လာမယ့်လအတွင်း နိုင်ငံနဲ့နယ်မြေ ၁၂ ကို ခရီးသွားလာခွင့် တားမြစ်ပိတ်ပင်ထားမှု ရုပ်သိမ်းသွားမှာ ဖြစ်ပါတယ်။

ဂျပန်က တရုတ်နဲ့ အခြား ၁၁ နိုင်ငံသို့ ခရီးသွားလာမှု တားမြစ်ပိတ်ပင်ထားမှုကို လာမယ့်လအတွင်း ရုပ်သိမ်းသွားရန် ပြင်ဆင်နေကြောင်း Yomiuri သတင်းစာက ယနေ့ (အောက်တိုဘာ ၈ ရက်) ဖော်ပြပါတယ်။

(Photo: Reuters)

အခြား နိုင်ငံနဲ့ နယ်မြေ ၁၁ ခုမှာ ထိုင်ဝမ်၊ ဩစတြေးလျ၊ နယူးဇီလန်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဗီယက်နမ်နဲ့ မလေးရှားတို့ ပါဝင်ကြောင်း Yomiuri က ဆိုပါတယ်။ ဂျန်ပန်အစိုးရက လက်ရှိမှာ နိုင်ငံနဲ့ နယ်မြေ ၁၅၉ ခုကို ခရီးသွားလာခွင့် ပိတ်ပင်ထားပါတယ်။ ခရီးသွားလာခွင့်ပြုသွားမယ့် နိုင်ငံနဲ့ နယ်မြေ ၁၂ သို့လည်း မလိုအပ်ဘဲနဲ့ အရေးတကြီးမဟုတ်တဲ့ ခရီးသွားမှုတွေ ရှောင်ကြဥ်ကြရန် ဂျပန်အစိုးရက အကြံပြုထားပါတယ်။



လူဦးရေ ၁၂၆ သန်းရှိတဲ့ ဂျပန်နိုင်ငံဟာ ၂၀၂၁ ခုနှစ်အတွင်း မတူညီတဲ့ COVID-19 ကာကွယ်ဆေး ငါးမျိုးကို အရေအတွက် ၅၂၁ သန်းရရှိမယ်လို့ ဆိုပါတယ်။ ဂျပန်အစိုးရက စီးပွားရေးလုပ်ငန်းကိစ္စဖြင့် လာရောက်ကြတဲ့ ခရီးသည်တွေကို သီတင်းနှစ်ပတ်ကြာ ကိုယ်တိုင် အသွားအလာကန့်သတ်နေထိုင်ရန် လိုအပ်ကြောင်း သတ်မှတ်ထားတယ်လို့ Nikkei သတင်းဌာနက ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၇ ရက်) မှာ ပြောပါတယ်။

(Photo: Reuters)

စည်းမျဥ်းအသစ်တွေဟာ ဂျပန်ကိုပြန်လာတဲ့ နိုင်ငံသားတွေနဲ့ ကာလရှည်နေထိုင်ခွင့် ဗီဇာကိုင်ဆောင်ထားသူများအတွက် အကျုံးဝင်ကြောင်း၊ အချို့ကတော့ လေဆိပ်မှာ စစ်ဆေးမှုအပေါ်မူတည်ပြီး အသွားအလာကန့်သတ်နေထိုင်ရမယ့် စည်းမျဥ်းကနေ ကင်းလွတ်ခွင့်ရမယ်လို့ ဆိုပါတယ်။ ကင်းလွတ်ခွင့်ရသူ အများအပြားရှိလိမ့်မှာဖြစ်ကြောင်း၊ သို့သော် ကိန်းဂဏန်းတွေကိုတော့ Nikkei က အတိအကျ မဖော်ပြထားပါဘူး။

ထိုသို့ ကင်းလွတ်ခွင့်ရမယ့်သူတွေဟာ ဂျပန်ကို ပြန်လည်ဝင်ရောက်လာပါက ခရီးသွားရာဇဝင်နဲ့ COVID-19 မရှိကြောင်း ဆေးစစ်မှုအဖြေတို့ကို တင်ပြရမှာဖြစ်ပြီး အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုခွင့်မရှိဘူးလို့ Nikkei သတင်းက ပြောပါတယ်။ ဂျပန်က တောင်ကိုရီးယားနဲ့ ဗီယက်နမ်ကဲ့သို့ နိုင်ငံများကို အသွားအပြန် ခရီးသွားခွင့်ပြုထားပြီဖြစ်ကာ ယခုလမှစပြီး ဂျပန်မှာ ကာလရှည်ကြာ အခြေချနေထိုင်သူတွေကို ပြန်လည်ဝင်ရောက်ခွင့်ပြုထားကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က