ကျောင်းဆရာကို ခေါင်းဖြတ်သတ်ခဲ့တဲ့ ဓားကိုင်တိုက်ခိုက်သူဟာ ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးစဥ် သေဆုံးခဲ့ပါတယ်။

ပါရီမြို့ အနောက်မြောက်ဘက် ဆင်ခြေဖုံးနေရာတစ်ခုမှာ ယမန်နေ့ (အောက်တိုဘာ ၁၆ ရက်) က ကျောင်းဆရာတစ်ဦး ခေါင်းဖြတ်အသတ်ခံရမှုဟာ အစ္စလာမ်မစ်အကြမ်းဖက်သမား တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ပြောကြားလိုက်ပါတယ်

(အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားရာနေရာအနီး မြင်ကွင်း) (Photo: Reuters)

ပြင်သစ်သမ္မတမက်ခရွန်က အခင်းဖြစ်နေရာကို ရောက်ရှိစဥ်အတွင်း ထိုသို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အဆိုပါ ပြင်သစ်ကျောင်းဆရာက လတ်တလော ရက်ပိုင်းအတွင်း အငြင်းပွားစရာတွေဖြစ်ခဲ့တဲ့ တမန်တော်မိုဟာမက် ကာတွန်းပုံတွေကို တပည့်များအား ပြသခဲ့တယ်လို့ ဆိုပါတယ်။



၎င်းက သမိုင်းဘာသာရပ်ဆရာဖြစ်ပြီး လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်အပေါ် ဆွေးနွေးမှုသင်ခန်းစာတစ်ခုအဖြစ် တမန်တော်မိုဟာမက် ကာတွန်းပုံတွေကို ပြသခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ထိုကျောင်းဆရာက အငြင်းပွားစရာဖြစ်တဲ့ တမန်တော်မိုဟမက် ကာတွန်းပုံတွေကို မပြသမီ မွတ်စလင်မ် တပည့်တွေကို စာသင်းခန်မှ ထွက်ခွာကြရန် ပြောခဲ့တယ်လို့လည်း သိရပါတယ်။

(ခေါင်းဖြတ်ခံရသည့် ကျောင်းဆရာ ဆမ်မြူရယ်ပတ်တီ) (Photo: Daily Mail)

"ကျွန်တော့်သား ပြောတာကတော့ သူက အလွန် ဖော်ရွေ၊ အလွန် ခင်မင်စရာကောင်းပြီး အလွန် ကြင်နာတတ်သူပါ" လို့ Nordine Chaouadi က AFPTV သတင်းဌာနကို ပြောခဲ့ပါတယ်။ ကျောင်းဆရာက မွတ်စလင်မ်ကလေးတွေကို "အပြင်ထွက်ကြပါ၊ ဒီဟာကြောင့် မင်းတို့ကို စိတ်မထိခိုက်စေချင်ဘူးလို့ ပြောခဲ့တယ်၊ အဲဒါက ကျွန်တော့်သား ပြန်ပြောပြခဲ့တာပဲ" လို့ ၎င်းက ဆိုပါတယ်။

ခေါင်းဖြတ်ခံတဲ့ ကျောင်းဆရာရဲ့ အမည်ဟာ ဆမ်မြူရယ်ပတ်တီ (Samuel Paty) ဖြစ်ပြီး ၎င်းဟာ စာသင်ကျောင်းမှာ တမန်တော်မိုဟာမက် ကာတွန်းပုံကို ပြသခဲ့ပြီးနောက် ခေါင်းဖြတ်အသတ်မခံရမီ ခြိမ်းခြောက်မှုလက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ တရားရုံး သတင်းရင်းမြစ်တစ်ခုအရ ပြင်သစ်ကျောင်းဆရာကို ခေါင်းဖြတ်သတ်ခဲ့သူဟာ ၂၀၀၂ ခုနှစ်က ရုရှားနိုင်ငံ မော်စကိုမြို့မှာ မွေးဖွားခဲ့သူလို့ ဆိုပါတယ်။

(ပြင်သစ်သမ္မတမက်ခရွန်) (Photo: AFP)

သို့သော် စုံစမ်းစစ်ဆေးရေးမှူးတွေကတော့ ၎င်းရဲ့ အချက်အလက်တွေကို တရားဝင် အတည်ပြုသိရှိနိုင်ရန် စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က အသတ်ခံရတဲ့ လတ်တလော Twitter အကောင့်တစ်ခုမှာတင်ခဲ့တဲ့ ကျောင်းဆရာရဲ့ ခေါင်းပိုင်းကို ပြသထားတဲ့ ဓာတ်ပုံတစ်ပုံနဲ့ ပတ်သက်ပြီးလည်း စုံစမ်းစစ်ဆေးနေပါတယ်။ ထိုအကောင့်ဟာ နောက်ပိုင်းမှာ ပိတ်သွားခဲ့ပြီး ဖြစ်ပါတယ်။

ကျောင်းဆရာဟာ ယမန်နေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီဝန်းကျင်က Conflans-Saint-Honorine ဒေသရှိ ၎င်းရဲ့ကျောင်းအနီးမှာ ခေါင်းဖြတ်အသတ်ခံခဲ့ရကြောင်း သိရပါတယ်။ ကျောင်းဆရာကို ခေါင်းဖြတ်သတ်ခဲ့တဲ့ ဓားကိုင်တိုက်ခိုက်သူကို ရဲတပ်ဖွဲ့က အဖမ်းခံရန် အော်ဟစ်ပြောခဲ့ပေမဲ့ ၎င်းက လက်မခံဘဲ ခြိမ်းခြောက်လာခဲ့ရာ ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ပြီး နောက်ပိုင်းမှာ ပစ်ခတ်ခံရတဲ့ ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပါတယ်။

(အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားရာနေရာအနီး မြင်ကွင်း) (Photo: AP)

ယခုဖြစ်ရပ်နဲ့ ဆက်စပ်ပြီး အရွယ်မရောက်သေးသူများ အပါအဝင် လူကိုးဦးကို ဖမ်းဆီးခဲ့ကြောင်း တရားရုံး သတင်းရင်းမြစ်တွေက ပြင်သစ်မီဒီယာကို ပြောခဲ့ပါတယ်။ အကြမ်းဖက်သမားက ပြင်သစ်ကျောင်းဆရာကိုသိနိုင်ရန် ကျောင်းသူ/သားတွေကို မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ ပြင်သစ်နိုင်ငံမှာ ၂၀၁၅ ခုနှစ်က နာမည်ကြီး ကာတွန်းဆရာများ အပါအဝင် လူ ၁၂ ဦး သေဆုံးခဲ့တဲ့ Charlie Hebdo သရော်စာမဂ္ဂဇင်းတိုက် အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်ပိုင်း အစ္စလာမ်မစ်အကြမ််းဖက်မှုတွေ ဆက်တိုက် ဖြစ်ပွားနေခဲ့ပါတယ်။

Charlie Hebdo မဂ္ဂဇင်းက အစ္စလာမ်တို့ရဲ့ တမန်တော်မိုဟာမက်ကို သရော်ထားတဲ့ ကာတွန်းပုံကို ဖော်ပြခဲ့ပြီးနောက် ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ထိုနှစ်အတွင်းမှာပင် ပါရီမြို့ရှိ ဂျုးလူမျိုးပိုင် စူပါမတ်ကက်ကို အကြမ်းဖက်သမားများက စီးနင်းခဲ့ပြီး ဓားစာခံများ ဖမ်းဆီးထားမှုဖြစ်ပွားခဲ့ပါတယ်။ စူပါမတ်ကက် အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွင်း အကြမ်းဖက်သမားများ အပါအဝင် လူငါးဦး သေဆုံးခဲ့ပြီး ကိုးဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

Source: AP, BBC

Share

Loading Next Article...
က္က