ရဲတပ်ဖွဲ့က ရေအမြောက်သုံးပြီး ဖြိုခွဲမှုတွေရှိခဲ့ပေမဲ့ ဆန္ဒပြသူတွေ လမ်းမများပေါ် ပြန်လည်စုရုံးလာခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှာ အစိုးရက လူစုလူဝေးမလုပ်ရန် အရေးပေါ်အမိန့်ဒီကရီ ထုတ်ပြန်ထားမှုကို ဖီဆန်ကာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက ယနေ့ (အောက်တိုဘာ ၁၇ ရက်) ဘန်ကောက်မြို့ နေရာအချို့မှာ စုရုံးခဲ့ကြပြီး ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့အစိုးရ နုတ်ထွက်ရန် တောင်းဆိုခဲ့ကြပါတယ်။

(Photo: @PichayadaCNA)

ယမန်နေ့ (အောက်တိုဘာ ၁၆ ရက်) ညပိုင်းမှာ ရဲတပ်ဖွဲ့က ဆန္ဒပြလူအုပ်စုတွေကို ရေအမြောက်သုံးပြီး ဖြိုခွဲမှုတွေရှိခဲ့ပေမဲ့ ယနေ့မှာ ဆန္ဒပြသူတွေ လမ်းမများပေါ် ပြန်လည်စုရုံးလာခဲ့ကြတာ ဖြစ်ပါတယ်။ လတ်တလော ဆန္ဒပြမှုများအတွင်း ဆန္ဒပြသူအများအပြား ဖမ်းဆီးခံခဲ့ကြောင်းလည်း သိရပါတယ်။ ထိုင်းအစိုးရက အရေးပေါ်အမိန့်ဒီကရီဖြင့် လူစုလူဝေးမလုပ်ရန် တားမြစ်ထားပေမဲ့ လူငယ်အဖွဲ့ဦးဆောင်စီစဥ်တဲ့ ဆန္ဒပြမှုတွေ လေးရက်ဆက်တိုက် ဖြစ်ပွားနေခဲ့ပါတယ်။



ယနေ့ ညနေ ၄ နာရီမှာ စုရုံးကြရန် ဆန္ဒပြပွဲစီစဥ်သူတွေက မနက်အစောပိုင်းမှာ ပြောခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ဆန္ဒပြခေါင်းဆောင်တွေက BTS Skytrain ဘူတာရုံနေရာတိုင်းမှာ ညနေ ၃ နာရီအရောက် စုရုံးကြရန် တိုက်တွန်းခဲ့ပါတယ်။ ဆန္ဒပြပွဲစီစီဥ်သူတွေက ၎င်းတို့ ချိန်းဆိုထားတဲ့ အချိန်မတိုင်မီ Skytrain ရထားဝန်ဆောင်မှုတွေ ရပ်ဆိုင်းထားနိုင်တဲ့ အခြေအနေကို စဥ်းစားခဲ့ကြတယ်လို့ ဆိုပါတယ်။

(Photo: Soe Zeya Tun/Reuters)

ထိုင်းအစိုးရက ဘန်ကောက်မြို့ကို ကြာသပတေးနေ့ (အောက်တိုဘာ ၁၅ ရက်) မနက် ၄ နာရီမှစပြီး အရေးပေါ်အမိန့်ဒီကရီ ထုတ်ပြန်ထားခဲ့ကာ လူငါးဦး သို့မဟုတ် ငါးဦးထက်ပိုတဲ့ စုရုံးမှုတွေနဲ့ ဆူပူအုံကြွမှုဖြစ်စေမယ့် လုပ်ဆောင်မှုတွေကို တားမြစ်ထားပါတယ်။ ဆန္ဒပြသူတွေက စစ်တပ်အကြီးအကဲဟောင်း ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ ရာထူးမှနုတ်ထွက်‌ရန်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ရေးဆွဲရန် တောင်းဆိုနေခဲ့ကြပါတယ်။

ဒါ့အပြင် ထိုင်းမှာ ဩဇာကြီးမားတဲ့ မဟာဗာဂျီယာလောင်ကွန်းရဲ့ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရန်လည်း ဆန္ဒပြသူတွေက တောင်းဆိုလာခဲ့ကြပါတယ်။ ဝန်ကြီးချုပ်ပရာယွတ်ကတော့ ရာထူးမှနုတ်ထွက်ရန် တောင်းဆိုမှုတွေကို ပယ်ချထားပြီး ကာဖျူးအမိန့် ထုတ်ပြန်နိုင်ကြောင်း သတိပေးခဲ့ပါတယ်။

(Photo: Athit Perawongmetha/Reuters)

ထိုင်းမှာ အောက်တိုဘာ ၁၃ ရက်နေ့မှစပြီး ဆန္ဒပြသူတွေက ဘုရင်ရဲ့ယာဥ်တန်းဖြတ်သန်းရာ လမ်းမအနီး ယာယီတဲထိုး နေရာယူထားခဲ့ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ထို့နောက် အောက်တိုဘာ ၁၄ ရက်နေ့မှာတော့ ဘန်ကောက်မြို့ရှိ ဒီမိုကရေစီအထိမ်းအမှတ် ကျောက်တိုင်မှာ ဆန္ဒပြသူများ ထောင်နဲ့ချီ စုရုံးခဲ့ကြပြီးနောက် အစိုးရအိမ်တော်ရှေ့ကို ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူအချို့က ထို့နေ့ညမှာလည်း အစိုးရအိမ်တော်ရှေ့မှာ ဆက်လက်ရှိနေခဲ့ကြပြီး အစိုးရက နောက်တစ်နေ့ မနက် ၄ နာရီမှာ အရေးပေါ်အမိန့်ဒီကရီ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အ‌ရေးပေါ်အမိန့်ဒီကရီ ထုတ်ပြန်ပြီးနော မကြာမီမှာပင် အစိုးရအိမ်တော်‌‌ရှေ့ လမ်းမပေါ်ရှိ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ဖယ်ရှားရှင်းလင်းခဲ့ပါတယ်။

(Photo: AFP)

ထိုသို့ ဖယ်ရှားရှင်းလင်းခဲ့စဥ် အဓိကကျတဲ့ ဆန္ဒပြခေါင်းဆောင်တွေ အပါအဝင် လူ ၂၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ထို့နောက် ယမန်နေ့ ညနေ ၄ နာရီအချိန် ဘန်ကောက်မြို့လယ်ရှိ Ratchaprasong မှာ ဆန္ဒပြသူတွေ ပြန်လည်စုရုံးကြပြီး ဆက်လက် ဆန္ဒပြခဲ့ကြရာ ညပိုင်းအရောက်မှာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က ရေအမြောက်သုံးကာ လူစုခွဲခဲ့ပါတယ်။

ထိုစဥ်က ဆန္ဒပြပွဲ အဆုံးသတ်တော့မယ်လို့ ဆန္ဒပြခေါင်းဆောင်တွေက ပြောကြားခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ယနေ့ ပြန်လည်စုရုံးကြပြီး ဆက်လက် ဆန္ဒပြရန် တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။ လတ်တလော ပေါ်ပေါက်နေတဲ့ ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို နိုင်ငံတစ်ဝန်းမှ လူငယ်အုပ်စုများ ပူးပေါင်းထားပြီး Peopele's Party လို့ သိထားကြတဲ့အဖွဲ့က ဦးဆောင်ပြုလုပ်နေခဲ့ပါတယ်။

.

Share

Loading Next Article...
က္က