ဥရောပနိုင်ငံတွေမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေ လတ်တလော မြင့်တက်နေပါတယ်။

COVID-19 ကူးစက်မှုတွေ မြင့်တက်နေတဲ့ ပြင်သစ်နိုင်ငံမှာ သမ္မတအီမန်နျူရယ်မက်ခရွန်က ကူးစက်မှုထိန်းချုပ်ရန် ပါရီမြို့နဲ့ အခြား မြို့ရှစ်မြို့မှာ ညမထွက်ရအမိန့် ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရပါတယ်။

(ပြင်သစ်သမ္မတမက်ခရွန်) (Photo: BBC)

ပြင်သစ်နိုင်ငံရဲ့ မြို့ ၉ မြို့မှာ ယခု ထုတ်ပြန်လိုက်တဲ့ ညမထွက်ရအမိန့် အကျုံးဝင်ချိန်ကို ည ၉ နာရီမှ မနက် ၆ နာရီအထိ သတ်မှတ်ထားပြီး လာမယ့် စနေနေ့ (အောက်တိုဘာ ၁၇ ရက်) မှာ စတင်သက်ရောက်မှာဖြစ်ကာ သီတင်းလေးပတ်ကြာမယ်လို့ သမ္မတမက်ခရွန်က ရုပ်မြင်သံကြားအင်တာဗျူးတစ်ခုမှာ ပြောပါတယ်။ ထို့အတူ အများပြည်သူဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေကိုလည်း ထုတ်ပြန်ကြေညာထားပါတယ်။



ပြင်သစ်မှာ ညမထွက်ရန်အမိန့် အကျုံးဝင်တဲ့မြို့များမှာ ပါရီ၊ Marseille ၊ Lyon ၊ Lille ၊ Saint-Etienne ၊ Rouen ၊ Toulouse ၊ Grenoble နဲ့ Montpellier တို့ ပါဝင်ပါတယ်။ ညမထွက်ရအမိန့်ဟာ လူဦးရေ ၂၂ သန်းဝန်းကျင်ကို သက်ရောက်မှုရှိပြီး ကနဦးမှာ သီတင်းလေးပတ်ကြာ သတ်မှတ်ထားကြောင်းနဲ့ အစိုးရအနေနဲ့ သီတင်းခြောက်ပတ်သို့ တိုးမြှင့်ရန်စီစဥ်သွားမယ်လို့ ဆိုပါတယ်။

(Photo: AFP)

ညမထွက်ရ စီမံဆောင်ရွက်ချက်အရ ညနေပိုင်းနဲ့ ညပိုင်းမှာ စားသောက်ဆိုင်သွားရောက်မှုနဲ့ စုရုံးမှုတွေ ရပ်တန့်သွားစေမယ်လို့ ပြင်သစ်သမ္မတမက်ခရွန်က ရှင်းပြပါတယ်။ ညမထွက်ရအမိန့် သတ်မှတ်ထားချိန်အတွင်း နေအိမ်ပြင်ပထွက်ပါက မှန်ကန်ဆီလျော်တဲ့ အကြောင်းပြချက်လိုအပ်ကြောင်းလည်း သမ္မတက ပြောပါတယ်။

ညမထွက်ရအမိန့် အချိန်အတွင်း မဖြစ်မနေ သွားလာရမှုတွေကို ခွင့်ပြုသွားမှာဖြစ်ပြီး အမိန့်ကိုချိုးဖောက်သူတွေကို ယူရိုငွေ ၁၃၅ (မြန်မာကျပ်ငွေ ၂၀၆,၀၀၀ ကျော်) ဒဏ်ရိုက်သွားမယ်လို့ သိရပါတယ်။ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ မြို့တွေမှာ စာသင်ကျောင်းတွေ ဆက်ဖွင့်ထားမှာဖြစ်ပြီး နေ့ပိုင်းအချိန်တွေမှာ ခရီးသွားလာနိုင်ပါတယ်။

(Photo: Reuters)

ထိုမြို့တွေမှာ အိမ်ရာအဆောက်အအုံထဲမှာ လူခြောက်ဦးထက်ပိုတဲ့ စုရုံးမှုတွေကို တားမြစ်ထားပြီး ကြီးမားတဲ့ မိသားစုတွေကတော့ ချွင်းချက်ဖြစ်ကြောင်း မက်ခရွန်က ရှင်းပြပါတယ်။ ပြင်သစ်မှာ အောက်တိုဘာ ၁၄ ရက် ထုတ်ပြန်မှုအရ COVID-19 ကူးစက်ခံရသူ နောက်ထပ် ၂၂,၉၅၁ ဦး တိုးလာခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၇၇၉,၀၀၀ ကျော်နဲ့ သေဆုံးသူ ၃၃,၀၀၀ ကျော်ရှိလာပါတယ်။ 

အခြား ဥရောပနိုင်ငံအချို့ အခြေအနေ

ထိုအတောအတွင်း ဂျာမနီနိုင်ငံကလည်း ကူးစက်မှုအန္တရာယ်မြင့်မားတဲ့ ဘားဆိုင်နဲ့ စားသောက်ဆိုင်တွေကို စောစီးစွာ ပိတ်ကြရန် ကြေညာခဲ့ပါတယ်။ ဂျာမနီမှာ ဧပြီလနောက်ပိုင်း COVID-19 ကူးစက်မှုအသစ် ၅,၀၀၀ ကျော် စံချိန်တင်တွေ့ခဲ့ရပြီးနောက် ဂျာမန်အဓိပတိ အန်ဂျလာမာကယ်လ်က ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၁၄ ရက်) မှာ ပိတ်ပင်ကန့်သတ်ချက်များ တင်းကျပ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

ဂျာမနီမှာ ယနေ့ (အောက်တိုဘာ ၁၅ ရက်) မှာလည်း ကူးစက်ခံရသူ ၆,၆၃၈ ဦး တိုးလာခဲ့ပြီး COVID-19 ကပ်ရောဂါ စတင်ခဲ့ချိန်နောက်ပိုင်း နေ့အလိုက် ကူးစက်မှုအများဆုံးအဖြစ် နောက်ထပ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။ ဂျာမနီမှာ တင်းကျပ်လိုက်တဲ့ စည်းမျဥ်းသစ်တွေအရ လူ ၁၀၀,၀၀၀ မှာ ကူးစက်ခံရသူ ၅၀ ကျော်တဲ့ နယ်မြေတွေမှာရှိတဲ့ ဘားဆိုင်နဲ့ စားသောက်ဆိုင်များဟာ ည ၁၁ နာရီမှာ ပိတ်ရမှာဖြစ်ပါတယ်။ ထို့အတူ စုရုံးတွေ့ဆုံမှုတွေကိုလည်း မိသားစု နှစ်ခုမှ လူ ၁၀ ဦးအထိသာ ကန့်သတ်ထားမယ်လို့ ဆိုပါတယ်။ 

ဥရောပမှာ လတ်တလောအတွင်း COVID-19 ကူးစက်မှုဒုတိယလှိုင်းကို ရင်ဆိုင်နေရပြီး အစိုးရတွေက ကူးစက်မှုထိန်းချုပ်ရေး ပိတ်ပင်ကန့်သတ်ချက်အသစ်များ ထုတ်ပြန်ဆောင်ရွက်နေကြရပါတယ်။ နယ်သာလန်မှာလည်း lockdown သတ်မှတ်ထားပြီး ကော်ဖီဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ ပိတ်ထားကြောင်း သိရပါတယ်။

(Photo: Reuters)

အစောပိုင်းမှာ စပိန်အရှေ့မြောက်ပိုင်း ကတ်တလိုနီးယားနယ်မြေမှာ ဘားဆိုင်နဲ့ စားသောက်ဆိုင်တွေကို အောက်တိုဘာ ၁၅ ရက်နေ့မှစပြီး ၁၅ ရက်ကြာ ပိတ်ထားရန် ညွှန်ကြားချက်ထုတ်ခဲ့ပါတယ်။ ထို့အတူ ချက်ရီပတ်ဘလစ်နိုင်ငံမှာလည်း စာသင်ကျောင်းတွေနဲ့ ဘားဆိုင်တွေ ပိတ်ထားစေခဲ့ပါတယ်။ ချက်ရီပတ်ဘလစ်ဟာ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်မှာ ဥရောပဒေသတွင်း COVID-19 ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့ရာ လူ ၁၀၀,၀၀၀ လျှင် ကူးစက်မှု ၅၈၁.၃ ဦးရှိခဲ့ပါတယ်။

အိုင်ယာလန်နိုင်ငံကလည်း အောက်တိုဘာ ၁၅ ရက် ညပိုင်းမှစပြီး မိသားစုများ အလည်အပတ်ထွက်မှုကို တားမြစ်လိုက်ပါတယ်။ ဥရောပရှိ အီတလီ၊ ပေါ်တူဂီ၊ ပိုလန်၊ ဘယ်လ်ဂျီယံ နိုင်ငံတွေမှာလည်း ကူးစက်မှုနဲ့ သေဆုံးမှုများ သိသိသာသာ မြင့်တက်နေခဲ့ရာ အစိုးရတွေက ပိတ်ပင်ကန့်သတ်ချက်အသစ်များ ထုတ်ပြန်ဆောင်ရွက်နေကြကြောင်း သိရပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က