တစ်ကမ္ဘာလုံးအတိုင်းအတာအရ COVID-19 ကူးစက်မှုတွေဟာ နှေးကွေးလျော့သွားခြင်း မရှိသေးပါဘူး။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ၃၉ သန်း ကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ မြန်မာစံတော်ချိန် အောက်တိုဘာ ၁၅ ရက် သန်းခေါင်ကျော်အချိန် ဖော်ပြထားမှုအရ သိရှိရပါတယ်။ 

(Image: Worldometers webpage screengrab)

၂၀၁၉ နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၁၀ လအတွင်း ကမ္ဘာတစ်ဝန်း လူဦးရေ ၃၉ သန်းကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၁.၁ သန်းကျော် (၁,၁၀၀,၄၆၄ ဦး) သေဆုံးခဲ့ပြီး ၂၉.၂ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။



တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့မှာ ၃၈ သန်းကျော်လွန်ခဲ့တာဖြစ်ပြီး ၃ ရက်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ကတော့ အောက်တိုဘာ ၁၃ ရက်နေ့မှာ ၁,၀၈၅,၄၈၂ ဦးမှ ၃ ရက်အတွင်း ၁၄,၀၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။

(Photo: Reuters)

Worldometers ကိန်းဂဏန်းတွေအရ တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူ ၃၉ သန်းကျော်အနက် ၈.၇ သန်းကျော်ဟာ COVID-19 လူနာအဖြစ် ကုသမှုခံယူနေရဆဲ အခြေအနေလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အမေရိကန်က ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၈.၁ သန်းကျော် ကူးစက်ခံထားရပြီး သေဆုံးသူ ၂၂၂,၀၀၀ ကျော်ရှိခဲ့ပါတယ်။

ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ တောင်အာရှဒေသမှ အိန္ဒိယနိုင်ငံမှာ ကူးစက်မှုတွေ နေ့စဥ် သောင်းဂဏန်း တိုးလာနေဆဲဖြစ်ပြီး ယခုအခါ COVID-19 ကူးစက်ခံရသူ ၇.၃ သန်းကျော်လွန်လာပြီး သေဆုံးသူဦးရေ ၁၁၂,၀၀၀ ကျော်ပြီဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ တတိယမြောက် ကူးစက်မှုအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း ကူးစက်ခံရသူ စုစုပေါင်း ၅.၁၄ သန်းကျော်လွန်လာခဲ့ပြီးနဲ့ သေဆုံးသူကလည်း ၁၅၁,၀၀၀ ကျော်ရှိလာခဲ့ပါတယ်။

(Photo: EPA)

ထိုအတောအတွင်း ဗြိတိန်၊ ပြင်သစ်၊ စပိန် အပါအဝင် ဥရောပဒေသမှာ COVID-19 ကူးစက်မှုတွေ သိသိသာသာ မြင့်တက်နေပါတယ်။ ဗြိတိန်မှာ ကူးစက်မှုထိန်းချုပ်ရန် အစိုးရက ပိတ်ပင်ကန့်သတ်ချက်အသစ်တွေ ထုတ်ပြန်ထားပါတယ်။ ထိုအတောအတွင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ပြင်သစ်နိုင်ငံမှာ ပါရီမြို့အပါအဝင် စုစုပေါင်း မြို့ ၉ မြို့မှာ ည ၉ နာရီမှ မနက် ၆ နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပြီး အောက်တိုဘာ ၁၇ ရက်နေ့မှာ စတင်သက်ရောက်မယ်လို့ သိရပါတယ်။

ထို့အတူ ဥရောပရှိ ဂျာမနီ၊ နယ်သာလန်၊ စပိန်၊ ချက်ရီပတ်ဘလစ်၊ အိုင်ယာလန်၊ အီတလီ၊ ပေါ်တူဂီ၊ ပိုလန်၊ ဘယ်လ်ဂျီယံ နိုင်ငံတွေမှာလည်း ကူးစက်မှုနဲ့ သေဆုံးမှုများ သိသိသာသာ မြင့်တက်နေခဲ့ရာ အစိုးရတွေက ပိတ်ပင်ကန့်သတ်ချက်အသစ်များ ထုတ်ပြန်ဆောင်ရွက်နေကြကြောင်း သိရပါတယ်။

(Photo: Xie Chuanjiao/ChinaDaily)

COVID-19 စတင်တွေ့ရှိခဲ့ရတဲ့ တရုတ်ပြည်မကြီးမှာလည်း ၂ လနီးပါးကြာ ပြည်တွင်းကူးစက်မှုမရှိခဲ့ရာမှ ချင်ဒေါင်မြို့မှာ ပြည်တွင်းကူးစက်မှုအသစ်များ ပြန်တွေ့လာခဲ့ပါတယ်။ လူဦးရေ ၉.၉ သန်းကျော်ရှိတဲ့ အဆိုပါမြို့မှာ ပြင်ပမှဝင်ရောက်လာသူ ကူးစက်ခံ လူနာတွေကို ကုသပေးနေတဲ့ ဆေးရုံတစ်ရုံနဲ့ ဆက်နွယ်နေကြောင်း ယူဆထားတဲ့ ပြည်တွင်းကူးစက်မှုအသစ်များ တွေ့ရှိလာရပြီးနောက် တစ်မြို့လုံးကို COVID-19 စစ်ဆေးနေခဲ့ရာ ၁၃ ဦးမှာ ကူးစက်မှု‌တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ တစ်

ကမ္ဘာလုံးအတိုင်းအတာအရ COVID-19 ကူးစက်မှုတွေဟာ နှေးကွေးလျော့သွားခြင်း မရှိသေးဘဲ ပုံမှန်အားဖြင့် ၃ ရက်နဲ့ ၄ ရက်အတွင်း ၁ သန်းကျော် တိုးလာနေပြီး သေဆုံးမှုကလည်း တရိပ်ရပ် မြင့်တက်လာနေဆဲ ဖြစ်ပါတယ်။

အရှေ့တောင်အာရှမှာလည်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုများ နေ့စဥ် တရိပ်ရိပ်တိုးလာနေဆဲ ဖြစ်ပါတယ်။ လတ်တလော သီတင်းပတ်များအတွင်း အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ မြန်မာနိုင်ငံတို့မှာ COVID-19 ကူးစက်မှုတွေ နေ့စဥ် အများအပြား တိုးလာနေဆဲဖြစ်ပြီး ယခုအခါ အင်ဒိုနီးရှားက အရှေ့တောင်အာရှဒေသတွင်း ဖိလစ်ပိုင်ကိုကျော်လွန်ပြီး ကူးစက်မှုအများဆုံး နိုင်ငံဖြစ်လာပါတယ်။ အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားဟာ COVID-19 ကြောင့် သေဆုံးမှုအများဆုံး နိုင်ငံလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ဩဂုတ်လလယ်မှစပြီး ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ ဆက်တိုက်မြင့်တက်နေခဲ့ပြီး ယခုအခါ အရှေ့တောင်အာရှဒေသတွင်း စတုတ္တမြောက် ကူးစက်မှုအများဆုံးနဲ့ တတိယမြောက် သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ပါတယ်။ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက အောက်တိုဘာ ၁၅ ရက် ည ၈ နာရီအချိန်အထိ ထုတ်ပြန်ထားမှုအရ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၃၂,၁၅၁ ဦး၊ သေဆုံးသူ ၇၆၅ ဦး၊ ပြန်လည်သက်သာပြီး ဆေးရုံမှဆင်းခွင့်ရသူ ၁၄,၇၀၆ ဦးနဲ့ ကုသနေရဆဲ ၁၆,၈၈၀ ဦး ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က