အနည်းဆုံး လူ ၈၈ ဦး မီးခိုးမွန်းကျပ်မှုကြောင့် ကုသမှုခံယူခဲ့ရပါတယ်။

တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းရှိ Ulsan မြို့မှာ အထပ် ၃၃ ထပ်ပါ အထပ်မြင့် အဆောက်အအုံ မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၈၈ ဦး မီးခိုးမွန်းကျပ်မှုကြောင့် ကုသမှုခံယူခဲ့ရပါတယ်။

(Photo: AP)

ယမန်နေ့ (အောက်တိုဘာ ၈ ရက်) ညသန်းခေါင်ဝန်းကျင်မှာ အထပ်မြင့် အဆောက်အအုံ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် လျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း BBC သတင်းက ပြောပါတယ်။ မီးလောင်မှု စတင်ဖြစ်ပွားပြီး အစောပိုင်းမှာ လူဦးရေ ရာနဲ့ချီ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရပါတယ်။



၁၃ နာရီကျော်ကြာပြီးနောက် ယနေ့ (အောက်တိုဘာ ၉ ရက်) မွန်းလွဲပိုင်းမှာ မီးသတ်သမားတွေက အဆောက်အအုံမှာ မီးကူးစက်ခြင်းမရှိရန် ထိန်းချုပ်နိုင်ခဲ့တယ်လို့ Yonhap သတင်းဌာနက ဖော်ပြပါတယ်။ ကနဦးမှာ လေပြင်းတိုက်ခတ်မှုကြောင့် မီးကိုထိန်းချုပ်နိုင်ရန် ခက်ခဲခဲ့ကြောင်း တောင်ကိုရီးယားသတင်းတွေက ပြောပါတယ်။

(Photo: ZHANIYA/@ZHANY.YO)

မီးလောင်မှုဟာ Samhwan Art Nouveau စီးပွားရေးလုပ်ငန်းသုံးနဲ့ လူနေတိုက်ခန်း အဆောက်အအုံရဲ့ ၈ ထပ်နဲ့ ၁၂ ထပ်ကြား စတင်လောင်ကျွမ်းခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အဆောက်အအုံမှာ အိမ်ထောင်စု ၁၂၀ ခန့် နေထိုင်လျက်ရှိပြီး ဈေးဝယ်စင်တာများလည်း ရှိပါတယ်။

"မီးက ရုတ်တရက်ထလောင်လာခဲ့တာ၊ ပြတင်းပေါက်မှန်တွေ ကွဲထွက်ကုန်ပြီး ဧည့်ခန်းနဲ့ အိပ်ခန်းတွေကို ကူးစက်လောင်ကျွမ်းခဲ့တယ်" လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက Yonhap ကို ပြောပါတယ်။

(Photo: EPA)

နောက်တစ်ဦးက YTN News ကို ပြောကြားမှုအရ အဆောက်အအုံအပြင်ဘက်မှာ တပ်ဆင်ထားတဲ့ ပစ္စည်းက အပူလွန်ကဲပြီး မီးလောင်ရာကနေ လျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေကတော့ မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို အတည်ပြု ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ယခု မီးလောင်မှုကို အမှုဖွင့် စုံစမ်းစစ်ဆေးလိမ့်မယ်လို့ Yonhap သတင်းက ဖော်ပြပါတယ်။ 

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က