စစ်ဆေးကိရိယာတစ်ခုရဲ့ ဈေးနှုန်းဟာ မြန်မာကျပ်ငွေ ၈,၈၀၀ ခန့်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံတစ်ဝန်းမှာ တန်ဖိုးနည်းပြီး COVID-19 ရှိ မရှိ အမြန်စစ်ဆေးနိုင်တဲ့ စက္ကူအခြေခံ စစ်ဆေးကိရိယာတွေ မကြာမီ အသုံးပြုနိုင်တော့မယ်လို့ ဆိုပါတယ်။

(Photo: Medical Express)

သိပ္ပံပညာရှင်တွေက ထိုစစ်ဆေးကိရိယာက ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ဖြစ်ပွားမှု အဆိုးဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေတဲ့ အိန္ဒိယမှာ ကူးစက်မှုထိန်းချုပ်ရေး အကူအညီဖြစ်မယ်လို့ မျှော်လင့်ထားပါတယ်။ အိန္ဒိယဟာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၇.၅ သန်းကျော် တွေ့ရှိထားရပြီး အမေရိကန်ပြီးလျှင် ကမ္ဘာတစ်ဝန်း ဒုတိယကူးစက်မှုအများဆုံး နိုင်ငံဖြစ်ပါတယ်။



အိန္ဒိယမှာ ကူးစက်မှုတွေဟာ လူနေထူထပ်တဲ့ မွမ်ဘိုင်းကဲ့သို့ မြို့ကြီးများမှ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှု အကန့်အသတ်ရှိတဲ့ ကျေးလက်ဒေသများအထိ ပျံ့နှံ့ဖြစ်ပွားနေခဲ့ပါတယ်။ အိန္ဒိယပြည်တွင်းထုတ် Feluda လို့ အမည်ပေးထားတဲ့ စစ်ဆေးကိရိယာကို အိမ်မှာပင် ကိုယ်ဝန်ရှိ မရှိ စစ်ဆေးနိုင်တဲ့ စက္ကူချောင်း စစ်ဆေးကိရိယာပုံစံတူ ပြုလုပ်ထားခြင်းဖြစ်ပြီး COVID-19 ရှိ မရှိ တစ်နာရီအတွင်း အဖြေသိရှိနိုင်မှာ ဖြစ်ပါတယ်။

(Photo: Medical Express)

တန်ဖိုးနည်းပြီး အလွယ်တကူ အသုံးပြုနိုင်တဲ့ COVID-19 စစ်ဆေးကိရိယာက ဆင်းရဲသားရပ်ကွက်တွေနဲ့ အစွန်အဖျားဒေသတွေမှာ ကူးစက်မှုတွေကို ထိန်းချုပ်ကာကွယ်ရေး ကူညီနိုင်မယ်လို့ သုတေသီတွေက အကောင်းမြင် မျှော်လင့်ထားပါတယ်။

"ဒီ စစ်ဆေးမှုက ဆန်းပြားရှုပ်ထွေးတဲ့ ကိရိယာ သို့မဟုတ် အထူးလေ့ကျင့်ထားတဲ့ လူအင်အား မလိုအပ်ပါဘူး" လို့ Feluda စစ်ဆေးကိရိယာကို ပူးတွဲတီထွင်ဖန်တီးခဲ့သူ နယူးဒေလီမြို့ရှိ CSIR-Institute of Genomics and Integrative Biology (IGIB) မှ သိပ္ပံပညာရှင် Souvik Maiti က ပြောပါတယ်။

(Photo: AFP)

"အိန္ဒိယမှာ ခေတ်မီ ဓာတ်ခွဲခန်းတွေမရှိတဲ့ ဝေးလံတဲ့ နေရာဒေသတွေ အများကြီးပါ၊ ဒီ စစ်ဆေးကိရိယာက အဲဒီလိုနေရာတွေမှာ အများကြီး အသုံးပြုရလွယ်ကူပါလိမ့်မယ်၊ ရောက်ရှိနိုင်မှု ပိုပြီး ကျယ်ပြန့်ပါလိမ့်မယ်" လို့ ၎င်းကဆိုပါတယ်။ လက်ရှိမှာ အိန္ဒိယက COVID-19 ရှိ မရှိ RT-PCR ခေါ် စစ်ဆေးမှု အသုံးပြုနေပြီး ထိုစစ်ဆေးမှုဟာ တိကျမှန်ကန်ပေမဲ့ ခေတ်မီ ဓာတ်ခွဲခန်းစက်ကိရိယာ လိုအပ်ပါတယ်။

အိန္ဒိယမှာ နောက်ထပ် အသုံးပြုနေတဲ့ Antigen စစ်ဆေးကိရိယာကတော့ မိနစ်ပိုင်းအတွင်း အဖြေသိရှိနိုင်ပြီး ကုန်ကျစရိတ်သက်သာပေမဲ့ တိကျမှန်ကန်မှုပိုင်း အားနည်းချက်ရှိတယ်လို့ ဆိုပါတယ်။ Feluda ဟာ အခြားနိုင်ငံတွေမှာ ထုတ်လုပ်ထားတဲ့ စက္ကူအခြေခံ တန်ဖိုးနည်း စစ်ဆေးကိရိယာတွေကဲ့သို့ပင် PCR စစ်ဆေးမှုရဲ့ တိကျမှန်ကန်မှုနဲ့ Atigen စစ်ဆေးကိရိယာကဲ့သို့ အလွယ်တကူ အသုံးပြုနိုင်မှုတို့ကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။

(Photo: Reuters)

Feluda အမည်ဟာ အိန္ဒိယမှာ ထင်ရှားကျော်ကြားတဲ့ ဝထ္ထုရှည်ထဲမှ စုံထောက်ဇာတ်ကောာင်ရဲ့ အမည်လည်းဖြစ်ပါတယ်။ Feluda စစ်ဆေးကိရိယာက CRISPR-Cas9 ခေါ် မျိုးဗီဇစိစစ်တဲ့ နည်းပညာကို အသုံးပြုထားကြောင်း သိရပါတယ်။ ထိုနည်းပညာကို ရင်းနှီးမြုပ်နှံ ဖန်တီးခဲ့သူ အမျိုးသမီးတွေဖြစ်တဲ့ Jennifer Doudn နဲ့ Emmanuelle Charpentier တို့ဟာ ၂၀၂၀ ခုနှစ်အတွက် ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုကို လတ်တလော ရရှိထားခဲ့ကြပါတယ်။

တန်ဖိုးနည်းပြီး သုံးရလွယ်ကူတဲ့ Feluda စစ်ဆေးကိရိယာကို COVID-19 စစ်ဆေးရာမှာ အသုံးပြရန် အိန္ဒိယအစိုးရရဲ့ သက်ဆိုင်ရာအာဏာပိုင်ဌာနက ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီး Harsh Vardhan က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောကြားခဲ့မှုအရ Feluda စစ်ဆေးကိရိယာကို လာမယ့် သီတင်းပတ်အနည်းငယ်အတွင်း အိန္ဒိယ စီးပွားရေးလုပ်ငန်းစု Tata Group က ဖြန့်ဖြူးသွားနိုင်မယ်လို့ သိရပါတယ်။

Feluda ကို သတ်မှတ်ချိန်အတိုင်း ရရှိနိုင်ပါက အိန္ဒိယဟာ ထိုကဲ့သို့ စစ်ဆေးကိရိယာကို လူအမြောက်အမြားမှာ အသုံးပြုတဲ့ ပထမဆုံး ကမ္ဘာ့နိုင်ငံတွေထဲမှာ ပါဝင်လာမယ်လို့ ဆိုပါတယ်။ COVID-19 ရှိ မရှိ အလွယ်တကူ အမြန်စစ်ဆေးနိုင်ပြီး တန်ဖိုးနည်းတဲ့ Feluda စစ်ဆေးကိရိယာရဲ့ ဈေးနှုန်းကို တရားဝင် ထုတ်ပြန်ထားခြင်းမရှိသေးဘူးလို့ AFP သတင်းက ဖော်ပြပါတယ်။

သို့သော် ဒေသခံမီဒီယာကတော့ Feluda စစ်ဆေးကိရိယာတစ်ခုရဲ့ ဈေးနှုန်းဟာ အိန္ဒိယရူပီးငွေ ၅၀၀ ဝန်းကျင် (မြန်မာကျပ်ငွေ ၈,၈၀၀ ဝန်းကျင်) ဖြစ်နိုင်ကြောင်းနဲ့ ထိုငွေပမာဏဟာ နယူးဒေလီမြို့မှာ COVID-19 ရှိ မရှိ PCR စစ်ဆေးမှုကုန်ကျစရိတ်ရဲ့ ငါးပုံတစ်ပုံခန့်ဖြစ်ကြောင်း ပြောပါတယ်။ အိန္ဒိယနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကြောင့် သေဆုံးသူ ၁၁၅,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာလာသူ ၆.၇ သန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က