တစ်မြို့လုံးရှိ လူဦးရေ ၉ သန်းကျော်ကို ငါးရက်အတွင်း အပြီးစစ်ဆေးသွားမယ်လို့ အာဏာပိုင်တွေက ပြောထားပါတယ်။

COVID-19 ပြည်တွင်းကူးစက်မှု ပြန်တွေ့ခဲ့ရတဲ့ ချင်ဒေါင်မြို့မှာ လူ ၄.၂ သန်းကျော်ကို စစ်ဆေးမှုတွေ ပြုလုပ်ပြီးဖြစ်ကာ အဖြေသိရှိထားတဲ့ လူ ၂ သန်းနီးပါးမှာ ကူးစက်ခံရမှု မတွေ့ရဘူးလို့ တရုတ်အာဏာပိုင်တွေက ယနေ့ (အောက်တိုဘာ ၁၄ ရက်) ပြောပါတယ်။

(Photo: AFP)

တရုတ်အရှေ့ပိုင်း ရှန်တုံပြည်နယ်ရှိ အဓိက ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တဲ့ ချင်ဒေါင်မြို့မှ တာဝန်ရှိသူတွေက မြို့ရဲ့လူဦးရေ ၉ သန်းကျော်လုံးကို ငါးရက်အတွင်း COVID-19 စစ်ဆေးမှုလုပ်သွားမယ်လို့ တနင်္လာနေ့ (အောက်တိုဘာ ၁၂ ရက်) မှာ ပြောခဲ့ပါတယ်။ အဆိုပါမြို့မှာ ပြင်ပမှဝင်ရောက်လာသူ ကူးစက်ခံ လူနာတွေကို ကုသပေးနေတဲ့ ဆေးရုံတစ်ရုံနဲ့ ဆက်နွယ်နေကြောင်း ယူဆထားတဲ့ ပြည်တွင်းကူးစက်မှုအသစ်များ တွေ့ရှိလာရပြီးနောက် တစ်မြို့လုံးကို COVID-19 စစ်ဆေးရန် စီစဥ်လာခဲ့တာ ဖြစ်ပါတယ်။



ချင်ဒေါင်မှာတွေ့ရတဲ့ ကူးစက်မှုတွေဟာ ၂ လကျော်အတွင်း ပထမဆုံး ပြည်တွင်းကူးစက်မှုလည်း ဖြစ်ပါတယ်။ ချင်ဒေါင်မြို့မှာ အောက်တိုဘာ ၁၁ ရက်နှောင်းပိုင်းအထိ COVID-19 အတည်ပြုလူနာ ၆ ဦးနဲ့ ရောဂါလက္ခဏာမပြသူ ၆ ဦး အသစ်တွေ့ရှိရပါတယ်။ ကူးစက်မှုတွေအနက် အများစုဟာ ချင်ဒေါင် ရင်ခေါင်းပိုင်းဆိုင်ရာဆေးရုံ (Qingdao Chest Hospital) နဲ့ ဆက်နွယ်နေခဲ့ပြီး ထိုဆေးရုံကိုတော့ lockdown လုပ်ထားခဲ့ပါတယ်။

(Photo: Xie Chuanjiao/ChinaDaily)

ချင်ဒေါင်မြို့ရှိ ခရိုင်ငါးခုကို သုံးရက်အတွင်းနဲ့ တစ်မြို့လုံးကို ငါးရက်အတွင်း COVID-19 စစ်ဆေးမှုများ လုပ်ဆောင်သွားမယ်လို့ မြို့အာဏာပိုင်တွေက အောက်တိုဘာ ၁၂ ရက်နေ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ထို့အတူ ကူးစက်ခံရသူတွေ နေထိုင်ကြတဲ့ အဆောက်အအုံတွေကိုလည်း ကူးစက်မှုထိန်းချုပ်ရေး စီမံဆောင်ရွက်မှုအရ lockdown လုပ်ထားကြောင်း သိရပါတယ်။

တရုတ်မှာ ယခုနှစ် အစောပိုင်း ကူးစက်မှုတွေ အထွတ်အထိပ်သို့ မြင့်တက်ခဲ့ရာမှ နေ့စဥ် ကူးစက်မှုအသစ်တွေ့ရှိရမှု သိသာစွာ လျော့နည်းသွားခဲ့ပြီ ဖြစ်ပါတယ်။ သို့သော် တရုတ်အစိုးရက နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု ကျုံ့သွားစေခဲ့တဲ့ စိတ်မသက်သာဖွယ်ရာ lockdown အစီအမံတွေ သတ်မှတ်ဆောင်ရွက်ရခြင်း မရှိစေရေး COVID-19 ကူးစက်မှုအန္တရာယ်ကို သတိကြီးကြီးထားနေဆဲ ဖြစ်ပါတယ်။

(Photo: ChinaDaily)

အင်္ဂါနေ့ (အောက်တိုဘာ ၁၃ ရက်) ထုတ်ပြန်မှုအရ တရုတ်မှာ COVID-19 ကူးစက်ခံရသူ နောက်ထပ် ၂၀ ဦး တွေ့ရှိရပြီး ရှေ့တစ်ရက်မှာ ၁၃ ဦး တွေ့ရှိထားခဲ့ရာမှ မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်အဖွဲ့အစည်း (ational Health Commission - NHC) က ယနေ့ ပြောပါတယ်။ NHC ထုတ်ပြန်ချက်အရ အသစ်တွေ့ရတဲ့ ကူးစက်ခံရမှုတွေအနက် ၁၄ ဦးဟာ ပြည်ပကူးစက်မှုတွေဖြစ်ပြီး ခြောက်ဦးက ရှန်တုံပြည်နယ်မှာတွေ့ရတဲ့ ပြည်တွင်းကူးစက်မှုတွေဖြစ်ကြောင်း သိရပါတယ်။

(Photo: ChinaDaily)

အောက်တိုဘာ ၁၃ ရက်နေ့မှာ COVID-19 ရောဂါလက္ခဏာမပြတဲ့ နောက်ထပ် ကူးစက်မှု ၁၈ ခုကိုလည်း တွေ့ရှိခဲ့ကြောင်း NHC က ပြောပါတယ်။ အောက်တိုဘာ ၁၂ ရက်နေ့မှာတော့ ရောဂါလက္ခဏာမပြတဲ့ ကူးစက်မှု ၁၇ ခု တွေ့ရှိထားခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ထိုသို့ ရောဂါလက္ခဏာမပြသူတွေကို COVID-19 အတည်ပြုလူနာအဖြစ် ထည့်သွင်းရေတွက်ခြင်းမရှိပါဘူး။ တရုတ်မှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၈၅,၆၆၁ ဦးနဲ့ သေဆုံးသူ ၄,၆၃၄ ဦးရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က