ဘန်ကောက်မြို့လယ် Ratchaprasong မှာ ဆန္ဒပြသူများ ပြည်လည်စုရုံးခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှာ ယနေ့ (အောက်တိုဘာ ၁၅ ရက်) မနက်အစောပိုင်း အစိုးရအိမ်တော်ရှေ့မှ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က လူစုခွဲ ဖယ်ရှားရှင်းလင်းခဲ့ပြီးနောက် မွန်းလွဲပိုင်းမှစပြီး စီးပွားရေးလုပ်ငန်းများရှိရာ ဘန်ကောက်မြို့လယ် Ratchaprasong မှာ ဆန္ဒပြသူများ ပြည်လည်စုရုံးလာခဲ့ကာ အစိုးရရဲ့ အရေးပေါ်အမိန့်ဒီကရီကို ဖီဆန်အန်တုခဲ့ကြပါတယ်။

(Photo: MediaCorp/CNA)

ဆန္ဒပြသူတွေ ပြန်စုရုံးလာတဲ့နေရာမှာ အဓိကရုဏ်းနှိမ်နင်းရန် ရေသယ်ကားများနဲ့ ရဲတပ်ဖွဲ့ကား အများအပြားကို မြင်တွေ့နိုင်ကြောင်း CNA သတင်းက ပြောပါတယ်။ ဆန္ဒပြသူတွေက ယနေ့ မနက်ပိုင်းမှာ အာဏာပိုင်တွေ ဖမ်းဆီးထားတဲ့ ၎င်းတို့ရဲ့ မိတ်ဆွေတွေကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။



ညနေပိုင်းအရောက်မှာတော့ ဆန္ဒပြလူအုပ်စုဟာ ထောင်ဂဏန်းနဲ့ချီ များပြားလာခဲ့တယ်လို့ ဆိုပါတယ်။ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ယနေ့ ဒေသစံတော်ချိန် မနက် ၄ နာရီမှာ အရေးပေါ်အမိန့်ဒီကရီတစ်ရပ် ထုတ်ပြန်လိုက်ပြီး လူငါးဦး သို့မဟုတ် ငါးဦးထက်ပိုတဲ့ လူစုလူဝေးလုပ်မှုနဲ့ ဆူပူအုံကြွမှုဖြစ်စေမယ့် လုပ်ဆောင်မှုတွေကို တားမြစ်ထားပါတယ်။ သို့သော် ဆန္ဒပြသူတွေက ထိုအမိန့်ဒီကရီကို ဖီဆန်အန်တုပြီး ညနေပိုင်းမှာ ပြန်စုရုံးလာခဲ့ကြတာလည်း ဖြစ်ပါတယ်။

(Photo: EPA)

အရေးပေါ်အမိန့်ဒီကရီအရ အများပြည်သူ စိုးရိမ်ကြောက်လန့်စေမယ့် ရေးသားမှု သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးထားတဲ့ ရေးသားမှုများ ပါဝင်နေတဲ့ သတင်း၊ အခြား မီဒီယာနဲ့ အီလက်ထရောနစ် သတင်းအချက်အလက် ထုတ်ဝေခြင်း၊ နိုင်ငံတော်လုံခြုံရေး သို့မဟုတ် တည်ငြိမ်အေးချမ်းမှုနဲ့ အမိန့်ညွှန်ကြားချက်ကို သက်ရောက်မှုရှိလာမယ့် အထင်မှားစေရန် ဖန်တီးခြင်းတို့ကို တားမြစ်ထားပါတယ်။

"People's Party က အစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချပါတယ်၊ အောက်တိုဘာ ၁၅ ရက် ညနေ ၄ နာရီ Ratchaprasong လမ်းဆုံမှာ ဆက်လက် ဆန္ဒပြပြီး ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကိုလည်း ဆက်လက်ပြသချင်ပါတယ်" လို့ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ Jutatip Sirikhan က မနက်အစောပိုင်းမှာ ရဲတပ်ဖွဲ့က လူစုခွဲ ဖယ်ရှားရှင်းလင်းခဲ့ပြီးနောက်ပိုင်း ပြောထားခဲ့ပါတယ်။

(Photo: EPA)

"ဒီမိုကရေစီကို ချစ်မြတ်နိုးသူတွေ လမ်းပေါ်ထွက်လာပြီး ကျွန်တော်တို့နဲ့အတူ ပြောင်းလဲမှုကို ဖန်တီးပါ၊ အာဏာရှင်နဲ့ ဆိုးယုတ်တဲ့ မြေရှင်ပဒေသရာဇ်စနစ်ကို ဖြုတ်ချပစ်ပါ" လို့ ၎င်းက တိုက်တွန်းခဲ့ပါတယ်။ ယမန်နေ့ (အောက်တိုဘာ ၁၄ ရက်) မှာ ဆန္ဒပြသူတွေက ဘန်ကောက်မြို့ရှိ ဒီမိုကရေးအထိမ်းအမှတ်ကျောက်တိုင်မှ စုရုံးခဲ့ကြပြီး အစိုးရအိမ်တော်သို့ ချီတက်ကာ ဝန်ကြီးချုပ်ပရာယွတ် နုတ်ထွက်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲရေးနဲ့ ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေး တောင်းဆိုခဲ့ကြပါတယ်။

လတ်တလော ပေါ်ပေါက်နေတဲ့ ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို နိုင်ငံတစ်ဝန်းမှ လူငယ်အုပ်စုများ ပူးပေါင်းထားပြီး Peopele's Party လို့ သိထားကြတဲ့အဖွဲ့က ဦးဆောင်ပြုလုပ်နေခဲ့ပါတယ်။ ယနေ့ညနေမှာ ဆန္ဒပြသူများ ပြန်လည်စုံရုံးလာခဲ့ကြတဲ့ Ratchaprasong နေရာဟာ စီးပွားရေးလုပ်ငန်းများရှိပြီး Central World ဈေးဝယ်စင်တာအနီးမှာ ဖြစ်ပါတယ်။

(Panusaya Sithijirawattanakul ကို ဖမ်းဆီးစဥ်) (Photo: EPA)

ရဲတပ်ဖွဲ့ပြောခွင့်ရအမျိုးသား Krissana Pattanacharoen က Ratchaprasong မှာ ပါဝင်ခြင်းကို အမိန့်ဖီဆန်ပြီး ဥပဒေချိုးဖောက်မှုအဖြစ် ယူဆသတ်မှတ်မယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က ယနေ့ မနက်အစောပိုင်းမှာ လူစုခွဲ ရှင်းလင်းမှုလုပ်ဆောင်ခဲ့စဥ် အဓိကကျတဲ့ ဆန္ဒပြခေါင်းဆောင်တွေ အပါအဝင် လူ ၂၀ ဦးကျော်ကို ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေအနက် Arnon Nampa ၊ Parit Chiwarak နဲ့ Prasit Karutarote တို့ ပါဝင်ခဲ့ကြောင်း သိရပါတယ်။ နောက်ပိုင်းမှာတော့ နောက်ထပ် ဆန္ဒပြခေါင်းဆောင် အမျိုးသမီးတစ်ဦးဖြစ်သူ Panusaya Sithijirawattanakul ကိုလည်း Khaosan လမ်းရှိ ဟိုတယ်တစ်ခုမှာ ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ပြောထားပါတယ်။ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ သုံးလအတွင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဆက်တိုက် ပေါ်ပေါက်နေခဲ့ကာ နိုင်ငံရေးတင်းမာမှု မြင့်တက်နေခဲ့ပါတယ်။

(နောက်ဆက်တွဲသတင်းများရှိလာနိုင်ပါတယ်)

Share

Loading Next Article...
က္က