ ၂၆ ရက်နေ့ Rose Garden မှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားကို တက်ရောက်ခဲ့သူ သင်းအုပ်ဆရာတစ်ဦးလည်း ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိရပြီး ပါယခုအခါ သမ္မတထရန်နဲ့ နီးကပ်သူတွေအနက် ဇနီးဖြစ်သူ မီလန်နီယာ အပါအဝင် ကူးစက်ခံရသူ ၁၃ ဦးထက်မနည်းရှိပြီ ဖြစ်ပါတယ်။

(Photo: (J. Scott Applewhite/AP)

အမေရိကန်သမ္မတထရန့်ဟာ အသက် ၇၄ နှစ်ရှိပြီဖြစ်ရာ အစိုးရိမ်ရဆုံး လူနာအုပ်စုမှာ ပါဝင်နေပါတယ်။ အမေရိကန်မှာ ရွေးကောက်ပွဲကျင်းပရန် တစ်လခန့်သာလိုတော့ပြီး ထရန့် အလုပ်များပြားနေချိန်မှာ ၎င်းတို့ဇနီးမောင်နှံ COVID-19 ကူးစက်ခံခဲ့ရပါတယ်။ အမေရိကန်နိုင်ငံဟာ ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၇.၆ သန်းကျော်၊ သေဆုံးသူ ၂၁၄,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၄.၈ သန်းကျော်ရှိကြောင်း သိရပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က