ယခုနှစ်အတွင်း အမေရိကန်နိုင်ငံ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့တဲ့ ၁၀ ခုမြောက် မုန်တိုင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ဟာရီကိန်းမုန်တိုင်းကြောင့် အပျက်အစီးများကို ပြန်လည်ထူထောင်‌ရေး လုပ်ဆောင်နေဆဲဖြစ်တဲ့ အမေရိကန်နိုင်ငံ လူဝီစီးယားနားပြည်နယ် ကုန်းတွင်းပိုင်းကို နောက်ထပ် ဟာရီကိန်းမုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်ကြောင်း သိရပါတယ်။

(Photo: Reuters)

လူဝီစီးယားနားကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်းဒယ်လ်တာ (Hurricane Delta) ဟာ ယခုနှစ်အတွင်း အမေရိကန်နိုင်ငံ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့တဲ့ ၁၀ ခုမြောက် မုန်တိုင်းလည်းဖြစ်လာပြီး ၁၉၁၆ ခုနှစ်နောက်ပိုင်း မုန်တိုင်းအရေအတွက် အများဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။



ဒယ်လ်တာက လူဝီစီးယားနားပြည်နယ် Creole ဒေသကို ယမန်နေ့ (အောက်တိုဘာ ၉ ရက်) ဒေသစံတော်ချိန် ညနေ ၆ နာရီမှာ ပြင်းအားအဆင့် ၂ (Category 2) ဟာရီကိန်းမုန်တိုင်းအဖြစ် ဝင်ရောက်တိုက်ခတ်ပြီး လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၀၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

ဟာရီကိန်းဒယ်လ်တာက ကုန်းတွင်းပိုင်းကို ရွေ့လျားသွားစဥ် ပြင်းအားအဆင့် ၁ (Category 1) သို့ အားလျော့သွားခဲ့ပြီး မုန်တိုင်းတိုက်ခတ်မှုကြောင့် နေရာအနှံ့အပြား လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံနေခဲ့ရပါတယ်။ ဟာရီကိန်းမုန်တိုင်းကြောင့် လူဝီစီးယားနားကမ်းရိုးတန်းတစ်လျှောက် ရှစ်ပေအထိမြင့်တဲ့ အသက်အန္တရာယ်ရှိ မုန်တိုင်းဒီရေများ တက်ရောက်နိုင်ကြောင်း အမေရိကန် National Hurricane Center (NHC) က သတိပေးထားပါတယ်။

အဆိုပါ ဟာရီကိန်းမုန်တိုင်းဟာ မက္ကစီကိုနိုင်ငံရဲ့ ကာရေဘီယန်ကမ်းရိုးတန်းရှိ Puerto Morelos အနီး ကုန်းတွင်းပိုင်းကို ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၇ ရက်) က ပထမဆုံး ဝင်ရောက်ခဲ့ပြီး ထောင်နဲ့ချီတဲ့ ကမ္ဘာလှည့်ခရီးသွားများနဲ့ ဒေသခံများ ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရပါတယ်။

(Photo: Reuters)

မက္ကစီကိုပင်လယ်ကွေ့ကို ဖြတ်သန်းပြီးနောက် ဒယ်လ်တာက ယခုအခါ လူဝီစီးယားနားပြည်နယ် အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းတစ်လျှောက် ဖြတ်သန်းတိုက်ခတ်ပြီး မစ္စစ္စပီပြည်နယ်မြောက်ပိုင်းနဲ့ တင်နက်ဆီတောင်ကြားကို ယနေ့ (အောက်တိုဘာ ၁၀ ရက်) ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

"မုန်တိုင်းက သောကြာနေ့ညနဲ့ စနေနေ့မှာ အလျင်အမြန် အားလျော့သွားမယ်လို့ ခန့်မှန်းထားပါတယ်၊ ဟာရီကိန်းဒယ်လ်တာက အပူပိုင်းမုန်တိုင်းအဖြစ် သောကြာနေ့ညပိုင်းမှာ အားလျော့သွားပြီး စနေနေ့ (အောက်တိုဘာ ၁၀ ရက်) မှာ အပူပိုင်း လေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်ရှိနေပါမယ်" လို့ NHC က ပြောပါတယ်။

(Photo: Reuters)

မုန်တိုင်းကြောင့် လူဝီစီးယားနားမှာ ကျောင်းများနဲ့ အစိုးရရုံးများ ပိတ်ထားခဲ့ပြီး တာဝန်ရှိသူတွက ဒေသခံတွေကို ရွှေ့ပြောင်းကြရန် ညွှန်ကြားခဲ့ပါတယ်။ ပြည်နယ်အတွင်း နေထိုင်ကြသူတွေကို အကူအညီပေးရန် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂,၄၀၀၀ ကို ဖြန့်ကျက်စေလွှတ်ထားကြောင်း လူဝီစီးယားနားပြည်နယ် အုပ်ချုပ်ရေးမှူး John Bel Edwards က ပြောထားခဲ့ပါတယ်။ မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်းကနေ လွတ်မြောက်ရန်အတွက် လူအများအပြားက နေအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ကြတယ်လို့ ဆိုပါတယ်။

လူဝီစီးယားပြည်နယ်မှာ ဩဂုတ် ၂၀ ရက်နေ့ကလည်း ပြင်းအားအဆင့် ၄ (Category 4) ရှိ ဟာရီကိန်းလော်ရာ (Hurricane Laura) တိုက်ခတ်ခဲ့မှုကြောင့် နေအိမ်များနဲ့ သစ်ပင်များ လဲပြိုကျမှုတွေနဲ့ အတူ အပျက်အစီးများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် ၎င်းတို့ရဲ့ နေအိမ်များ ပျက်စီးသွားခဲ့တဲ့ လူဦး‌ရေ ၆,၀၀၀ ကျော်ဟာ လက်ရှိအချိန်အထိ ဟိုတယ်ကဲ့သို့ ယာယီ နေရာထိုင်ခင်းတွေမှာ‌ နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။ 

Source: The Guardian, Reuters, BBC

Share

Loading Next Article...
က္က