တက္ကသိုလ်ရှိ ဆောက်လုပ်နေဆဲ အဆောက်အအုံတစ်ခုမှာ မျက်နှာကြတ်ပြိုကျပါတယ်။

ဩစတြေးလျနိုင်ငံရှိ တက္ကသိုလ်တစ်ခုမှာ မျက်နှာကြတ်ပြိုကျမှုကြောင့် လူတစ်ဦး သေဆုံးပြီး လူအချို့ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဩစတြေးလျနိုင်ငံ ပါ့သတ်မြို့ရှိ Curtin တက္ကသိုလ်ရှိ ဆောက်လုပ်နေဆဲ အဆောက်အအုံတစ်ခုမှာ မျက်နှာကြတ်ပြိုကျမှု ယနေ့ (အောက်တိုဘာ ၁၃ ရက်) ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ပါ့သ်မြို့ Bentley အရပ်‌ဒေသရှိ တက္ကသိုလ်ဝင်းအတွင်း အဆောက်အအုံတစ်ခုမှာ မျက်နှာကြတ်ပြိုကျမှုမှ အနည်းဆုံး အမျိုးသားနှစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း St John အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့က အတည်ပြုပါတယ်။



ABC News ရဲ့ အဆိုအရ ကယ်ဆယ်ရေးအဖွဲ့တွေက မျက်နှာကြတ်ပြိုကျပြီးနောက် အပျက်အစီးတွေအောက်မှာ ထိခိုက်မိသူရှိ မရှိ စစ်ဆေးနေတယ်လို့ သိရပါတယ်။ သတင်းဓာတ်ပုံတွေမှာ မြင်တွေ့ရမှုအရ မှန်မျက်နှာကြတ် ပြိုကျနေပြီး အဆောက်အအုံအနီး အရေးပေါ်ကားများ ရပ်ထားခဲ့ပါတယ်။

(Photo: Oliviadii/Twitter)

ဒေသခံမီဒီယာမှာက တက္ကသိုလ်ဝင်းအတွင်း အဆောက်အအုံရဲ့ မျက်နှာကြတ်ပြိုကျမှုဟာ ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲခန့်မှာ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြပါတယ်။ Curtin တက္ကသိုလ်က ကျောင်းသူကျောင်းသားများထံ မတော်တဆမှုဖြစ်ရပ်အကြောင်း စာတိုပေးပို့ခဲ့ပြီး ထိုနေရာကို ရှောင်ရှားကြရန် ပြောထားကြောင်း West Australian သတင်းက ဆိုပါတယ်။

မျက်နှာကြတ်ပြိုကျခဲ့တဲ့ အဆောက်အအုံဟာ The Exchange ဆောက်လုပ်ရေးစီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တက္ကသိုလ်ရဲ့ ဆေးပညာသင်ကြားရေးကျောင်းအနီးမှာ ဖြစ်ပါတယ်။ The Exchange စီမံကိန်းမှာ ဟိုတယ်တစ်ခု၊ ကျောင်းသူကျောင်းသား အဆောင်နဲ့ လက်လီအရောင်းဆိုင်နေရာများ ပါရှိပါတယ်။

(Photo: Curtin University)

ထိုဆောက်လုပ်ရေးနေရာဟာ Curtin တက္ကသိုလ်ရဲ့ School of Design and the Built Environment ကျောင်းလည်း ဖြစ်လာမယ်လို့ ဆိုပါတယ်။ The Exchange ဆောက်လုပ်ရေးလုပ်ငန်းကို ယမန်နှစ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ တက္ကသိုလ်ရဲ့ School of Design and the Built Environment ကျောင်းနေရာ ဆောက်လုပ်ရေးဟာ လာမယ့်နှစ် ဒုတိယသုံးလပတ်မှာ အပြီးသတ်မှာဖြစ်ပြီး The Exchange စီမံကိန်းမှာပါဝင်တဲ့ အဆောက်အအုံအားလုံးကို ၂၀၂၂ ခုနှစ်အတွင်း နေထိုင်အသုံးပြုရန် အဆင်သင့်ဖြစ်ရေး ရည်မှန်းထားကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က