ဗီယက်နမ်မှာ ငြိမ်းချမ်းနေတဲ့ အချိန်ကာလအတွင်း စစ်တပ်ရဲ့ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း Quang Tri ပြည်နယ်မှာ ယနေ့ (အောက်တိုဘာ ၁၈ ရက်) မနက်အစောပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ရာ စစ်သား ၁၁ ဦး သေဆုံးကြောင်း အတည်ပြုထားပြီး ၁၁ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း အစိုးရက ပြောပါတယ်။

(စစ်တန်းလျားမှာ ဖြစ်ပေါ်ခဲ့သည့် မြေပြိုမှု) (Photo: AP)

ယခုဖြစ်ရပ်ဟာ နှစ်ပေါင်းအတန်ကြာအတွင်း အဆိုးဆုံး ရေကြီးမှုတွေ တွေ့ကြုံနေရတဲ့ ဗီယက်နမ်မှာ ငြိမ်းချမ်းနေတဲ့ အချိန်ကာလအတွင်း စစ်တပ်ရဲ့ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဗီယက်နမ်အလယ်ပိုင်းမှာ အောက်တိုဘာလ အစောပိုင်းမှစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားနေခဲ့ရာ လူ ၇၀ ကျော် သေဆုံးခဲ့ပါတယ်။



လာမယ့် ရက်အနည်းငယ်အတွင်း နောက်ထပ် မိုးသည်းထန်မှုတွေ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။ ယနေ့ မနက်အစောပိုင်းက ဗီယက်နမ်စစ်တပ် 4th Military Region ရဲ့ တပ်စခန်းတစ်ခုရှိ စစ်တန်းလျားနေရာတွေမှာ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း အစိုးရဝက်ဘ်ဆိုက်မှာ ပြောထားပါတယ်။

(Quang Tri မြေပြိုမှုမှ အလောင်းတစ်လောင်းကို သယ်ယူလာစဥ်) (Photo: VNA/AFP)

Quang Tri ပြည်နယ်နဲ့ အိမ်နီးချင်း Thua Thien Hue ပြည်နယ်မှာ မြေပြိုမှုအတွင်း စစ်သားအများစု အပါအဝင် လူ ၁၃ ဦး သေဆုံးခဲ့တဲ့ မြေပြိုမှုဖြစ်ရပ်အပြီး ရက်ပိုင်းအကြာမှာ ယခု မြေပြိုမှုထပ်မံဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ "အိပ်မရနိုင်တဲ့ နောက်ညတစ်ညပါပဲ" လို့ စိတ်ထိခိုက်နေတဲ့ ဒုတိယ ကာကွယ်ရေးဝန်ကြီး Phan Van Giang က သတင်းထောက်တွေကို ယနေ့ ပြောခဲ့ပါတယ်။ နောက်ပိုင်းမှာ အစိုးရက ပြောကြားမှုအရ ပျောက်ဆုံးနေတဲ့ စစ်သား ၁၁ ဦးရဲ့ အလောင်းတွေကို ပြန်ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။

"သဘာဝဘေးအန္တရာယ်ကြောင့် ဗိုလ်ချုပ်ကြီးနှစ်ဦးနဲ့ အဆင့်မြင့်အရာရှိတွေ အပါအဝင် စစ်တပ်တပ်ဖွဲ့ဝင် အများကြီး မဆုံးရှုံးခဲ့ရဖူးပါဘူး" လို့ ဗီယက်နမ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က Facebook ပို့စ်တစ်ခုမှာ ပြောထားပါတယ်။ နိုင်ငံပိုင်မီဒီယာက ယနေ့ ဖော်ပြမှုအရ Quang Tri ပြည်နယ်အတွင်းရှိ မြစ်တွေမှာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ရေမျက်နှာပြင် အမြင့်ဆုံးဖြစ်နေကြောင်း သိရပါတယ်။

(Thua Thien Hue မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်စဥ်) (Photo: VnExplorer)

Thua Thien Hue ပြည်နယ်ရှိ တောင်တန်းထူထပ်တဲ့ နယ်မြေတစ်ခုမှာလည်း ယခုသီတင်းပတ် အစောပိုင်းက မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ပြီး ဆောက်လုပ်ရေးလုပ်သား ၁၅ ဦးထက်မနည်း ပျောက်ဆုံးနေခဲ့ရာ ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေတယ်လို့ ဆိုပါတယ်။ နိုင်ငံအလယ်ပိုင်း နေရာဒေသတွေမှာ လာမယ့် ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၂၁ ရက်) အထိ အများဆုံး မိုးရေချိန် ၂ လက်မ ဆက်လက် ရွာသွန်းနေနိုင်ကြောင်း ဗီယက်နမ် မိုးလေဝသဌာက ယနေ့ ပြောပါတယ်။

(နောက်ဆက်တွဲသတင်းနဲ့ ကိန်းဂဏန်းအချက်အလက် အပြောင်းအလဲရှိနိုင်ပါတယ်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က