အလုပ်အကိုင်နဲ့ မည်သည့်နေရာများသို့ သွားလာခဲ့ကြောင်းတို့ကို လိမ်လည်ပြောဆိုခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ COVID-19 ခြေရာခံရှာဖွေတဲ့ တာဝန်ရှိသူများအား လိမ်လည်ခဲ့မှုဖြင့် ကူးစက်ခံရသူ အမျိုးသားတစ်ဦးကို ထောင်ဒဏ်ခြောက်လ ချမှတ်လိုက်ကြောင်း သိရပါတယ်။

(Photo: Lee Moo-ryul/AP)

ထိုအမျိုးသားဟာ COVID-19 နဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းရာမှာ ၎င်းရဲ့အလုပ်အကိုင်နဲ့ မည်သည့်နေရာများသို့ သွားလာခဲ့ကြောင်းတို့ကို လိမ်လည်ပြောဆိုခဲ့တယ်လို့ Yonhap သတင်းဌာနက ယနေ့ (အောက်တိုဘာ ၈ ရက်) ဖော်ပြပါတယ်။ ထောင်ဒဏ်ချမှတ်ခံရတဲ့ အမျိုးသားဟာ ကျောင်းဆရာတစ်ဦး ဖြစ်တယ်လို့ ပBBC သတင်းမှာ ဖော်ပြထားပါတယ်။



ယခုအမှုဟာ တောင်ကိုရီးယားအစိုးရက COVID-19 သံသယလူနာတွေကို အပြင်းအထန် ခြေရာခံ ရှာဖွေဖော်ထုတ်ပြီး အသွားအလာ ကန့်သတ်ထားရှိတဲ့ လုပ်ငန်းစဥ်အတွင်း လူထုက စိတ်ဝင်စားမှုအများဆုံး အမှုတစ်ခုဖြစ်ခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် ထိုအမျိုးသားက တာဝန်ရှိသူတွေကို လိမ်လည်ပြောဆိုခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့တာကြောင့် လူ ၈၀ ခန့်ဟာ ကူးစက်ခံခဲ့ရကြောင်း သိရပါတယ်။

(Photo: Jung Yeon-je/AFP)

တရားရုံးမှတ်တမ်းအရ ၎င်းဟာ မေလအတွင်း COVID-19 ကူးစက်ခံရကြောင်း သိရှိရပြီးနောက် တာဝန်ရှိသူတွေက စုံစမ်းမေးမြန်းရာမှာ အလုပ်အကိုင်မဲ့ဖြစ်ကြောင်း လိမ်လည်ခဲ့ပြီး ဆိုးလ်မြို့အနောက်ဘက် အင်ချွန်းမြို့ရှိ ပုဂ္ဂလိက အနီးကပ်စာသင်ကျောင်းတစ်ကျောင်းမှာ ရှေ့တစ်ရက်က စာသင်ကြားခဲ့မှုကို ထုတ်မပြောခဲ့ပါဘူး။

ထိုစဥ်က ဆိုးလ်မြို့တော်ဧရိယာရှိ နိုက်ကလပ်နဲ့ ဘားဆိုင် အများအပြားဟာ ကူးစက်မှုတွေ အဓိက ဖြစ်ပွားနေခဲ့ချိန်လည်း ဖြစ်ပါတယ်။ အစိုးရရှေ့နေတွေက ၎င်းကို ထောင်ဒဏ် ၂ နှစ်ချမှတ်ရန် တရားရုံးသို့ တောင်းဆိုခဲ့ကြပါတယ်။ ထိုအမျိုးသားက တရားရုံးမှာ တောင်းပန်ခဲ့ပြီး ၎င်းရဲ့လုပ်ရပ်ကြောင့် ယခုကဲ့သို ဆိုးရွားတဲ့ ဂယက်ရိုက်ခတ်မှုတွေ ဖြစ်နိုင်ကြောင်းကို မသိရှိခဲ့ဘူးလို့ ပြောခဲ့ပါတယ်။

တောင်ကိုရီးယားဟာ COVID-19 ကပ်ရောဂါကို အောင်မြင်စွာ ထိန်းချုပ်ကာကွယ်နိုင်တဲ့ နိုင်ငံအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြုထားကြပါတယ်။ လူဦး‌ရေ ၅၁ သန်းကျော်ရှိတဲ့ တောင်ကိုရီးယားမှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၂၄,၄၂၂ ဦးနဲ့ သေဆုံးသူ ၄၂၇ ဦးရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က