COVID-19 လူနာတွေကို ကုသရာမှာ ပထမဆုံး အသုံးပြုနေတဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။

အမေရိကန်အခြေစိုက် Gilead Sciences ကုမ္ပဏီရဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ဆေး Remdesivir ဖြင့် COVID-19 လူနာတွေကို စမ်းသပ်ကုသမှု နောက်ဆုံး အချက်အလက်တွေအရ ပြန်လည်သက်သာရန် ကြာမြင့်ချိန်ကို ငါးရက်လျှော့ချနိုင်ခဲ့ပြီး ကနဦး အချက်အလက်တွေမှာထက် တစ်ရက်ပိုခဲ့ကြောင်း ကုမ္ပဏီက အောက်တိုဘာ ၈ ရက်မှာ ပြောပါတယ်။

(Photo: Reuters)

ယခုနောက်ဆုံး အချက်အလက်တွေဟာ ၂၉ ရက် ကုသမှုကို လေ့လာဆန်းစစ်ခဲ့ခြင်းဖြစ်ပြီး ကနဦး အချက်အလက်တွေကတော့ ၁၅ ရက် ကုသမှုအပေါ် လေ့လာခဲ့တာ ဖြစ်ပါတယ်။ Veklury အမှတ်တံဆိပ်ဖြင့် ရောင်းချထားတဲ့ Remdesivir ဆေးဖြင့် ကုသခဲ့တဲ့ COVID-19 လူနာတွေဟာ ထိုဆေးဖြင့်မကုတဲ့ လူနာတွေထက် ပြန်လည်သက်သာချိန် ငါးရက်ပိုမြန်လာကြောင်း National Institute of Allergy and Infectious Diseases ရဲ့ တတိယအဆင့် စမ်းသပ်ကုသမှု (Phase 3 ACTT-1) ရလဒ်တွေကို ကိုးကားပြီး Gilead က ပြောပါတယ်။



Veklury တံဆိပ် Remdevisir ဆေးဖြင့် ကုသမှုခံယူခဲ့တဲ့ COVID-19 လူနာတွေဟာ ၁၀ ရက်အကြာမှာ ပြန်လည်သက်သာခဲ့ပြီး ထိုဆေးဖြင့် ကုသမှုမရှိတဲ့ လူနာတွေကတော့ ပြန်လည်သက်သာရန် ၁၅ ရက် ကြာခဲ့တာ တွေ့ရပါတယ်။ COVID-19 လူနာ ၁,၀၆၂ ဦးကို စမ်းသပ်ကုသမှုအပေါ် လေ့လာဆန်းစစ်ခဲ့ပြီး ရလဒ်အချက်အလက်တွေကို New England Journal of Medicine မှာ ဖော်ပြထားကြောင်း Reuters သတင်းက ပြောပါတယ်။

(Photo: AFP)

Gilead က ထုတ်လုပ်ထားတဲ့ Remdesivir ဆေးဟာ COVID-19 လူနာတွေကို ကုသရာမှာ ပထမဆုံး အသုံးပြုနေတဲ့ ဆေးတစ်မျိုးဖြစ်ပြီး လတ်တလော အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ကုသရာမှာ အသုံးပြုခဲ့တဲ့ ဆေးများထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ Remdesivir ဆေးကို အရေးပေါ်အခြေအနေသုံးအဖြစ် အမေရိကန် အစာအစားနဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့အစည်း (FDA - Food and Drug Administration) က မေ ၁ ရက်နေ့မှာ ခွင့်ပြုပေးထားခဲ့ပါတယ်။

ထို့နောက်ပိုင်းမှာ အခြား နိုင်ငံအချို့ကလည်း အရေးပေါ်သုံးအဖြစ် ခွင့်ပြုထားခဲ့ကြပါတယ်။ Remdesivir ဆေးဖြင့် ကုသမှုနဲ့ပတ်သက်ပြီး ခြုံငုံလေ့လာမှုအရ COVID-19 ကြောင့် သေဆုံးမှုနှုန်းကို လျှော့ချနိုင်ပေမဲ့ ထိုသို့လျှော့ချနိုင်မှုဟာ ကိန်းဂဏန်းစာရင်းတွေအရ အလွန်သိသိသာသာ မဟုတ်ဘူးလို့ ဆိုပါတယ်။

(Photo: Marc Israel Sellem/The Jerusalem Post)

အောက်စီဂျင်ပေးထားရတဲ့ COVID-19 လူနာတွေကို Remdesivir ဖြင့် ကုသမှုကို သီးခြားလေ့လာဆန်းစစ်မှုမှာတော့ ၁၅ ရက် ကုသမှုကာလမှာ သေဆုံးမှုအန္တရာယ်ကို ၇၂ ရာခိုင်နှုန်း လျှော့ချခဲ့ပြီး ၂၉ ရက် ကုသမှုမှာတော့ ၇၀ ရာခိုင်နှုန်း လျှော့ချခဲ့ကြောင်း တွေ့ရပါတယ်။

အဆိုပါ လေ့လာမှုအရ "အောက်စီဂျင်ပေးထားရတဲ့ လူနာတွေကို Remdesivir နဲ့ ကုသပေးတာက အခြား လူနာအုပ်စုတွေနဲ့ နှိုင်းယှဥ်ရင် သူတို့မှာ သေဆုံးမှုနှုန်းကို သိသိသာသာ လျှော့ချနိုင်ပါတယ်" လို့ University of Nebraska Medical Center မှ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူနဲ့ လေ့လာမှုရဲ့ အဓိက ဦးဆောင်သူ ဒေါက်တာ Andre Kalil က သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က