Voice TV ကို လုပ်ငန်းရပ်ဆိုင်းထားရန် ညွှန်ကြားခဲ့ပြီး Telegram အက်ပလီကေးရှင်းကို ကန့်သတ်ထားပါတယ်။

ထိုင်းနိုင်ငံမှာ ဆန္ဒပြမှုသတင်းတွေ အချိန်နဲ့တစ်ပြေးညီ ဖော်ပြခဲ့တဲ့ အွန်လိုင်းတီဗီသတင်းဌာနတစ်ခုကို လုပ်ငန်းရပ်ဆိုင်းထားရန် အစိုးရက ယနေ့ (အောက်တိုဘာ ၂၀ ရက်) ညွန်ကြားချက်ထုတ်လိုက်ကြောင်း သိရပါတယ်။

(Photo: Reuters)

သုံးလကြာပြီဖြစ်တဲ့ ဆန္ဒပြမှုတွေကို အဆုံးသတ်ရန် ရည်ရွယ်ထားတဲ့ အစိုးရရဲ့ အရေးပေါ်အမိန့်ဒီကရီကိုလည်း အဆိုပါ အွန်လိုင်းတီဗီက ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ Voice TV အမည်ဖြင့် ထိုင်းအွန်လိုင်းတီဗီဟာ မမှန်ကန်တဲ့ သတင်းအချက်အလက်တွေကို လွှင့်တင်ခြင်းဖြင့် ကွန်ပျူတာရာဇဝတ်မှုအက်ဥပဒေ (Computer Crime Act) ကိုလည်း ချိုးဖောက်ခဲ့ကြောင်း ဒစ်ဂျစ်တယ်ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Putchapong Nodthaisong က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။



ထိုင်းနိုင်ငံဟာ ဆန္ဒပြမှုတွေနဲ့ သတင်းဖော်ပြမှုတွေကို တားမြစ်ပိတ်ပင်မှုအတွက် လူ့အခွင့်အရေးအုပ်စုတွေက ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ ဆန္ဒပြသူတွေက ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ နုတ်ထွက်ရေးနဲ့ ဩဇာကြီးမားတဲ့ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆိုနေခဲ့ကြပါတယ်။ Voice TV အယ်ဒီတာချုပ် Rittikorn Mahakhachabhorn ကတော့ တရားရုံးအမိန့်ညွှန်ကြားချက် ရောက်မလာမချင်း ထုတ်လွှင့်တင်ဆက်မှုတွေ ဆက်လုပ်နေမယ်လို့ ပြောထားပါတယ်။

(Photo: Reuters)

"ကျွန်တော်တို့က သတင်းမူဝါဒတွေအပေါ် အခြေခံပြီး လုပ်ဆောင်နေတယ်ဆိုတာ အခိုင်အမာ ပြောပါတယ်၊ ကျွန်တော်တို့အလုပ်ကို ကျွန်တော်တို့ ဆက်လုပ်နေမှာပါ" လို့ ၎င်းက ဆိုပါတယ်။ ထိုင်းအစိုးရက အောက်တိုဘာ ၁၉ ရက်နေ့မှာ ပြောကြားမှုအရ အခြား မီဒီယာအဖွဲ့အစည်းသုံးခုကိုလည်း စုံစမ်းစစ်ဆေးနေကြောင်းလည်း သိရပါတယ်။

Voice TV ကို ဝန်ကြီးချုပ်ဟောင်းတွေဖြစ်ကြတဲ့ သက်ဆင်ရှင်နာဝပ်နဲ့ ယင်လတ်တို့ မောင်နှမရဲ့ မိသားစုက တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ထားပါတယ်။ သက်ဆင်နဲ့ ယင်လတ်တို့ နှစ်ဦးလုံးဟာ စစ်အာဏာသိမ်းမှုဖြင့် ဖြုတ်ချခံခဲ့ရပြီး ယင်လတ်ကိုဖြတ်ချခဲ့တဲ့ ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုကိုတော့ စစ်တပ်အကြီးအကဲဟောင်းနဲ့ လက်ရှိဝန်ကြီးချုပ် ပရာယွတ်က ဦးဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

(Photo: Reuters)

ထိုင်းနိုင်ငံမှာ ဇူလိုင်လလယ်မှစပြီး လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့ကာ ဘုရင်မဟာဗာဂျီယာလောင်ကွန်းလက်ထက် ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရန် ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ် တောင်းဆိုမှုတွေရှိလာခဲ့ပါတယ်။ ဆန္ဒပြမှုတွေကို ထိုင်းနိုင်ငံတစ်ဝန်းမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်အုပ်စုတွေက ဦးဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

လတ်တလောမှာ အောက်တိုဘာ ၁၄ ရက်မှစပြီး ဆန္ဒပြမှုတွေ ပိုမိုအရှိန်မြင့်လာခဲ့ရာ ထိုင်းအစိုးရက အောက်တိုဘာ ၁၅ ရက် မနက် ၄ နာရီမှာ စတင်သက်ရောက်တဲ့ အရေးပေါ်အမိန့်ဒီကရီတစ်ရပ် ထုတ်ပြန်ခဲ့ပြီး ဆန္ဒပြမှတွေ အဆုံးသတ်ရန် လုပ်ဆောင်လာခဲ့ပါတယ်။ ထိုအရေးပေါ်အမိန့်ဒီကရီအရ ဆန္ဒပြသူတွေကို ဖယ်ရှားရှင်းလင်းမှုအတွင်း ဆန္ဒပြခေါင်းဆောင်များ အပါအဝင် လူ ၂၀ ကျော် အဖမ်းခံခဲ့ရပါတယ်။

(Photo: AP)

အရေးပေါ်အမိန့်ဒီကရီအရ လူငါးဦး သို့မဟုတ် ငါးဦးထက်ပိုတဲ့ စုရုံးမှုတွေနဲ့ ဆူပူအုံကြွမှုဖြစ်စေမယ့် လုပ်ဆောင်မှုတွေကို တားမြစ်ထားပါတယ်။ သို့သော် ဆန္ဒပြသူတွေက အစိုးရရဲ့ အရေးပေါ်အမိန့်ဒီကရီကို ဖီဆန်ပြီး နောက်ရက်တွေမှာလည်း ဆက်လက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ထိုင်းအစိုးရက မီဒီယာတွေအပြင် ဆန္ဒပြသူတွေကြား ဆက်သွယ်ရာမှာ အဓိက အသုံးပြုတယ်လို့ ယူဆထားတဲ့ Telegram မိုဘိုင်းအက်ပလီကေးရှင်းကို ကန့်သတ်ထိန်းချုပ်ထားခဲ့ကြောင်း သိရပါတယ်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဆက်တိုက် ပေါ်ပေါက်နေခဲ့ပြီးနောက် ဝန်ကြီးချုပ်ပရာယွတ်က ရပ်နားထားတဲ့ လွှတ်တော်အစည်းအ‌‌ဝေး ပြန်လည်ခေါ်ယူပြီး တင်းမာမှုတွေလျှော့ချရန် ဆွေးနွေးသွားမယ်လို့ ယမန်နေ့ (အောက်တိုဘာ ၁၉ ရက်) မှာ ပြောခဲ့ပါတယ်။ ထိုင်းနိုင်ငံတစ်ဝန်းမှ လူငယ်အုပ်စုများက ပူးပေါင်းစီစဥ်ပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို လုပ်ဆောင်နေခဲ့ကြတာ လနဲ့ချီကြာပြီဖြစ်ကာ နိုင်ငံရေးတင်းမာမှု မြင့်တက်နေခဲ့ပါတယ်။

Share

Loading Next Article...
က္က