အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့ကြောင်း နှစ်နိုင်ငံလုံးက အပြန်အလှန် အပြစ်ဖို့နေခဲ့ကြပါတယ်။

နယ်မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး တိုက်ပွဲများဖြစ်ပွားနေကြတဲ့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား အပစ်အခတ်ရပ်စဲရန် သဘောတူညီချက်အသစ်ရရှိပြီးနောက် မိနစ်ပိုင်းမျှအကြာမှာပင် ပျက်ပြားသွားခဲ့ကြောင်း သိရပါတယ်။

(Photo: EPA)

နှစ်နိုင်ငံလုံးက အပစ်အခတ်ရပ်စဲရေး ပျက်ပြားရမှုအပေါ် အပြန်အလှန် အပြစ်ဖို့ ပြောဆိုနေခဲ့ကြပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့ကလည်း ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ နှစ်နိုင်ငံ ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြပြီးနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြပေမဲ့ နောက်ပိုင်းမှာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။



ယခုတစ်ကြိမ်မှာ နှစ်နိုင်ငံလုံးက စနေနေ့ (အောက်တိုဘာ ၁၇ ရက်) ဒေသစံတော်ချိန် ညသန်းခေါင်မှစပြီး အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ သို့သော် အပစ်အခတ်ရပ်စဲရန် သဘောတူညီချက်ရရှိပြီး လေးမိနစ်မျှအကြာမှာပင် အဇာဘိုင်ဂျန်ဘက်က အမြောက်များနဲ့ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး သဘောတူညီချက်ကို ချိုးဖောက်ခဲ့ကြောင်း အာမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာန‌ ပြောခွင့်ရအမျိုးသမီးက ပြောခဲ့ပါတယ်။

(Photo: Getty Images)

နောက်ပိုင်းမှာ အဇာဘိုင်ဂျန်ကလည်း အာမေးနီးယားဘက်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရပြီး နှစ်မိနစ်မျှအကြာမှာ သဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ဟာ Nagorno-Karabakh နယ်မြေ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၂၇ ရက်မှာ တိုက်ပွဲများ စတင်ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။

ထိုနယ်မြေကို အဇာဘိုင်ဂျန်ရဲ့ အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုထားပေမဲ့ အာမေးနီးယန်းလူမျိုးစုတွေက ထိန်းချုပ်ထားပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ နှစ်နိုင်ငံကြား တိုက်ခိုက်မှုတွေဟာ ဆယ်စုနှစ်များအတွင်း အဆိုးဆုံးဖြစ်လာပြီး နှစ်ဘက်လုံးက တိုက်ပွဲဖြစ်ပွားရမှုနဲ့ ပတ်သက်ပြီး အပြန်အလှန် အပြစ်တင်နေခဲ့ကြပါတယ်။

(Photo: Getty Images)

အောက်တိုဘာ ၁၇ ရက် အစောပိုင်းမှာ ရုရှားက ကြားဝင်ညှိနှိုင်းမှုဖြင့် အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့က လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးနိုင်ရန် အပစ်အခတ်ရပ်စဲမယ်လို့ သဘောတူညီခဲ့ကြပါတယ်။ သို့သော် သဘောတူညီချက်ရရှိပြီး မိနစ်ပိုင်းမျှအကြာမှာပင် တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

သီတင်းသုံးပတ်ကြာပြီဖြစ်တဲ့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား တိုက်ပွဲများကြောင့် သေဆုံးသူ အနည်းဆုံး ရာဂဏန်းပမာဏရှိနိုင်ပြီး လူဦးရေ ထောင်သောင်းချီ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ဟာ Nagorno-Karabakh နယ်မြေအရေး ၁၉၈၈-၉၄ ခုနှစ်အတွင်း စစ်ပွဲဖြစ်ပွားခဲ့ပြီး နောက်ဆုံးမှာ နှစ်ဖက်အပစ်အခတ် ရပ်စဲကြောင်းကြေညာထားခဲ့ကြပါတယ်။

(Photo: Getty Images)

သို့သော် နယ်မြေအငြင်းပွားမှုအပေါ် အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား ပြေလည်မှုမရရှိထားခဲ့သေးကြောင်း သိရပါတယ်။ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ဟာ ၁၉၉၁ ခုနှစ်မှာ ပြိုကွဲသွားခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့ အဖွဲ့ဝင်နိုင်ငံတွေလည်း ဖြစ်ခဲ့ပါတယ်။ အဆိုပါ နှစ်နိုင်ငံဟာ Nagorno-Karabakh နယ်မြေအ‌ရေး ဆယ်စုနှစ်လေးခုကြာ မဖြေရှင်းနိုင်တဲ့ အငြင်းပွားမှုဖြစ်နေခဲ့ကြပါတယ်။

Nagorno-Karabakh နယ်မြေဆိုင်ရာ အချက်အလက်များ

  • ဧရိယာအကျယ်အဝန်း ၁,၇၀၀ စတုရန်းမိုင်ရှိတဲ့ တောင်တန်းနယ်မြေတစ်ခု ဖြစ်ပါတယ်
  • အစဥ်အလာအရ အာမေးနီးယန်း ခရစ်ယာန်တွေနဲ့ တာ့ခ်စ် (Turks) မွတ်စလင်မ်များ နေထိုင်ကြပါတယ်
  • ဆိုဗီယက်ပြည်ထောင်စုခေတ်မှာ အဇာဘိုင်ဂျန်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတစ်ခု ဖြစ်လာခဲ့ပါတယ်
  • နိုင်ငံတကာက အဇာဘိုင်ဂျန်ရဲ့ အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုထားပေမဲ့ လူဦးရေအများစုက အာမေးနီးယန်းလူမျိုးစုတွေ ဖြစ်ကြပါတယ်
  • အာမေးနီးယားဘက်မှ အပါအဝင် ထိုနယ်မြေမှာ ၎င်းတို့ကိုယ်တိုင် အာဏာရှိသူများအဖြစ် ကြေညာထားသူတွေကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက အသိအမှတ်မပြုထားပါဘူး
  • ၁၉၈၈-၉၄ ခုနှစ် နှစ်နိုင်ငံစစ်ပွဲကြောင့် ခန့်မှန်းခြေ လူဦးရေတစ်သန်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရပြီး လူ ၃၀,၀၀၀ ခန့် သေဆုံးခဲ့ပါတယ်
  • ၁၉၈၈-၉၄ ခုနှစ် စစ်ပွဲကာလအတွင်း ခွဲထွက်ရေးဝါဒီတပ်ဖွဲ့တွေက အဇာဘိုင်ဂျန်အတွင်း နောက်ထပ် ပိုင်နက်နယ်မြေအချို့ကို သိမ်းပိုက်ခဲ့ပါတယ်
  • ၁၉၉၄ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီးနောက် စစ်ပွဲဟာ မတိုးသာမဆုတ်သာ အခြေအနေဖြစ်နေခဲ့ပါတယ်
  • တူရကီနိုင်ငံက အဇာဘိုင်ဂျန်ကို အတိအလင်း အားပေးထောက်ခံထားပါတယ်
  • ရုရှားနိုင်ငံက အာမေးနီးယားမှာ စစ်အခြေစိုက်စခန်းတစ်ခု ဖွင့်လှစ်ထားရှိပါတယ်

Share

Loading Next Article...
က္က