ထရန့်ဟာ ရောဂါလက္ခဏာမရှိတော့တာ ၂၄နာရီကျော်ပြီဖြစ်ပြီး ဘဲဥပုံရုံးခန်းမှာ အလုပ်ပြန်လုပ်နေပြီ ဖြစ်ပါတယ်။

COVID-19 ကူးစက်ခံရမှုကြောင့် စစ်ဘက်ဆေးရုံမှာ ကုသမှုခံယူခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ သီတင်းပတ်တစ်ပတ်မပြည့်မီ အိမ်ဖြူတော် ဘဲဥပုံရုံးခန်းမှာ အလုပ်ပြန်လုပ်နေပြီဖြစ်ပြီး ၎င်းထံမှာ ရောဂါလက္ခဏာမရှိတော့တာ ၂၄ နာရီကျော်ပြီလို့ ဆိုပါတယ်။

(Photo: @realDonaldTrump/Twitter)

ထရန့်က ၎င်းထံမှာ COVID-19 ကူးစက်ခံရမှုဟာ "ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာ" တစ်ခုဖြစ်တယ်လို့ အောက်တိုဘာ ၇ ရက်နေ့မှာ ပြောကြားလိုက်ပြီး ၎င်းကို ကုသရာမှာ အသုံးပြုခဲ့တဲ့ စမ်းသပ်အဆင့်ဆေးဟာ အမေရိကန်အားလုံးအတွက် အခမဲ့ဖြစ်လာမယ်လို့ ဆေးရုံဆင်းပြီးနောက်ပိုင်း ပထမဆုံး ဗီဒီယိုအမှာစကားမှာ ထည့်သွင်းပြောခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ ထိုးဆေးဖြင့် ၎င်းဟာ COVID-19 ကုသပျောက်ကင်းခဲ့တယ်လို့ သမ္မတထရန့်က ဆိုပါတယ်။



ကျွန်တော် ဗိုင်းရပ်စ်ကူးစက်ခံရတာက ဘုရားသခင်ဆီက ကောင်းချီးပေးမှုတစ်ခုလို့ ကျွန်တော် ထင်ပါတယ်၊ ဒါက ဖုံးကွယ်ထားတဲ့ ကောင်းချီးပေးမှုတစ်ခုပေါ့

သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရရေး မဲဆွယ်စည်းရုံးမှုတွေ ပြန်လည်လုပ်ဆောင်လိုနေတဲ့ ထရန့်က COVID-19 ကနေ ပြန်လည်သက်သာလာပြီး မည်မျှ နေကောင်းကျန်းမာနေကြောင်းကိုလည်း အလေးအနက် ထပ်မံ ပြောထားပါသေးတယ်။ လက်ရှိ သမ္မတထရန့်ထံမှာ COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ရှိနေဆဲဟုတ် မဟုတ်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

(Photo: Bloomberg)

"ကျွန်တော် ဗိုင်းရပ်စ်ကူးစက်ခံရတာက ဘုရားသခင်ဆီက ကောင်းချီးပေးမှုတစ်ခုလို့ ကျွန်တော် ထင်ပါတယ်၊ ဒါက ဖုံးကွယ်ထားတဲ့ ကောင်းချီးပေးမှုတစ်ခုပေါ့" လို့ ထရန့်က ပြောပါတယ်။ အမေရိကန်ကုမ္ပဏီ Regeneron Pharmaceuticals Inc ရဲ့ ဆေးကို အသုံးပြုခဲ့မှုက ထိုးဆေးဟာ မည်မျှထိရောက်မှုရှိနိုင်ကြောင်း ၎င်းအတွက် အတွေ့အကြုံရခဲ့တယ်လို့လည်း သမ္မတထရန့်က ဆိုပါတယ်။

"ကျွန်တော် ရခဲ့တဲ့ ဒီဆေးကို ခင်ဗျားတို့အတွက် ကျွန်တော် ရချင်ပါတယ်၊ ပြီးတော့ ဒါကို အခမဲ့ဖြစ်အောင် ကျွန်တော် လုပ်သွားမှာပါ" လို့ ထရန့်က ပြောခဲ့ပါတယ်။ သမ္မတထရန်နဲ့ မီလန်နီယာတို့ ကူးစက်ခံရကြောင်းကို ကြာသပတေးနေ့ (အောက်တိုဘာ ၁ ရက်) ညပိုင်းမှာ အဖြေသိခဲ့ရပြီးနောက် သောကြာနေ့ (အောက်တိုဘာ ၂ ရက်) မနက်အကူးမှာ ထရန့်က Twitter မှတစ်ဆင့် အသိပေးခဲ့ပါတယ်။

(Photo: Reuters)

သမ္မတထရန့်ကို အောက်စီဂျင်ပမာဏ လျော့ကျမှုကြောင့် အိမ်ဖြူတော်မှာ အောက်စီဂျင်ပေးခဲ့ပြီးနောက် အောက်တိုဘာ ၂ ရက်နေ့မှာတော့ ဝါရှင်တန်ဒီစီအပြင်ဘက်ရှိ Walter Reed National Military Medical Center စစ်ဘက်ဆေးရုံသို့ ရွှေ့ပြောင်းကုသပေးခဲ့တာ ဖြစ်ပါတယ်။ ထရန့်ဟာ အသက် ၇၄ နှစ်ရှိပြီဖြစ်ရာ အစိုးရိမ်ရဆုံး လူနာအုပ်စုမှာ ပါဝင်နေပါတယ်။

ကျွန်တော် ရခဲ့တဲ့ ဒီဆေးကို ခင်ဗျားတို့အတွက် ကျွန်တော် ရချင်ပါတယ်၊ ပြီးတော့ ဒါကို အခမဲ့ဖြစ်အောင် ကျွန်တော် လုပ်သွားမှာပါ

Walter Reed မှာ သုံးရက်ကြာ ကုသမှုခံယူခဲ့ပြီးနောက် သမ္မတထရန့်ဟာ လေးရက်မြောက်နေ့ဖြစ်တဲ့ အောက်တိုဘာ ၅ ရက် ဒေသစံတော်ချိန် ညနေပိုင်းမှာ ဆေးရုံဆင်းပြီး အိမ်ဖြူတော်ကို ပြန်ရောက်ခဲ့ပါတယ်။ ထရန့်ဟာ အိမ်ဖြူတော်မှာ ကုသမှု ဆက်လက်ခံယူမယ်လို့ ၎င်းရဲ့ဆရာဝန်တွေက ပြောထားပါတယ်။

(Photo: CNN)

ထရန့်က ဆေးရုံဆင်းခါနီးမှာ Twitter မှာ ကြေညာခဲ့ပြီး အမှန်တစ်ကယ် နေကောင်းကြောင်းနဲ့ COVID-19 ကို မကြောက်ကြရန်လည်း ပြောခဲ့ပါသေးတယ်။ ထို့အတူ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေ မကြာခင် ပြန်လုပ်မယ်လို့ ထရန့်က Twitter မှာ ရေးသားထားပါတယ်။ ထရန့်နဲ မီလန်နီယာတို့အပြင် အိမ်ဖြူတော်ဝန်ထမ်းများနဲ့ ၎င်းနဲ့ နီးကပ်သူတွေမှာလည်း COVID-19 ကူးစက်မှုတွေ ရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၇.၇ သန်းကျော်၊ သေဆုံးသူ ၂၁၆,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၄.၉ သန်းကျော်ရှိကြောင်း သိရပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က