ဥရောပမှာ ပထမလှိုင်းကူးစက်မှု ဖြစ်ပွားခဲ့စဥ်ကလည်း အဆိုးဆုံး ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံတွေအနက် ပါဝင်ပါတယ်။

ဥရောပဒေသတွင်းရှိ ဘယ်လ်ဂျီယံနိုင်ငံမှာ COVID-19 ကူးစက်မှုလှိုင်းအသစ်ကြောင့် မကြာမီ မနိုင်မနင်းဖြစ်လာနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးက သတိပေး ပြောကြားလိုက်ပါတယ်။

(ကျန်းမာရေးဝန်ကြီး Frank Vandenbroucke) (Photo: Reuters)

ဘယ်လ်ဂျီယံမှာ ကူးစက်မှုလှိုင်းအသစ်ဟာ အာဏာပိုင်တွေ ထိန်းချုပ်နိုင်ခြင်းမရှိတော့တဲ့ "ဆူနာမီ" ဖြစ်ရန်နီးကပ်နေခဲ့ကြောင်း Frank Vandebroucke က သတိပေးခဲ့ပါတယ်။ ဘယ်လ်ဂျီယံမှာ ကူးစက်မှုထိန်းချုပ်ရေး အစီအမံအသစ်များ သတ်မှတ်ထုတ်ပြန်ထားပြီး အောက်တိုဘာ ၁၉ ရက်နေ့မှာ စတင်သက်ရောက်ခဲ့ပါတယ်။ နိုင်ငံတစ်ဝန်း ကူးစက်မှုတွေ တစ်ဟုန်ထိုးမြင့်တက်နေစဥ် ကျန်းမာရေးဝန်ကြီး Frank Vandenbroucke ရဲ့ သတိပေးမှု ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။



COVID-19 ထိန်းချုပ်ကာကွယ်ရေး အစီအမံသစ်တွေအရ ဘားဆိုင်နဲ့ စားသောက်ဆိုင် အားလုံးကို သီတင်းလေးပတ်ကြာ ပိတ်ထားခဲ့ပါတယ်။ ဘယ်လ်ဂျီယံဟာ ယခုနှစ်အစောပိုင်းက ဥရောပမှာ ပထမလှိုင်းကူးစက်မှု ဖြစ်ပွားခဲ့စဥ်ကလည်း အဆိုးဆုံး ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံတွေအနက် ပါဝင်ပါတယ်။ COVID-19 ကြောင့် လူ ၁၀၀,၀၀၀ မှာ သေဆုံးမှုနှုန်းအရ ဘယ်လ်ဂျီယံက ပီရူးနဲ့ ဆန်မာရီယိုပြီးလျှင် တတိယအများဆုံး နိုင်ငံဖြစ်ကြောင်း Johns Hopkins တက္ကသိုလ်ရဲ့ အချက်အလက်တွေအရ သိရှိရပါတယ်။

(Photo: Reuters)

တစ်ကျော့ပြန် မြင့်တက်ဖြစ်ပွားလာတဲ့ ကူးစက်မှုတွေကို ထိန်းချုပ်ကာကွယ်ရန် အစိုးရက အောက်တိုဘာ ၁၉ ရက်နေ့မှစပြီး အိမ်ထောင်စုတစ်ခုသို့ ပြင်ပမှ လူတစ်ဦးသာ လာရောက်ခွင့်ပြုထားပြီး တတ်နိုင်လျှင် နေအိမ်မှသာ အလုပ်လုပ်ကြရန်လည်း ပြောထားပါတယ်။ ထို့အတူ ညသန်းခေါင်မှ နောက်တစ်နေ့မနက် ၅ နာရီအထိ အိမ်ပြင်မထွက်ရန် ကာဖျူးအမိန့်ကို နောက်လအထိ ထုတ်ပြန်ထားပြီး အရက်ရောင်းချမှုကို ည ၁၀ နာရီအထိသာ ခွင့်ပြုထားကြောင်း သိရပါတယ်။

ဘယ်လ်ဂျီယံမြို့တော် ဘရပ်ဆဲလ်မြို့နဲ့ နိုင်ငံတောင်ပိုင်းမှ အခြေအနေဟာ ဥရောပမှာ အန္တရာယ်အရှိဆုံး ဖြစ်နေတယ်လို့ ကျန်းမာရေးဝန်ကြီး Frank Vandebroucke က ရှင်းပြပါတယ်။ အစိုးရအနေနဲ့ ပြည်သူသို့ အမှာစကားတစ်ခုသာရှိပြီး ထိုအမှာစကားဟာ "ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ၊ ကိုယ်ချစ်ရသူတွေကို ကာကွယ်ပါ၊ သို့မှသာ ကူးစက်ပျံ့နှံ့မှု မဖြစ်စေမှာပါ" လို့ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက RTL သတင်းဌာနကို ပြောခဲ့ပါတယ်။

(Photo: Belga)

ဘယ်လ်ဂျီယံ ကျန်းမာရေးနဲ့ သုတေသနဆိုင်ရာ အဖွဲ့အစည်း Sciensano ရဲ့ အဆိုအရ ပြီးခဲ့တဲ့ ခုနစ်ရက်အတွင်း ဘယ်လ်ဂျီယံမှာ ပျမ်းမျှအားဖြင့် နေ့စဥ် ကူးစက်မှုအသစ် ၇,၈၇၆ ဦး တိုးလာခဲ့ပြီး ယခင်တစ်ပတ်ကထက် ၇၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ (အောက်တိုဘာ ၁၃ ရက်) ထုတ်ပြန်မှုအရ ဘယ်လ်ဂျီယံမှာ ၂၄ နာရီအတွင်း ကူးစက်ခံရသူ ၁၂,၀၅၁ ဦး တိုးလာခဲ့ရာ ကပ်ရောဂါစတင်ခဲ့ချိန်နောက်ပိုင်း နေ့အလိုက် ကူးစက်မှုအမြင့်ဆုံး စံချိန်တင်ခဲ့ပါတယ်။

(Photo: Reuters)

ဘယ်လ်ဂျီယံမှာ COVID-19 ကြောင့် ဆေးရုံတက်ရမှုဟာလည် မြင့်တက်လာခဲ့ပြီး အောက်တိုဘာ ၁၉ ရက်နေ့မှာ ၂,၄၈၅ ဦး ဆေးရုံတက်ခဲ့ရပါတယ်။ ယခုနှုန်းအတိုင်းသာ ဆက်လက် တိုးနေခဲ့ပါက နိုဝင်ဘာလလယ်အရောက်မှာ ဘယ်လ်ဂျီယံရဲ့ အရေးပေါ် ကြပ်မတ်ကုသမှု လူနာကုတင်အရေအတွက် ၂,၀၀၀ လုံး ပြည့်သွားလိမ့်မယ်လို့ တာဝန်ရှိသူတွေက သတိပေးပါတယ်။

"အခြေအနေက အသည်းအသန်ပါပဲ၊ အခုဖြစ်နေတာက lockdown လုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ မတ် ၁၈ ရက်ထက် ပိုဆိုးနေပါတယ်" လို့ ဘယ်လ်ဂျီယံဝန်ကြီးချုပ် Alexander De Croo က RTL ကို ပြောခဲ့ပါတယ်။ လတ်တလော သီတင်းပတ်များအတွင်း ဥရောပတစ်လွှားမှာ COVID-19 ကူးစက်မှုတွေ မြင့်တက်နေပြီး နိုင်ငံအသီးသီးက ကူးစက်မှုထိန်းချုပ်ရေး ပိတ်ပင်ကန့်သတ်ချက်အသစ်များ ထုတ်ပြန်ဆောင်ရွက်နေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က