အီရန် ကျေးရွာများသို့ အမြောက်ဆန်များရောက်ရှိခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ပါတယ်။

အီရန်နိုင်ငံက ၎င်းရဲ့အိမ်နီးချင်းတွေဖြစ်တဲ့ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယား နှစ်နိုင်ငံကြား လတ်တလော တိုက်ခိုက်မှုက ဒေသတွင်းစစ်ပွဲတစ်ခုအဖြစ် အရှိန်မြင့်တက်လာနိုင်ကြောင်း သတိပေးလိုက်ပါတယ်။

ကျွန်တော်တို့ရဲ့ ဦးစားပေးက ကျွန်တော်တို့ မြို့တွေနဲ့ ကျေးရွာတွေ ဘေးကင်းလုံခြုံရေးပါ


(အီရန်သမ္မတရိုဟာနီ) (Photo: Getty Images)

Nagorno-Karabakh နယ်မြေ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားတို့ တိုက်ပွဲများဖြစ်ပွားနေခဲ့တာ သီတင်းတစ်ပတ်ကျော်ရှိလာပြီးနောက် အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက ‌‌ဒေသတွင်း တည်ငြိမ်မှုပြန်ရမယ်လို့ မျှော်လင့်ထားကြောင်း ပြောခဲ့ပါတယ်။ နိုင်ငံတကာက ထိုနယ်မြေကို အဇာဘိုင်ဂျန်ရဲ့ အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုထားပေမဲ့ အာမေးနီးယန်းလူမျိုးစုတွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ နှစ်နိုင်ငံကြား တိုက်ခိုက်မှုတွေဟာ ဆယ်စုနှစ်များအတွင်း အဆိုးဆုံးဖြစ်လာပြီး နှစ်ဘက်လုံးက အကြမ်းဖက်မှုအတွက် အပြန်အလှန် အပြစ်တင်နေကြပါတယ်။

"အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်ကြား စစ်ပွဲက ‌ဒေသတွင်း စစ်ပွဲတစ်ခု ဖြစ်မလာဖို့ ကျွန်တော်တို့ အာရုံစိုက်ရမယ်" လို့ အီရန်သမ္မတ ရိုဟာနီက ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၇ ရက်) မှာ ပြောခဲ့ပါတယ်။ "ငြိမ်းချမ်းရေးက ကျွန်တော်တို့အလုပ်ရဲ့ အခြေခံဖြစ်ပြီး ငြိမ်းချမ်းတဲ့နည်းလမ်းတစ်ခုနဲ့ ဒေသတွင်း တည်ငြိမ်မှုပြန်ရမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" လို့ ၎င်းက ဖြည့်စွက် ပြောပါတယ်။

(Photo: Getty Images)

အီရန်မြေပေါ်သို့ အမြောက်ဆန်များနဲ့ ဒုံးကျည်များ လမ်းကြောင်းလွဲ ကျရောက်မှုတွေအတွက် လုံးဝ လက်ခံမှာမဟုတ်ကြောင်းလည်း သမ္မတရိုဟာနီက ဆိုပါတယ်။ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့နဲ့ နိုင်ငံမြောက်ပိုင်းမှာ နယ်နမိတ်ထိစပ်နေတဲ့ အီရန်နိုင်ငံအတွင်းရှိ ကျေးရွာများသို့ အမြောက်ဆန်များရောက်ရှိခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ပြီးနောက် သမ္မတရိုဟာနီရဲ့ မှတ်ချက်ပြုမှု ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်ကြား စစ်ပွဲက ‌ဒေသတွင်း စစ်ပွဲတစ်ခု ဖြစ်မလာဖို့ ကျွန်တော်တို့ အာရုံစိုက်ရမယ်

"ကျွန်တော်တို့ရဲ့ ဦးစားပေးက ကျွန်တော်တို့ မြို့တွေနဲ့ ကျေးရွာတွေ ဘေးကင်းလုံခြုံရေးပါ" လို့ သမ္မတရိုဟာနီက ပြောပါတယ်။ အီရန်နယ်ခြားစောင့်တပ်ဖွဲ့ အကြီးအကဲ Qasem Rezaei ကလည်း တိုက်ခိုက်မှုဖြစ်ပွားနေတဲ့ နယ်စပ်တစ်လျှောက် တပ်ဖွဲ့တွေကို ဖြန့်ကျက်ချထားတယ်လို့ ဆိုပါတယ်။

(Photo: AFP)

"တိုက်ပွဲတွေ စဖြစ်ခဲ့ပြီးနောက်ပိုင်း အမြောက်ဆန်နဲ့ ဒုံးကျည် အတော်များများ အီရန်ပိုင်နက်ထဲ ကျရောက်ခဲ့ပါတယ်၊ ကျွန်တော်တို့ရဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေက သတိထားပြီး စောင့်ကြည့်နေပါတယ်၊ လိုအပ်တဲ့ စုဖွဲ့ဖြန့်ကျက်မှုတွေ လုပ်ထားပါတယ်၊ နယ်စပ်တွေကို အပြည့်အဝ စောင့်ကြည့်ထိန်းချုပ်ထားပါတယ်" လို့ Qasem Rezaei က ပြောကြောင်း Tasnim သတင်းဌာနက ဖော်ပြပါတယ်။

ထိုအတောအတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား တိုက်ခိုက်နေမှုကို အဆုံးသတ်ကြရန် ဖြစ်ရပ်ဆိုးတစ်ခုဖြစ်ကြောင်း အောက်တိုဘာ ၇ ရက်မှာ ပြောကြားခဲ့ပါတယ်။ "ကျွန်တော်တို့ အလွန်စိုးရိမ်ပါတယ်၊ ဒီပဋိပက္ခဟာ မကြာခင် ပြီးဆုံးသွားမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ လူတွေ သေနေကြတယ်၊ နှစ်ဘက်လုံးမှာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ရှိပါတယ်" လို့ ရုရှားသမ္မတပူတင်က ပြောပါတယ်။

(Photo: Zee News)

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား စက်တင်ဘာ ၂၇ ရက်နေ့မှာ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ နှစ်ဘက်လုံးက တရားဝင် ထုတ်ပြန်ထားမှုအရ စုစုပေါင်း လူ ၃၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ သို့သော် တိုက်ပွဲတွေကြောင့် စစ်သားများနဲ့ အရပ်သားများ အမှန်တစ်ကယ် သေဆုံးမှုအရေအတွက်ဟာ နှစ်နိုင်ငံက ထုတ်ပြန်ထားမှုထက် များစွာပိုမိုနိုင်ကြောင်း စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

ကျွန်တော်တို့ အလွန်စိုးရိမ်ပါတယ်၊ ဒီပဋိပက္ခဟာ မကြာခင် ပြီးဆုံးသွားမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ လူတွေ သေနေကြတယ်၊ နှစ်ဘက်လုံးမှာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ရှိပါတယ်

နှစ်နိုင်ငံကြား တိုက်ပွဲအရှိန်မြင့်လာမှုနဲ့အတူ မြို့ကြီးတွေကိုလည်း တိုက်ခိုက်မှုတွေ ရှိလာခဲ့ပါတယ်။ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ဟာ Nagorno-Karabakh နယ်မြေအရေး ၁၉၈၈-၉၄ ခုနှစ်အတွင်း စစ်ပွဲဖြစ်ပွားခဲ့ပြီး နောက်ဆုံးမှာ နှစ်ဖက်အပစ်အခတ် ရပ်စဲကြောင်းကြေညာထားခဲ့ကြပါတယ်။

သို့သော် နယ်မြေအငြင်းပွားမှုအပေါ် အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား ပြေလည်မှုမရရှိထားခဲ့သေးကြောင်း သိရပါတယ်။ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ဟာ ၁၉၉၁ ခုနှစ်မှာ ပြိုကွဲသွားခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့ အဖွဲ့ဝင်နိုင်ငံတွေလည်း ဖြစ်ခဲ့ပါတယ်။ အဆိုပါ နှစ်နိုင်ငံဟာ Nagorno-Karabakh နယ်မြေအ‌ရေး ဆယ်စုနှစ်လေးခုကြာ မဖြေရှင်းနိုင်တဲ့ အငြင်းပွားမှုဖြစ်နေခဲ့ကြပါတယ်။

Nagorno-Karabakh နယ်မြေဆိုင်ရာ အချက်အလက်များ

  • ဧရိယာအကျယ်အဝန်း ၁,၇၀၀ စတုရန်းမိုင်ရှိတဲ့ တောင်တန်းနယ်မြေတစ်ခု ဖြစ်ပါတယ်
  • အစဥ်အလာအရ အာမေးနီးယန်း ခရစ်ယာန်တွေနဲ့ တာ့ခ်စ် (Turks) မွတ်စလင်မ်များ နေထိုင်ကြပါတယ်
  • ဆိုဗီယက်ပြည်ထောင်စုခေတ်မှာ အဇာဘိုင်ဂျန်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတစ်ခု ဖြစ်လာခဲ့ပါတယ်
  • နိုင်ငံတကာက အဇာဘိုင်ဂျန်ရဲ့ အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုထားပေမဲ့ လူဦးရေအများစုက အာမေးနီးယန်းလူမျိုးစုတွေ ဖြစ်ကြပါတယ်
  • အာမေးနီးယားဘက်မှ အပါအဝင် ထိုနယ်မြေမှာ ၎င်းတို့ကိုယ်တိုင် အာဏာရှိသူများအဖြစ် ကြေညာထားသူတွေကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက အသိအမှတ်မပြုထားပါဘူး
  • ၁၉၈၈-၉၄ ခုနှစ် နှစ်နိုင်ငံစစ်ပွဲကြောင့် ခန့်မှန်းခြေ လူဦးရေတစ်သန်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရပြီး လူ ၃၀,၀၀၀ ခန့် သေဆုံးခဲ့ပါတယ်
  • ၁၉၈၈-၉၄ ခုနှစ် စစ်ပွဲကာလအတွင်း ခွဲထွက်ရေးဝါဒီတပ်ဖွဲ့တွေက အဇာဘိုင်ဂျန်အတွင်း နောက်ထပ် ပိုင်နက်နယ်မြေအချို့ကို သိမ်းပိုက်ခဲ့ပါတယ်
  • ၁၉၉၄ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီးနောက် စစ်ပွဲဟာ မတိုးသာမဆုတ်သာ အခြေအနေဖြစ်နေခဲ့ပါတယ်
  • တူရကီနိုင်ငံက အဇာဘိုင်ဂျန်ကို အတိအလင်း အားပေးထောက်ခံထားပါတယ်
  • ရုရှားနိုင်ငံက အာမေးနီးယားမှာ စစ်အခြေစိုက်စခန်းတစ်ခု ဖွင့်လှစ်ထားရှိပါတယ်

Share

Loading Next Article...
က္က