ဆေးရုံတစ်ရုံနဲ့ ဆက်နွယ်နေတဲ့ ကူးစက်မှုအသစ်များရှိလာခဲ့ပြီးနောက် တစ်မြို့လုံးကို ကိုဗစ်စစ်ဆေးမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ချင်ဒေါင်မြို့ (Qingdao) မှာ နေထိုင်ကြတဲ့ လူဦးရေ ၉ သန်းကျော်ကို COVID-19 စစ်ဆေးမှုများ ငါးရက်အတွင်း လုပ်ဆောင်သွားမယ်လို့ မြို့အာဏာပိုင်တွေက ယနေ့ (အောက်တိုဘာ ၁၂ ရက်) ပြောပါတယ်။

(Photo: EPA-EFE)

အဆိုပါမြို့မှာ ပြင်ပမှဝင်ရောက်လာသူ ကူးစက်ခံ လူနာတွေကို ကုသပေးနေတဲ့ ဆေးရုံတစ်ရုံနဲ့ ဆက်နွယ်နေကြောင်း ယူဆထားတဲ့ ပြည်တွင်းကူးစက်မှုအသစ်များ တွေ့ရှိလာရပြီးနောက် တစ်မြို့လုံးကို COVID-19 စစ်ဆေးရန် စီစဥ်လာခဲ့တာ ဖြစ်ပါတယ်။ ချင်ဒေါင်မြို့မှာ အောက်တိုဘာ ၁၁ ရက်နှောင်းပိုင်းအထိ COVID-19 အတည်ပြုလူနာ ၆ ဦးနဲ့ ရောဂါလက္ခဏာမပြသူ ၆ ဦး အသစ်တွေ့ရှိရပါတယ်။ ၎င်းတို့အနက် အများစုဟာ ချင်ဒေါင် ရင်ခေါင်းပိုင်းဆိုင်ရာဆေးရုံ (Qingdao Chest Hospital) နဲ့ ဆက်နွယ်နေခဲ့ပါတယ်။



ထိုကူးစက်မှုအသစ်များ တွေ့ရှိလာရပြီးနောက် ချင်ဒေါင်မြို့ရှိ ခရိုင်ငါးခုကို သုံးရက်အတွင်းနဲ့ တစ်မြို့လုံးကို ငါးရက်အတွင်း COVID-19 စစ်ဆေးမှုများ လုပ်ဆောင်သွားမယ်လို့ မြို့အာဏာပိုင်တွေက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ သို့သော် တာဝန်ရှိသူတွေက လူဦးရေမည်မျှကို စစ်ဆေးသွားမယ်လို့ အတိအကျ ပြောကြားထားခြင်း မရှိပါဘူး။

(Photo: Reuters)

တရုတ်အရှေ့ပိုင်း ရှန်တုံပြည်နယ်ရှိ အဓိက ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တဲ့ ချင်ဒေါင်မြို့ရှိ ရင်ခေါင်းပိုင်းဆိုင်ရာဆေးရုံ၊ ၎င်းအရေးပေါ်ကုသရေးဌာနတို့ကို lockdown လုပ်ထားပါတယ်။ ထို့အတူ ကူးစက်ခံရသူတွေ နေထိုင်ကြတဲ့ အဆောက်အအုံတွေကိုလည်း ကူးစက်မှုထိန်းချုပ်ရေး စီမံဆောင်ရွက်မှုအရ lockdown လုပ်ထားကြောင်း သိရပါတယ်။

တရုတ်နိုင်ငံဟာ COVID-19 စစ်ဆေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့်၊ မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်စွမ်းရှိပြီး ကျန်းမာရေးကော်မရှင်က ပြောကြားမှုအရ ကူးစက်မှုအသစ်များ တွေ့ရှိပြီးနောက်ပိုင်း ချင်ဒေါင်မြို့မှာ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ဝန်ထမ်း ၁၄၀,၀၀၀၊ ဆေးရုံတက်ရောက်လာတဲ့ လူနာသစ်များနဲ့ ဆေးရုံအမှုထမ်းများကို စစ်ဆေးပြီးဖြစ်တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

ထိုအတောအတွင်း တရုတ်ကျန်းမာရေးကော်မရှင် (National Health Commission - NHC) ရဲ့ စာရင်းတွေအရ အောက်တိုဘာ ၁၁ ရက်နေ့မှာ ကူးစက်ခံရသူ ၂၁ ဦး တိုးလာခဲ့ကြောင်း သိရပါတယ်။ သို့သော် NHC စာရင်းမှာ ချင်ဒေါင်မြို့မှ အတည်ပြု ကူးစက်မှုများ မပါဝင်ခဲ့ကြောင်းနဲ့ မည်သည့်အတွက် ထိုသို့ မပါဝင်ခဲ့ကြောင်းကို အတိအကျ မသိရသေးဘူးလို့ သတင်းတွေက ပြောပါတယ်။ တရုတ်နိုင်ငံမှာ ရောဂါလက္ခဏာမပြတဲ့ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေကို အတည်ပြုလူနာအဖြစ် ထည့်သွင်းတွက်ချက်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

NHC ရဲ့ နောက်ဆုံးထုတ်ပြန်မှုအရ ထိုသို့ ရောဂါလက္ခဏာမပြတဲ့ ကူးစက်မှုအသစ်ဟာ အစောပိုင်းရက်မှာ ၂၃ ဦးမှ ၃၂ ဦးသို့ မြင့်တက်လာကြောင်းလည်း သိရပါတယ်။ သို့သော် NHC က ရောဂါလက္ခဏာမပြတဲ့ ကူးစက်မှုအသစ်တွေဟာ မည်သည့်နေရာမှဖြစ်ကြောင်း ထုတ်ပြန်ခြင်းမရှိခဲ့ဘဲ ၂၉ ဦးကတော့ ပြည်ပကူးစက်မှုတွေ ဖြစ်တယ်လို့ ပြောပါတယ်။ COVID-19 စတင်တွေ့ရှိခဲ့ရာ တရုတ်နိုင်ငံမှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၈၅,၅၇၈ ဦးနဲ့ သေဆုံးသူ ၄,၆၃၄ ဦးရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က