ကူးစက်ခံရသူ ၃၈ သန်းကျော်မှာ ၉.၄ သန်းကျော်ဟာ ကုသမှုခံယူနေရဆဲ အခြေအနေ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ၃၈ သန်း ကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ယနေ့ (အောက်တိုဘာ ၁၃ ရက်) ဖော်ပြထားတာ တွေ့ရပါတယ်။ 

(Image: Worldometers webpage screengrab)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၁၀ လအတွင်း ကမ္ဘာတစ်ဝန်း လူဦးရေ ၃၈ သန်းကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၁ သန်းကျော် (၁,၀၈၅,၄၈၂ ဦး) သေဆုံးခဲ့ပြီး ၂၈.၆ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။



တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့မှာ ၃၇ သန်းကျော်လွန်ခဲ့တာဖြစ်ပြီး ၃ ရက်ကျော်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ကတော့ အောက်တိုဘာ ၁၁ ရက်နေ့မှာ ၁,၀၇၇,၅၉၄ ဦးမှ ၃ ရက်ကျော်အတွင်း ၇,၈၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။

(Photo: Reuters)

Worldometers ကိန်းဂဏန်းတွေအရ တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူ ၃၈ သန်းကျော်အနက် ၈.၃ သန်းကျော်ဟာ COVID-19 လူနာအဖြစ် ကုသမှုခံယူနေရဆဲ အခြေအနေလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အမေရိကန်က ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၈ သန်းကျော် ကူးစက်ခံထားရပြီး သေဆုံးသူ ၂၂၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။

ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ တောင်အာရှဒေသမှ အိန္ဒိယနိုင်ငံမှာ ကူးစက်မှုတွေ နေ့စဥ် သောင်းဂဏန်း တိုးလာနေဆဲဖြစ်ပြီး ယခုအခါ COVID-19 ကူးစက်ခံရသူ ၇.၁၇ သန်းကျော်လွန်လာပြီး သေဆုံးသူဦးရေ ၁၀၉,၀၀၀ ကျော်ပြီဖြစ်ပါတယ်။ ယနေ့ ထုတ်ပြန်တဲ့ စာရင်းတွေအရ အိန္ဒိယမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်ခံရသူ နောက်ထပ် ၅၅,၃၄၂ ဦး တိုးလာခဲ့ပြီး ထိုအရေအတွက်ဟာ ဩဂုတ်လလယ်နောက်ပိုင်း အနည်းဆုံး တွေ့ရှိရတဲ့ နေ့အလိုက် ကူးစက်မှုဖြစ်လာပါတယ်။

(Photo: Reuters)

တစ်ကမ္ဘာလုံးမှာ တတိယမြောက် ကူးစက်မှုအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း ကူးစက်ခံရသူ စုစုပေါင်း ၅.၁ သန်းကျော်လွန်လာခဲ့ပြီးနဲ့ သေဆုံးသူကလည်း ၁၅၀,၀၀၀ ကျော်ရှိလာခဲ့ပါတယ်။ ထိုအတောအတွင်း ဗြိတိန်၊ ပြင်သစ်၊ စပိန် အပါအဝင် ဥရောပဒေသမှာ COVID-19 ကူးစက်မှုတွေ သိသိသာသာ မြင့်တက်နေပါတယ်။

ဗြိတိန်မှာ ကူးစက်မှုတွေ လျင်မြန်စွာ မြင့်တက်နေပြီးနောက် အစိုးရက ပိတ်ပင်ကန့်သတ်ချက်အသစ်တွေ သတ်မှတ်ကြေညာခဲ့ပါတယ်။ စပိန်မှာတော့ မက်ဒရစ်မြို့ကို ကူးစက်မှုတွေ မြင့်တက်နေမှုကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ ၈ ရက်နေ့ ကိန်းဂဏန်းတွေအရ ဥရောပမှာ နေ့အလိုက် ကူးစက်မှု ၁၀၀,၀၀၀ ကျော် တိုးလာခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် စံချိန်တင်ခဲ့ပါတယ်။

(Photo: Reuters)

COVID-19 စတင်တွေ့ရှိခဲ့ရတဲ့ တရုတ်ပြည်မကြီးမှာလည်း ၂ လနီးပါးကြာ ပြည်တွင်းကူးစက်မှုမရှိခဲ့ရာမှ ချင်ဒေါင်မြို့မှာ ပြည်တွင်းကူးစက်မှုအသစ်များ ပြန်တွေ့လာခဲ့ပါတယ်။ လူဦးရေ ၉ သန်းကျော်ရှိတဲ့ အဆိုပါမြို့မှာ ပြင်ပမှဝင်ရောက်လာသူ ကူးစက်ခံ လူနာတွေကို ကုသပေးနေတဲ့ ဆေးရုံတစ်ရုံနဲ့ ဆက်နွယ်နေကြောင်း ယူဆထားတဲ့ ပြည်တွင်းကူးစက်မှုအသစ်များ တွေ့ရှိလာရပြီးနောက် တစ်မြို့လုံးကို COVID-19 စစ်ဆေးရန် စီစဥ်ထားပါတယ်။

အာရှဒေသရှိ တောင်ကိုရီးယားနိုင်ငံမှာတော့ အောက်တိုဘာ ၁၂ ရက် ထုတ်ပြန်မှုအရ COVID-19 အတည်ပြုလူနာသစ် ၁၀၂ ဦး တွေ့ရှိခဲ့ပြီး ၆ ရက်အတွင်း ပထမဆုံးအကြိမ် ဂဏန်းသုံးလုံးအရေအတွက် တိုးလာခဲ့တာလည်း ဖြစ်ပါတယ်။ COVID-19 ကူးစက်မှုတွေဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ နှေးကွေးလျော့သွားခြင်း မရှိသေးဘဲ ပုံမှန်အားဖြင့် ၃ ရက်နဲ့ ၄ ရက်အတွင်း ၁ သန်းကျော် တိုးလာနေပြီး သေဆုံးမှုကလည်း တရိပ်ရပ် မြင့်တက်လာနေဆဲ ဖြစ်ပါတယ်။

(Photo: AP)

အရှေ့တောင်အာရှမှာလည်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုများ နေ့စဥ် တရိပ်ရိပ်တိုးလာနေဆဲ ဖြစ်ပါတယ်။ လတ်တလော သီတင်းပတ်များအတွင်း အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ မြန်မာနိုင်ငံတို့မှာ COVID-19 ကူးစက်မှုတွေ နေ့စဥ် အများအပြား တိုးလာနေပါတယ်။

မလေးရှားမှာ ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် ကွာလာလမ်ပူ၊ ဆီလန်ဂေါနဲ့ ပူထရာဂျာယာတို့မှာ အသွားအလာ ထိန်းချုပ်ကန့်သတ်မှု အမိန့်ညွှန်ကြားချက်ကို အောက်တိုဘာ ၁၄ ရက်မှ ၂၇ ရက်အထိ ၁၄ ရက်ကြာ သတ်မှတ်ထုတ်ပြန်ထားကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာလည်း ဩဂုတ်လလယ်မှစပြီး ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ ဆက်တိုက်မြင့်တက်နေခဲ့ပြီး ယခုအခါ အရှေ့တောင်အာရှဒေသတွင်း စတုတ္တမြောက် ကူးစက်မှုအများဆုံးနဲ့ တတိယမြောက် သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ပါတယ်။ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက အောက်တိုဘာ ၁၂ ရက် ည ၈ နာရီအချိန်အထိ ထုတ်ပြန်ထားမှုအရ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၂၉,၃၁၄ ဦး၊ သေဆုံးသူ ၆၆၄ ဦး၊ ပြန်လည်သက်သာပြီး ဆေးရုံမှဆင်းခွင့်ရသူ ၁၀,၂၆၀ ဦးနဲ့ ကုသနေရဆဲ ၁၈,၃၉၀ ဦး ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က