ထိုင်းမှာ သုံးလကြာ ဆန္ဒပြမှုများ ပေါ်ပေါက်နေခဲ့ပြီးနောက် နိုင်ငံရေးတင်းမာမှုတွေ မြင့်တက်လာနေပါတယ်။

ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ ဘုရင်မဟာဗာဂျီယာလောင်ကွန်းကို ထောက်ခံသူတွေက ဘန်ကောက်မြို့လမ်းမတွေပေါ်မှာ ယနေ့ (အောက်တိုဘာ ၁၄ ရက်) အပြိုင်အဆိုင် အင်အားပြနေကြပါတယ်။

(Photo: AFP)

ထိုင်းမှာ သုံးလကြာ ဆန္ဒပြမှုများ ပေါ်ပေါက်နေခဲ့ပြီးနောက် နိုင်ငံရေးတင်းမာမှုတွေ မြင့်တက်လာနေပါတယ်။ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက စစ်ဘက်ခေါင်းဆောင်ဟောင်း ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ နုတ်ထွက်ရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရေး တောင်းဆိုဆန္ဒပြရန် ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်ကနေ ၁.၅ မိုင်ခန့်ဝေးတဲ့ အစိုးရအိမ်တော်လို့ သိထားကြရာ အစိုးရအဆောက်အအုံဝင်းသို့ မွန်းလွဲ ၂ နာရီခွဲခန့်မှာ စုရုံးချီတက်ကြပါတယ်။ ၎င်းတို့က ထိုင်းဘုရင်စနစ် ပြုပြင်ပြောင်းလဲရန်လည်း တောင်းဆိုထားခဲ့ကြပါတယ်။



အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ မဝေးကွာလှတဲ့ နေရာမှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အစိုးရဝန်ထမ်းများနဲ့ ဘုရင်စနစ်ကိုထောက်ခံသူတွေက အဝါရောင်ဝတ်စုံများ ဝတ်ဆင်ထားလျက် ရောနှောစုရုံးနေကြပြီး ဘုရင်ရဲ့ယာဥ်တန်းဖြတ်သန်သွားမယ့် လမ်းတစ်လျှောက် နေရာယူထားခဲ့ကြပါတယ်။ အုပ်စုနှစ်ကြား အချေအတင်ဖြစ်မှုအချို့ရှိခဲ့ပေမဲ့ အလွန်နီးကပ်တဲ့ အနေအထားမှာ မရှိကြပါဘူး။

(Photo: Reuters)

သို့သော် ဘန်ကောက်မှာ ဆန္ဒပြ လူအုပ်စုနှစ်ခုကို ယနေ့မြင်တွေ့ရမှုဟာ ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းမှုမတိုင်မီ လမ်းမပေါ် ဆန္ဒပြပွဲများအတွင်း အကြမ်းဖက်တွေနဲ့အတူ ကသောင်းကနင်း အခြေအနေဖြစ်ပေါ်ခဲ့ခြင်းကို ပြန်လည်အမှတ်ရစေတယ်လို့ ဆိုကြပါတယ်။ "ဒီမိုကရေစီကို ယုံကြည်ပါ၊ နောက်ပြန်မဆုတ်နိုင်ဘူး" လို့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင် Parit "Penguin" Chirawat က သတင်းထောက်တွေကို ပြောပါတယ်။

ထိုအတောအတွင်း အဝါရောင်အင်္ကျီများ ဝတ်ဆင်ထားတဲ့ ဘုရင်စနစ်ကို ထောက်ခံသူအုပ်စုကလည်း လမ်းမတစ်လျှောက် တန်းစီးစောင့်ဆိုင်းနေကြပါတယ်။ ထိုင်းဘုရင်စနစ်ကို ထောက်ခံကြောင်းပြသနေတဲ့အုပ်စုမှ ခေါင်းဆောင်ဖြစ်သူ Buddha Issara က ဆန္ဒပြသူတွေဟာ ဒီမိုကရေစီတောင်းဆိုနိုင်ကြောင်း၊ သို့သော် ဘုရင်စနစ်ပြုပြင်ပြောင်းလဲရန် တောင်းဆိုလို့မရကြောင်းနဲ့ ပြောင်းလဲမှုအချို့ လုပ်ဆောင်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ "ဘုရင်စနစ်ကို သူတို့ ထိလို့မရဘူး" လို့ ၎င်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

(Photo: AFP)

ထိုင်းနိုင်ငံမှာ ယနေ့ ဆန္ဒပြပွဲမှာ ပါဝင်ရန်အတွက် ယမန်နေ့ (အောက်တိုဘာ ၁၃ ရက်) က ယာယီတဲများထိုးပြီး ကြိုတင်ရောက်ရှိနေတဲ့ တက်ကြွလှုပ်ရှားသူ ၂၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ၎င်းတို့က ဘုရင်လိုက်ပါတဲ့ ယာဥ်တန်းဖြတ်သန်းသွားစဥ် သံပြိုင်ကြွေးကြော်ကာ ဘုရင်ကို ရှားရှားပါးပါး တိုက်ရိုက်စိန်ခေါ် ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။ ယမန်နေ့က ဖမ်းဆီးခဲ့သူတွေကို အများပြည်သူဆိုင်ရာ အမိန့်ညွှန်ကြားချက်ချိုးဖောက်တဲ့ ပြစ်မှုများဖြင့် စွဲချက်တင်သွားမယ်လို့ ရဲတပ်ဖွဲ့က ယနေ့ ပြောပါတယ်။

(Photo: MediaCorp)

အစိုးရပြောခွင့်ရအမျိုးသား Anucha Burapachaisri ကတော့ ရဲတပ်ဖွဲ့အနေနဲ့ မလိုလားအပ်တဲ့ ထိပ်တိုက်တွေ့မှုတွေကို ရှောင်ရှားရန် ပြောကြားထားတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ဝင် ၁၅,၀၀၀ ကို ဖြန့်ကျက်ချထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၁၄ ရက်နေ့ဟာ ထိုင်းနိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့တွေက ကျောင်းသားနဲ့ ပြည်သူများဆန္ဒပြပွဲကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ ၄၇ နှစ်ပြည့်တဲ့နေ့လည်း ဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က