အောက်တိုဘာ ၁၀ ရက် ဒေသစံတော်ချိန် နေ့လယ်ပိုင်းမှာ နှစ်နိုင်ငံလုံးက အပစ်အခတ်ရပ်စဲမှာ ဖြစ်ပါတယ်။

နယ်မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး တိုက်ပွဲများဖြစ်ပွားနေကြတဲ့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။

(Photo: EPA)

နှစ်နိုင်ငံ ကိုယ်စားလှယ်များက မော်စကိုမြို့မှာ ၁၀ နာရီကြာ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးနောက် အပစ်အခတ်ရပ်စဲရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ဒေသစံတော်ချိန် ယနေ့ (အောက်တိုဘာ ၁၀ ရက်) မနက် ၃ နာရီမတိုင်မီ ကြေညာခဲ့ပါတယ်။



နှစ်နိုင်ငံကြား ထိရောက်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ယခု စတင်တော့မယ်လို့ ဆိုပါတယ်။ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား Nagorno-Karabakh နယ်မြေ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၂၇ ရက်မှာ တိုက်ပွဲများ စတင်ဖြစ်ပွားနေခဲ့ရာ လူဦးရေ ထောင်ပေါင်းများစွာ နေအိမ်စွန့်ခွာရွှေ့ပြောင်းကြရပြီး လူ ၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။

(Photo: Reuters)

မော်စကိုမှာ ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီမှုအရ ယနေ့ (အောက်တိုဘာ ၁၀ ရက်) ဒေသစံတော်ချိန် နေ့လယ်ပိုင်းမှာ နှစ်နိုင်ငံလုံးက အပစ်အခတ်ရပ်စဲမယ်လို့ သိရပါတယ်။ အပစ်အခတ်ရပ်စဲပြီး အကျဥ်းသားလဲလှယ်မှုနဲ့ သေဆုံးသူတွေရဲ့ အလောင်းများ ပြန်လည်ရယူမှုတို့ကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

Nagorno-Karabakh နယ်မြေကို အဇာဘိုင်ဂျန်ရဲ့ အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုထားပေမဲ့ အာမေးနီးယန်းလူမျိုးစုတွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ နှစ်နိုင်ငံကြား တိုက်ခိုက်မှုတွေဟာ ဆယ်စုနှစ်များအတွင်း အဆိုးဆုံးဖြစ်လာပြီး နှစ်ဘက်လုံးက အကြမ်းဖက်မှုအတွက် အပြန်အလှန် အပြစ်တင်နေခဲ့ကြပါတယ်။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုကို ကြားဝင်ဆောင်ရွက်ပေးတဲ့ ရုရှားနိုင်ငံက အာမေးနီးယားနိုင်ငံမှာ စစ်စခန်းတစ်ခုထားရှိပြီး နှစ်နိုင်ငံလုံးဟာ CSTO (Collective Security Treaty Organization) မဟာမိတ်အဖွဲ့ရဲ့ အဖွဲ့ဝင်များဖြစ်ပါတယ်။ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား ယခုနောက်ဆုံး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများကြောင့် Nagorno-Karabakh နယ်မြေရဲ့ လူဦး‌ရေ ထက်ဝက်ခန့်ဖြစ်တဲ့ လူ ၇၀,၀၀၀ ခန့် နေအိမ်စွန့်ခွာခဲ့ကြရပါတယ်။ 

နှစ်နိုင်ငံကြား တိုက်ပွဲအရှိန်မြင့်လာမှုနဲ့အတူ မြို့ကြီးတွေကိုလည်း တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ဟာ Nagorno-Karabakh နယ်မြေအရေး ၁၉၈၈-၉၄ ခုနှစ်အတွင်း စစ်ပွဲဖြစ်ပွားခဲ့ပြီး နောက်ဆုံးမှာ နှစ်ဖက်အပစ်အခတ် ရပ်စဲကြောင်းကြေညာထားခဲ့ကြပါတယ်။

သို့သော် နယ်မြေအငြင်းပွားမှုအပေါ် အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား ပြေလည်မှုမရရှိထားခဲ့သေးကြောင်း သိရပါတယ်။ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ဟာ ၁၉၉၁ ခုနှစ်မှာ ပြိုကွဲသွားခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့ အဖွဲ့ဝင်နိုင်ငံတွေလည်း ဖြစ်ခဲ့ပါတယ်။ အဆိုပါ နှစ်နိုင်ငံဟာ Nagorno-Karabakh နယ်မြေအ‌ရေး ဆယ်စုနှစ်လေးခုကြာ မဖြေရှင်းနိုင်တဲ့ အငြင်းပွားမှုဖြစ်နေခဲ့ကြပါတယ်။

Nagorno-Karabakh နယ်မြေဆိုင်ရာ အချက်အလက်များ

  • ဧရိယာအကျယ်အဝန်း ၁,၇၀၀ စတုရန်းမိုင်ရှိတဲ့ တောင်တန်းနယ်မြေတစ်ခု ဖြစ်ပါတယ်
  • အစဥ်အလာအရ အာမေးနီးယန်း ခရစ်ယာန်တွေနဲ့ တာ့ခ်စ် (Turks) မွတ်စလင်မ်များ နေထိုင်ကြပါတယ်
  • ဆိုဗီယက်ပြည်ထောင်စုခေတ်မှာ အဇာဘိုင်ဂျန်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတစ်ခု ဖြစ်လာခဲ့ပါတယ်
  • နိုင်ငံတကာက အဇာဘိုင်ဂျန်ရဲ့ အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုထားပေမဲ့ လူဦးရေအများစုက အာမေးနီးယန်းလူမျိုးစုတွေ ဖြစ်ကြပါတယ်
  • အာမေးနီးယားဘက်မှ အပါအဝင် ထိုနယ်မြေမှာ ၎င်းတို့ကိုယ်တိုင် အာဏာရှိသူများအဖြစ် ကြေညာထားသူတွေကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက အသိအမှတ်မပြုထားပါဘူး
  • ၁၉၈၈-၉၄ ခုနှစ် နှစ်နိုင်ငံစစ်ပွဲကြောင့် ခန့်မှန်းခြေ လူဦးရေတစ်သန်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရပြီး လူ ၃၀,၀၀၀ ခန့် သေဆုံးခဲ့ပါတယ်
  • ၁၉၈၈-၉၄ ခုနှစ် စစ်ပွဲကာလအတွင်း ခွဲထွက်ရေးဝါဒီတပ်ဖွဲ့တွေက အဇာဘိုင်ဂျန်အတွင်း နောက်ထပ် ပိုင်နက်နယ်မြေအချို့ကို သိမ်းပိုက်ခဲ့ပါတယ်
  • ၁၉၉၄ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီးနောက် စစ်ပွဲဟာ မတိုးသာမဆုတ်သာ အခြေအနေဖြစ်နေခဲ့ပါတယ်
  • တူရကီနိုင်ငံက အဇာဘိုင်ဂျန်ကို အတိအလင်း အားပေးထောက်ခံထားပါတယ်
  • ရုရှားနိုင်ငံက အာမေးနီးယားမှာ စစ်အခြေစိုက်စခန်းတစ်ခု ဖွင့်လှစ်ထားရှိပါတယ်

Source: BBC, Al Jazeera, The Guardian

Share

Loading Next Article...
က္က