အသွားအလာကန့်သတ်မှု အမိန့်ကို ၁၄ ရက်ကြာ ထုတ်ပြန်လိုက်ပါတယ်။

မလေးရှားနိုင်ငံမှာ COVID-19 ကူးစက်မှုများ လျင်မြန်စွာ မြင့်တက်လာပြီးနောက် အစိုးရက ကွာလာလမ်ပူ၊ ဆီလန်ဂေါနဲ့ ပူထရာဂျာယာတို့မှာ အသွားအလာ ထိန်းချုပ်ကန့်သတ်တဲ့ အမိန့်ညွှန်ကြားချက် (Conditional Movement Control Order - CMCO) ကို အောက်တိုဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

(အကြီးတန်းဝန်ကြီး Ismail Sabri Yaakob) (Photo: Bernama)

သွားလာလှုပ်ရှားမှု ကန့်သတ်ချက်များ တင်းကျပ်ထားမှုဟာ အောက်တိုဘာ ၁၄ ရက်မှ ၂၇ ရက်အထိ ၁၄ ရက်ကြာဖြစ်ကြောင်း သိရပါတယ်။ အမျိုးသားလုံခြုံရေးကောင်စီ (National Security Council - NSC) နဲ့ အထူးအစည်းအ‌‌ဝေး ပြုလုပ်ခဲ့မှုအရ ကူးစက်မှုတွေဟာ အဆိုပါ သုံးနေရာမှာ သတိပြုစရာကောင်းတဲ့နှုန်းဖြင့် မြင့်တက်လာခဲ့ကြောင်း အကြီးတန်းဝန်ကြီး Ismail Sabri Yaakob က ပြောပါတယ်။



ကူးစက်မှုထိန်းချုပ်ရန် CMCO အမိန့်ကို ကွာလာလမ်ပူ၊ ဆီလန်ဂေါနဲ့ ပူထရာဂျယာတို့မှာ အောက်တိုဘာ ၁၄ ရက်အကူးမှ အောက်တိုဘာ ၂၇ ရက်အထိ သတ်မှတ်ထုတ်ပြန်သွားရန် NSC နဲ့ အထူးအစည်းအဝေးမှာ သဘောတူညီခဲ့ကြောင်း Ismail Sabri Yaakob က ဆိုပါတယ်။ အသွားအလာ ထိန်းချုပ်ကန့်သတ်မှုအရ ခရိုင်အတွင်း ခရီးသွားမှုအပါအဝင် သွားလာလှုပ်ရှားမှုတွေကို တားမြစ်ပိတ်ပင်ထားမယ်လို့ ဝန်ကြီးက ရှင်းပြပါတယ်။

(Photo: Reuters)

ခရီးသွားလာရန် လိုအပ်သူတွေဟာ ၎င်းတို့ရဲ့ အလုပ်ရှင်များထံမှ ထောက်ခံစာ သို့မဟုတ် လုပ်ငန်းခွင်သွားရောက်ခွင့်ကတ် လိုအပ်မှာဖြစ်ပါတယ်။ ထိုအခြေအနေကလွဲပြီး ကွာလာလမ်ပူ၊ ဆီလန်ဂေါနဲ့ ပူထရာဂျာယာတို့မှာ နေထိုင်ကြသူတွေဟာ တစ်အိမ်ထောင်လျှင် လူနှစ်ဦးသာ မရှိမဖြစ်လိုအပ်တဲ့အရာများ ဝယ်ယူရန် နေအိမ်မှထွက်ခွာခွင့်ပြုမယ်လို့ ဆိုပါတယ်။

နေ့စဥ် ကူးစက်မှုအသစ်တွေက အရေအတွက် ၁၀၀ အောက်ဖြစ်ပေမဲ့ ဆက်တိုက်တွေ့နေရပြီး နေရာတိုင်းကို ပျံ့နှံ့သွားခဲ့တယ်၊ ဒါကြောင့် ခရိုင်အားလုံး အနီရောင်ဇုန်ဖြစ်လာတဲ့အထိ ကျွန်တော်တို့ စောင့်မနေနိုင်ပါဘူး၊ အခြေအနေကို ကြိုတင်အရေးယူဆောင်ရွက်ရပါမယ်

အဆိုပါ နေရာသုံးခုရှိ ကျောင်းများ၊ နေ့ကလေးထိန်းဌာနများ၊ အများပြည်သူပန်းခြံများနဲ့ အပန်းဖြေစင်တာများကို ပိတ်ထားမှာဖြစ်ပါတယ်။ ထို့အတူ ဘုရားကျောင်းများ၊ ဗလီများနဲ့ အခြား ဝတ်ပြုဆုတောင်းနေရာတွေကိုလည်း ၁၄ ရက်ကြာ ပိတ်ထားမယ်လို့ သိရပါတယ်။ ဒါ့အပြင် မင်္ဂလာဆောင်များနဲ့ လူစုလူဝေးဖြစ်စေတဲ့ အခမ်းအနားများ ကျင်းပခွင့်မပြုဘဲ ဘားဆိုင်နဲ့ နိုက်ကလပ်များကိုလည်း ဖွင့်ခွင့်ပြုမှာ မဟုတ်ကြောင်း အကြီးတန်းဝန်ကြီး Ismail Sabri Yaakob က ပြောပါတယ်။

(အထွေထွေညွှန်ကြားရေးမှူး Noor Hisham Abdullah) (Photo: Bernama)

အသွားအလာ ထိန်းချုပ်ကန့်သတ်တဲ့ CMCO အမိန့်ဟာ မဖြစ်မနေ လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အထွေထွေညွှန်ကြားရေးမှူး Noor Hisham Abdullah က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ Sabak Bernam ကလွဲပြီး ကွာလာလမ်ပူ Klang Valley ရှိ ခရိုင်အားလုံးမှာ နေ့အလိုက် COVID-19 ကူးစက်မှုအသစ်များ ဆက်တိုက်ရှိလာနေခဲ့ကြောင်း ၎င်းကဆိုပါတယ်။

"နေ့စဥ် ကူးစက်မှုအသစ်တွေက အရေအတွက် ၁၀၀ အောက်ဖြစ်ပေမဲ့ ဆက်တိုက်တွေ့နေရပြီး နေရာတိုင်းကို ပျံ့နှံ့သွားခဲ့တယ်၊ ဒါကြောင့် ခရိုင်အားလုံး အနီရောင်ဇုန်ဖြစ်လာတဲ့အထိ ကျွန်တော်တို့ စောင့်မနေနိုင်ပါဘူး၊ အခြေအနေကို ကြိုတင်အရေးယူဆောင်ရွက်ရပါမယ်" လို့ Noor Hisham Abdullah က ပြောပါတယ်။ မလေးရှားနိုင်ငံမှာ အောက်တိုဘာ ၁၂ ရက်အထိ စာရင်းတွေအရ COVID-19 ကူးစက်ခံရသူ ၁၆,၂၂၀ ဦးနဲ့ သေဆုံးသူ ၁၅၉ ဦးရှိခဲ့ပြီး လူနာ ၅,၀၃၉ ဦးက ကုသမှုခံယူနေရဆဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က