ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပြီးနောက် ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်ခဲ့ပါတယ်။

အာရှအလယ်ပိုင်းမှ ကာဂျစ်စတန်နိုင်ငံမှာ အကြမ်းဖက် ဆန္ဒပြမှုတွေ အပြင်းအထန် ပေါ်ပေါက်လာခဲ့ပြီးနောက် ရွေးကောက်ပွဲကော်မရှင် လွှတ်တော်ရွေးကောက်ပွဲရလဒ်တွေကို ယနေ့ (အောက်တိုဘာ ၆ ရက်) ပယ်ဖျက်လိုက်ပြီး အတိုက်အခံတွေက အာဏာရရှိလာခဲ့ကြောင်း သိရပါတယ်။

(လွှတ်တော်အဆောက်အအုံအတွင်း ဝင်ရောက်ရန်ကြိုးပမ်းကြစဥ်) (Photo: EPA)

လက်ရှိမှာ အတိုက်အခံအုပ်စုမှ Sadyr Japarov ကို ခေတ္တဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ ဆန္ဒပြသူတွေက ၎င်းကို အကျဥ်းထောင်မှ လွှတ်ပေးခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ ခေတ္တဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်တာလည်း ဖြစ်ပါတယ်။ ကာဂျစ်စတန်ဝန်ကြီးချုပ် Kubatbek Boronov က ဆန္ဒပြမှုတွေပေါ်ပေါက်လာပြီးနောက် အစောပိုင်းမှာ ရာထူးမှနုတ်ထွက်သွားခဲ့ပါတယ်။



ထိုအတောအတွင်း သမ္မတ Sooronbai Jeenbekov က ရာထူးမှဆင်းပေးရန် အသင့်ရှိကြောင်း အရိပ်အမြွက် ပြောခဲ့ပါတယ်။ အားကောင်းတဲ့ ခေါင်းဆောင်တွေကို တာဝန်လွှဲပေးရန် အသင့်ရှိနေကြောင်း သမ္မတ Jeenbekov က BBC သတင်းဌာနကို ပြောခဲ့ပါတယ်။ သို့သော် မည်သူတွေကို ၎င်းရဲ့စိတ်ထဲမှာ ရည်မှန်းထားကြောင်းကိုတော့ ထုတ်ဖော်ပြောခဲ့ခြင်း မရှိပါဘူး။ နောက်ဆုံးသတင်းတွေအရ အတိုက်အခံအုပ်စုက လုံခြုံရေးတပ်ဖွဲ့တွေကို ထိန်းချုပ်ထားကြောင်း သိရပါတယ်။

(ခေတ္တဝန်ကြီးချုပ်ဖြစ်လာသည့် Sadyr Japarov) (Photo: RT)

ယမန်နေ့ (အောက်တိုဘာ ၅ ရက်) ညပိုင်းက ကာဂျစ်စတန်မှာ ဆန္ဒပြသူတွေက လွှတ်တော်အဆောက်အအုံအတွင်း ချိုးဖျက်ဝင်ရောက်ခဲ့ကြပြီး ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေက ရွေးကောက်ပွဲအသစ်ပြုလုပ်ရန် တောင်းဆိုနေခဲ့ကြပါတယ်။ ဆန္ဒပြအဓိကရုဏ်းများအတွင်း လူဦးရေ ရာနဲ့ချီ ဒဏ်ရာရခဲ့ကြပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

နိုင်ငံရေးအင်အားစုတွေဟာ အာဏာကို တရားမဝင်နည်းလမ်းဖြင့် ရယူရန်ကြိုးပမ်းနေကြောင်း သမ္မတ Jeenbekov က စွပ်စွဲခဲ့ပြီးနောက် မကြာမီမှာပင် ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း ကြေညာလိုက်တာဖြစ်ပါတယ်။ တနင်္ဂနွေနေ့ (အောက်တိုဘာ ၄ ရက်) ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီ ၁၆ အနက် ပါတီလေးခုကသာ လွှတ်တော်အမတ်နေရာအတွက် အနိုင်ရခဲ့ကြတယ်လို့ ဆိုပါတယ်။

(သမ္မတ Sooronbai Jeenbekov) (Photo: Reuters)

လွှတ်တော်အမတ်နေရာရရှိခဲ့တဲ့ ပါတီလေးခုမှာလည်း သုံးခုဟာ သမ္မတ Jeenbeko နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိထားကြကြောင်း သိရပါတယ်။ ရွေးကောက်ပွဲအပြီး ဆန္ဒပြမှုများအတွင်း ဆန္ဒပြသူတွေက လွှတ်တော်အပြင် အခြား အစိုးရအဆောက်အအုံများကိုလည်း စီးနင်းဝင်ရောက်ခဲ့ကြပြီး နာမည်ကြီး လူသိများတဲ့ အကျဥ်းသားအများအပြားကို လွှတ်ပေးခဲ့မှုရှိခဲ့ပါတယ်။

ယနေ့ အစောပိုင်းမှာ သမ္မတ Jeenbeko က နိုင်ငံရေးအင်အားစုအချို့ဟာ အများပြည်သူဆိုင်ရာ အမိန့်ကိုချိုးဖောက်ရန် ရွေးကောက်ပွဲရလဒ်ကို အကြောင်းပြချက်တစ်ခုအဖြစ် အသုံးချနေကြောင်း စွပ်စွဲခဲ့ပါတယ်။ "သူတို့က ရဲတပ်ဖွဲ့ အမိန့်ညွှန်ကြားချက်ကို မလိုက်နာကြဘူး၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို ရိုက်နှက်တိုက်ခိုက်ပြီး အဆောက်အအုံတွေကို ဖျက်ဆီးခဲ့ကြတယ်" လို့ သမ္မတ Jeenbeko က ပြောဆိုခဲ့ပါတယ်။

(ကာဂျစ်စတန် လွှတ်တော်အဆောက်အအုံ) (Photo: Reuters)

အခြေအနေတွေ ပိုဆိုးမလာစေရန် ဖြစ်နိုင်တဲ့ စီမံဆောင်ရွက်မှုအားလုံးကို လုပ်ဆောင်မှာဖြစ်ကြောင်းနဲ့ အတိုက်အခံပါတီတွေ အနေနဲ့ ၎င်းတို့ရဲ့ ထောက်ခံသူတွေကို တည်ငြိမ်အေးချမ်းစွာနေရန်နဲ့ လူစုလူဝေးမလုပ်ရန် ပြောကြဖို့ Jeenbeko က တိုက်တွန်းခဲ့ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေချိုးဖောက်မှုရှိ မရှိကို စုံစမ်းစစ်ဆေးမှု လုပ်ဆောင်မယ်လို့လည်း သမ္မတက ဆိုပါတယ်။

သမ္မတ Jeenbeko က ထိုသို့ ပြောကြားခဲ့ပြီးနောက်မှာ ဗဟိုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရလဒ်တွေကို မခိုင်လုံကြောင်း သတ်မှတ်ဆုံးဖြတ်ကာ ပယ်ဖျက်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ လွှတ်တော်ရွေးကောက်ပွဲများအပြီး နောက်တစ်ရက်ဖြစ်တဲ့ အောက်တိုဘာ ၅ ရက်နေ့က ကာဂျစ်စတန်မြို့တော် Bishkek မြို့ရဲ့ Ala-Too ရင်ပြင်မှာ ဆန္ဒပြသူ ၅,၀၀၀ ခန့် စုံရုံးခဲ့ကြပြီး ရွေးကောက်ပွဲရလဒ်တွေကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

(Ala-Too ရင်ပြင်မှ ဆန္ဒပြသူများ) (Photo: EPA)

ထိုနေ့ ညနေပိုင်းအထိ ဆန္ဒပြသူတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြနေခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ လူအုပ်စုငယ်တစ်ခုက ဂိတ်တံခါးကိုဖျက်ပြီး လွှတ်တော်အဆောက်အအုံအတွင်းသို့ ဝင်ရောက်ရန်ကြိုးပမ်းခဲ့ကြတယ်လို့ ထိုနေရာမှာရောက်ရှိနေခဲ့တဲ့ BBC သတင်းထောက် Almaz Tchoroev က သတင်းပေးပို့ခဲ့ကြောင်း သိရပါတယ်။

ရဲတပ်ဖွဲ့က မြို့လယ်ရင်ပြင်နဲ့ ပတ်ဝန်ကျင်းနေရာများရှိ ဆန္ဒပြသူတွေကို ရေအမြောက်၊ မီးခိုးဗုံးနဲ့ မျက်ရည်ယိုဗုံးများသုံးပြီး လူစုခွဲရန် လုပ်ဆောင်ခဲ့ကြပါတယ်။ သို့သော် ဆန္ဒပြသူတွေက မြို့လယ်ရင်ပြင်သို့ တစ်ကျော့ပြန် စုရုံးချီတက်လာခဲ့ကြပြီးနောက် လွှတ်တော်အဆောက်အအုံကို စီးနင်းဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြကြောင်း သိရပါတယ်။ ကာဂျစ်စတန်မှာ လက်ရှိသမ္မတ Jeenbeko က ၂၀၁၇ ခုနှစ်မှာ ရွေးကောက်ခံခဲ့ရတာ ဖြစ်ပါတယ်။

(Map: BBC)

ယခုနှစ်ရွေးကောက်ပွဲမှာ ပါတီ ၁၆ ခုက ကာဂျစ်စတန်လွှတ်တော် (Supreme Council) မှာ အမတ်နေရာ ၁၂၀ အတွက် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာ ပါတီလေးခုကသာ သတ်မှတ်ထားတဲ့ မဲအရေအတွက် ၇ ရာခိုင်နှုန်းကို ကျော်လွန်ရရှိခဲ့ပါတယ်။ ထိုပါတီတွေအနက် မဲအရေအတွက် လေးပုံတစ်ပုံစီ ရရှိခဲ့ကြတဲ့ Birimdik နဲ့ Mekenim Kyrgyzstan ပါတီတို့က သမ္မတ Jeenbekov နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိထားတယ်လို့ ဆိုပါတယ်။ ကာဂျစ်စတန်ရွေးကောက်ပွဲမှာ မဲဝယ်မှုအပါအဝင် မသမာမှုတွေရှိခဲ့ကြောင်း စွပ်စွဲမှုတွေရှိနေခဲ့ပါတယ်။

ကာဂျစ်စတန်နိုင်ငံနဲ့ အချက်အလက်အချို့

  • အာရှအလယ်ပိုင်းရှိ နိုင်ငံငါးခုအနက် အသေးဆုံးဆုံး နိုင်ငံဖြစ်ပြီး ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စတန်နဲ့ တရုတ် နိုင်ငံတွေနဲ့ နယ်နမိတ်ထိစပ်တည်ရှိပါတယ်
  • ဆိုဗီယက်ပြည်ထောင်စု မပြိုကွဲခင်အချိန်က Kara-Kirgiz ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေအဖြစ် အသိအမှတ်ပြုထားခဲ့ကြတာ ဖြစ်ပါတယ်
  • ၁၉၉၁ ခုနှစ်မှာ လွတ်လပ်ရေးကြေညာပြီးနောက် ယခုလက်ရှိ နိုင်ငံအမည် ကာဂျစ်စတန် (Kyrgyzstan) အဖြစ် သတ်မှတ်ခဲ့ပါတယ်
  • ယခင်က လူထုအုံကြွမှုများဖြင့် ၂၀၀၅ ခုနှစ်မှာ သမ္မတ Askar Akayev နဲ့ ၂၀၁၀ ခုနှစ်မှာ သမ္မတ Kurmanbek Bakiyev တို့ကို ရာထူးမှ ဖြုတ်ချခဲ့ပါတယ်
  • အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဥ်ပါက လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ခဲ့မှုအတွက် နာမည်ဂုဏ်သတင်းကောင်းရှိထားပါတယ်

Source: The Guardian, Independent, BBC

Share

Loading Next Article...
က္က