ဝန်ကြီးချုပ်ပရာယွတ် နုတ်ထွက်ရန်၊ အခြေခံဥပဒေ အသစ်ရေးဆွဲရန်နဲ့ ဘုရင်စနစ်ပြုပြင်ပြောင်းလဲရန် တောင်းဆိုနေကြပါတယ်။

ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဆက်တိုက် ပေါ်ပေါက်နေခဲ့ပြီးနောက် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက လွှတ်တော်အထူးအစည်းအ‌‌ဝေး ကျင်းပပြုလုပ်မယ်လို့ ယနေ့ (အောက်တိုဘာ ၁၉ ရက်) ပြောကြားလိုက်ပါတယ်။

(ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ) (Photo: Reuters)

ဆန္ဒပြသူတွေက ၎င်း ရာထူးမှနုတ်ထွက်ရေး၊ ဖမ်းဆီးခံရတဲ့ တက်ကြွလှုပ်ရှားသူများကို ပြန်လွှတ်ပေးရေးနဲ့ ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေး အပါအဝင် နောက်ထပ် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်သွားရန် ပြင်ဆင်နေကြရာ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက လွှတ်တော်ခေါ်ယူရန် ပြောလာခဲ့တာ ဖြစ်ပါတယ်။



ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လူငယ်အများစု အပါအဝင် ထောင်သောင်းချီ အရေအတွက်ရှိတဲ့ ဆန္ဒပြသူတွေက လူစုလူဝေးမလုပ်ရန် တားမြစ်ထားတဲ့ အစိုးရရဲ့ အရေးပေါ်အမိန့်ဒီကရီကို ဖီဆန်ကာ ဘန်ကောက်မြို့မှာ စုရုံးဆန္ဒပြခဲ့ကြပါတယ်။ ဘန်ကောက်မြို့မှာ ယမန်နေ့ (အောက်တိုဘာ ၁၈ ရက်) ဆန္ဒပြမှုများအတွင်း လူဦးရေ ၂၀,၀၀၀ ခန့် ပါဝင်ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။

(အောက်တိုဘာ ၁၈ ရက် စုရုံးဆန္ဒပြမှု) (Photo: Reuters)

သို့သော် တက်ကြွလှုပ်ရှားသူတွေနဲ့ ဒေသခံမီဒီယာကတော့ ထိုအရေအတွက်ထက် များစွာပိုမိုတဲ့ ဆန္ဒပြလူအုပ်စုတွေ ပါဝင်ခဲ့ကြတယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက ယနေ့မှာလည်း နောက်ထပ် စုရုံးဆန္ဒပြရန် ပြင်ဆင်ထားခဲ့ကြပြီး ဝန်ကြီးချုပ်ပရာယွတ်က တင်းမာမှုများလျှော့ချရေး ဆွေးနွေးသွားရန် လက်ရှိ ရပ်နားထားတဲ့ လွှတ်တော်အစည်းအ‌ဝေး ပြန်လည်ခေါ်ယူမယ်လို့ ပြောခဲ့ပါတယ်။

"လွှတ်တော် အထူးအစည်းအဝေးခေါ်ယူပြီး ဒီ သဘောထားကွဲလွဲမှု ဖြေရှင်းဖို့ ကျွန်တော်တို့ ထောက်ခံပါတယ်" လို့ ပရာယွတ်က ဆိုပါတယ်။ ဆန္ဒပြသူတွေကို ဥပဒေ မချိုးဖောက်ကြရန်လည်း ဝန်ကြီးချုပ်က သတိပေးခဲ့ကြောင်း AFP သတင်းက ဖော်ပြပါတယ်။ "ဆန္ဒပြသူတွေကို ငြိမ်းချမ်းစွာ ဆန္ဒပြကြဖို့ ကျွန်တော် မေတ္တာရပ်ခံပါတယ်၊ အစိုးရက အမိန့်ဒီကရီအချို့ကို လျှော့ပေးထားခဲ့ပြီး ဖြစ်ပါတယ်" လို့ ဝန်ကြီးချုပ်ပရာယွတ်က ပြောခဲ့ပါတယ်။

(ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများ) (Photo: Reuters)(Photo: AFP)

ဆန္ဒပြခေါင်းဆောင်တွေ ဖမ်းဆီးခံရမှုနဲ့အတူ လက်ရှိမှာ ဦးဆောင်သူမရှိဖြစ်နေတဲ့ ဆန္ဒပြလှုပ်ရှားမှုတွေက ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းခေါင်းဆောင် စစ်တပ်အကြီးအကဲဟောင်း ဝန်ကြီးချုပ်ပရာယွတ် နုတ်ထွက်ရန်၊ စစ်တပ်က ဦးဆောင်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ပြန်လည်ရေးဆွဲရန် တောင်းဆိုနေပါတယ်။

ဒါ့အပြင် ယခုတစ်ကြိမ် ထိုင်းဆန္ဒပြမှုများအတွင်း ဩဇာကြီးမားတဲ့ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရန်လည်း တောင်းဆိုလာခဲ့ကြပါတယ်။ ထိုင်းနိုင်ငံမှာ အောက်တိုဘာ ၁၄ ရက်နေ့မှစပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ နေ့စဥ် ပြုလုပ်နေခဲ့တာဖြစ်ပြီး ယမန်နေ့ကလည်း ငါးရက်မြောက်အဖြစ် ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။

ထိုင်းအစိုးရက ဘန်ကောက်မြို့မှာ အောက်တိုဘာ ၁၅ ရက် မနက် ၄ နာရီမှစပြီး အရေးပေါ်အမိန့်ဒီကရီ ထုတ်ပြန်ထားခဲ့ကာ လူငါးဦး သို့မဟုတ် ငါးဦးထက်ပိုတဲ့ စုရုံးမှုတွေနဲ့ ဆူပူအုံကြွမှုဖြစ်စေမယ့် လုပ်ဆောင်မှုတွေကို တားမြစ်ထားပါတယ်။ သို့သော် ထိုနောက်ပိုင်းမှာလည်း ဆန္ဒပြသူတွေက အမိန့်ဒီကရီကို ဖီဆန်ပြီး နေ့စဥ် ဆက်လက် ဆန္ဒပြနေခဲ့ကြပါတယ်။ ထိုင်းနိုင်ငံတစ်ဝန်းမှ လူငယ်အုပ်စုများက ပူးပေါင်းစီစဥ်ပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို လုပ်ဆောင်နေခဲ့ကြတာ လနဲ့ချီကြာပြီဖြစ်ကာ နိုင်ငံရေးတင်းမာမှု မြင့်တက်နေခဲ့ပါတယ်။


Share

Loading Next Article...
က္က