တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှ ခရီးသွား ၃၉ ဦး ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှ ခရီးသွား ၃၉ ဦးကို အောက်တိုဘာ ၂၀ ရက်မှာ ပြည်ဝင်ခွင့်ပြုလိုက်ခြင်းဖြင့် ၇ လနီးပါးကြာ ပြည်ခရီးသွားဝင်ခွင့် ပိတ်ပင်ထားမှုကို အဆုံးသတ်ပြီး ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်စတင်လိုက်ပါတယ်။

(လေဆိပ်မှာ ကူးစက်မှုထိန်းချုပ်ရေးဆောင်ရွက်စဥ်) (Photo: Somchai Poomlard/Bangkok Post)

ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်ကို ယနေ့ ရောက်ရှိလာကြတဲ့ တရုတ်ခရီးသွားတွေကို ခရီးသွားလုပ်ငန်း တစ်ဆင့်ချင်းပြန်ဖွင့်ရန် စီစဥ်ထားမှုအရ ထိုင်းအာဏာပိုင်တွေက အထူးခရီးသွားဗီဇာဖြင့် ပြည်ဝင်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းဟာ ထိုင်းနိုင်ရဲ့ စီးပွားရေးအတွက် အဓိက အားထားရတဲ့ လုပ်ငန်းတစ်ခုဖြစ်နေပြီး ယမန်နှစ်အတွင်း ပြည်ပခရီးသွား သန်း ၄၀ နီးပါး ဝင်ရောက်ခဲ့ပြီး ပြည်ပခရီးသွားတွေရဲ့ ပြည်ပခရီးသွားတွေရဲ့ ငွေသုံးစွဲမှုဟာ ထိုင်းနိုင်ငံ GDP ရဲ့ ၁၁.၄ ရာခိုင်နှုန်းဖြစ်တယ်လို့ ဆိုပါတယ်။



၂၀၁၉ ခုနှစ်မှာ ထိုင်းနိုင်ငံဟာ တရုတ်ခရီးသွားတွေအတွက် ပြည်ပခရီးထွက်ကြတဲ့ ထိပ်ဆုံးနေရာတစ်ခု ဖြစ်ခဲ့တာကြောင့်လည်း တရုတ်နိုင်ငံမှ ခရီးသွားတွေကို ပထမဆုံး ပြန်လည်လက်ခံရန် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံသားအလိုက် နှိုင်းယှဥ်မှုအရ ယမန်နှစ်အတွင်း ထိုင်းနိုင်င်ငံသို့ လာရောက်ခဲ့ကြတဲ့ ပြည်ပခရီးသွားတွေအနက် တရုတ်နိုင်ငံသားက အရေအတွက် အများဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

(ဇူလိုင်လအတွင်း ဘန်ကောက်မှာတွေ့ရသည့် ခရီးသွားအချို့) (Photo: Reuters)

ထိုင်းအစိုးရရဲ့ အထူးခရီးသွားဗီဇာအရ နိုင်ငံမှာ အနည်းဆုံး ရက် ၃၀ နေထိုင်ရန်သေချာတဲ့ ပြည်ပခရီးသွားတွေကို ရက် ၉၀ သက်တမ်း ဗီဇာထုတ်ပေးပြီး နှစ်ကြိမ် သက်တမ်းတိုးနိုင်ကြောင်း သိရပါတယ်။ ထိုင်းကိုလာရောက်တဲ့ ခရီးသွားတွေဟာ အစိုးရက ခွင့်ပြုပေးထားတဲ့ ဟိုတယ် သို့မဟုတ် ဆေးရုံမှာ ၁၄ ရက်ကြာ အသွားအလာကန့်သတ် နေထိုင်ရမှာဖြစ်ပြီး ရက်ရှည်နေထိုင်ရန် နေရာထိုင်ခင်းစီစဥ်ထားကြောင်း အတည်ပြု တင်ပြရမှာလည်း ဖြစ်ပါတယ်။

ထို့အတူ အထူးအာမခံထားရှိရမှာဖြစ်ပြီး ထိုင်းမှပြန်ထွက်ခွာမီ COVID-19 စစ်ဆေးမှုခံယူရမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်ပခရီးသွားတွေဟာ တရားဝင် COVID-19 ခြေရာခံ အက်ပလီကေးရှင်းတစ်ခုကို ထိုင်းမှာနေထိုင်စဥ်အတွင်း မိုဘိုင်းဖုန်းမှာ ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။ လေဆိပ်မှာ ခရီးသွားတွေအတွက် မိနစ် ၉၀ အတွင်း COVID-19 ရှိ မရှိ စစ်ဆေးပေးနိုင်တဲ့စနစ်တစ်ခု အသင့်ဖြစ်နေပြီဖြစ်ကြောင်း လေဆိပ်ထုတ်ပြန်ချက်အတွင်း လုပ်ငန်းမန်နေဂျာတစ်ဦးဖြစ်သူ Kittipong Kittikachorn ရဲ့ ပြောကြားမှုကို ကိုးကားဖော်ပြထားပါတယ်။

(ကိုဗစ်မတိုင်မီ ထိုင်းကိုလာရောက်ခဲ့ကြတဲ့ ခရီးသွားအချို့) (Photo: The Thaiger)

ထိုင်းလေဆိပ်ကို ရောက်ရှိလာတဲ့ ပြည်ပခရီးသွားတွေဟာ လေဆိပ်တစ်လျှောက် အပူချိန်တိုင်းတာမှု နေရာသုံးခုကို ဖြတ်သန်းသွားရမယ်လို့ ဆိုပါတယ်။ "ကျွန်တော်တို့ရဲ့ အစီအမံအားလုံးက စနစ်တကျနဲ့ နိုင်ငံတကာစံချိန်စံညွှန်းတွေအတိုင်း ဖြစ်တယ်လို့ ကျွန်တော်တို့ လူတိုင်းကို အခိုင်မာ ပြောနိုင်ပါတယ်" လို့ Kittipong Kittikachorn က AP သတင်းဌာနကို ပြောခဲ့ပါတယ်။ မီဒီယာတွေကိုတော့ ထိုင်းနိုင်ငံသို့ ခုနစ်လနီးပါးအတွင်း ပထမဆုံး ရောက်ရှိလာခဲ့ကြတဲ့ တရုတ်ခရီးသွားတွေနဲ့ တွေ့ဆုံခွင့်မပြုထားဘူးလို့ ဆိုပါတယ်။

ယခုလနှောင်းပိုင်းမှာ တရုတ်နိုင်ငံမှ အခြား လေကြောင်းခရီးစဥ် နှစ်ခုထက်မနည်း လာရောက်မယ်လို့ ခန့်မှန်းထားပြီး ထိုင်းခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာနက နိုဝင်ဘာလအစောပိုင်းမှာ ပြည်ပခရီးသွား ၄၀၀ ခန့် ဝင်ရောက်မယ်လို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ နောက်ထပ် လေကြောင်းခရီးစဥ်တွေဟာ ထိုင်းတောင်ပိုင်းရှိ အပန်းဖြေစခန်းရှိရာ ဖူးခက်ကျွန်းကဲ့သို့ ခရီးသွားများကြား ကျော်ကြားတဲ့ နေရာတွေမှာ ဆင်းသက်နိုင်တယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က