ဝန်ကြီးချုပ်ပရာယွတ် ရုပ်သံမိန့်ခွန်းပြောကြားစဥ် သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေက အစိုးရအိမ်တော်သို့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှာ သုံးလကြာ ပေါ်ပေါက်နေခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို ရပ်တန့်ရန် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့တဲ့ အရေးပေါ်အမိန့်ဒီကရီကို ရုပ်သိမ်းရန် ပြင်ဆင်နေကြောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ယနေ့ (အောက်တိုဘာ ၂၁ ရက်) ပြောပါတယ်။

(အစိုးရဆန့်ကျင့်ရေး ဆန္ဒပြသူများ) (Photo: Jorge Silva/ Reuters)

အောက်တိုဘာ ၁၅ ရက် မနက် ၄ နာရီမှာ စတင်သက်ရောက်ခဲ့တဲ့ ထိုအရေးပေါ်အမိန့်ဒီကရီက ဆန္ဒပြမှုတွေကို မရပ်တန့်နိုင်ဘဲ အစိုးရဆန့်ကျင်ရေးနဲ့ ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေး ပိုမိုကြီးမားတဲ့ စုရုံးဆန္ဒပြမှုတွေပင် ဆက်လက် ဖြစ်ပွားနေခဲ့ပါတယ်။ ယနေ့မှာ စစ်တပ်အကြီးအကဲဟောင်းဖြစ်တဲ့ ဝန်ကြီးချုပ်ပရာယွတ်က နိုင်ငံကို ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားစဥ် ထောင်သောင်းချီတဲ့ ဆန္ဒပြသူတွေက ၎င်းရဲ့ရုံးခန်းသို့ စုရုံးချီတက် ဆန္ဒပြခဲ့ကြပြီး အရေးပေါ်အမိန့်ဒီကရီ ရုပ်သိမ်းပေးခြင်းဖြင့် မလုံလောက်ကြောင်း အများအပြားက ပြောဆိုခဲ့ကြပါတယ်။



အစိုးရက ဘန်ကောက်မြို့မှာ အရေးပေါ်အမိန့်ဒီကရီ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ဆန္ဒပြသူတွေက ထိုအမိန့်ကိုဖီဆန်ကာ သုံးလအတွင်း အကြီးဆုံး ဆန္ဒပြမှုများအဖြစ် လူဦးရေ သောင်းနဲ့ချီပါဝင်ကာ ဆက်လက် ဆန္ဒပြနေခဲ့ကြပါတယ်။ ၎င်းတို့က ဝန်ကြီးချုပ်ပရာယွတ် နုတ်ထွက်ရေးနဲ့ ဘုရင်မဟာဗာဂျီယာလောင်ကွန်းရဲ့ ဩဇာအာဏာကို ကန့်သတ်ထိန်းချုပ်ပြီး ဘုရင်စနစ်ပြုပြင်ပြောင်းလဲရန် တောင်းဆိုခဲ့ကြပါတယ်။

(ထိုင်းဝန်ကြီးချုပ်ပရာယွတ်) (Photo: Government House)

"တင်းမာမှုတွေ မြင့်တက်နေတာကို လျှော့ချာ့ဖို့ ကျွန်တော် ပထမဆုံး ဆောင်ရွက်သွားမှာပါ၊ လတ်တလော ဘန်ကောက်မြို့ အရေးပေါ်အမိန့်ဒီကရီကို ရုပ်သိမ်းဖို့အတွက် ပြင်ဆင်နေပြီး အကြမ်းဖက်ဖြစ်ရပ်တွေ မရှိဘူးဆိုရင် ရုပ်သိမ်းသွားမှာ ဖြစ်ပါတယ်" လို့ ပရာယွတ်က ပြောခဲ့ပါတယ်။ ဘန်ကောက်မှာ ထုတ်ပြန်ထားတဲ့ အရေးပေါ်စီမံမှုဆိုင်ရာ အမိန့်ဒီကရီအရ လူငါးဦး သို့မဟုတ် ငါးဦးထက်ပိုတဲ့ စုရုံးမှုတွေနဲ့ ဆူပူအုံကြွမှုဖြစ်စေမယ့် လုပ်ဆောင်မှုတွေကို တားမြစ်ထားပါတယ်။

ဘန်ကောက်မြို့ အရေးပေါ်အမိန့်ဒီကရီကို ရုပ်သိမ်းဖို့အတွက် ပြင်ဆင်နေပြီး အကြမ်းဖက်ဖြစ်ရပ်တွေ မရှိဘူးဆိုရင် ရုပ်သိမ်းသွားမှာ ဖြစ်ပါတယ်

"ပရမ်းပတာအခြေအနေကို အလွယ်တကူ ကျရောက်သွားနိုင်တဲ့ ဆင်ခြေလျှောအစွန်းကနေ ကျွန်တော်တို့ နောက်ပြန်ဆုတ်ရပါမယ်" လို့လည်း ဝန်ကြီးချုပ်ပရာယွတ်က ဖြည့်စွက်ပြောခဲ့ပါတယ်။ ဝန်ကြီးချုပ်ပရာယွတ် ရုပ်သံမိန့်ခွန်းပြောကြားစဥ် သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေက ၎င်းရဲ့ရုံးခန်းတည်ရှိရာ အစိုးရအိမ်တော်ဝင်းသို့ ဦးတည်ချီတက်ခဲ့ကြပြီး အရေးပေါ်အမိန့်ဒီကရီ ရုပ်သိမ်းမှုအပြင် ၎င်းရာထူးမှ နုတ်ထွက်ရန်နဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးတက်ကြွသူတွေကို ပြန်လွှတ်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

(အစိုးရဆန့်ကျင်သူတွေနဲ့ ဘုရင်စနစ်ထောက်ခံသူများ ထိပ်တိုက်တွေ့စဥ်) (Photo: AFP)

ဘန်ကောက်မြို့မှာ ယနေ့ စုရုံးဆန္ဒပြမှုများအတွင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူအုပ်စုနဲ့ ဘုရင်စနစ်ကိုထောက်ခံတဲ့ အုပ်စုတို့ကြား ထိပ်တိုက်တွေ့မှုတွေလည်း ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဝန်ကြီးချုပ်ပရာယွတ်ဟာ စစ်တပ်အကြီးအကဲအဖြစ် ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး ဝန်ကြီးချုပ်ယင်လတ် အရပ်သားအစိုးရကို ဖြုတ်ချခဲ့ပါတယ်။

ထို့နောက် ထိုင်းနိုင်ငံကို ငါးနှစ်ကြာ စစ်အစိုးရတစ်ရပ်ဖြင့် အုပ်ချုပ်ခဲ့ပြီး ထိုကာလအတွင်း စစ်တပ်ကွပ်ကဲမှုအောက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ရေးဆွဲခဲ့ကာ လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့ပါတယ်။ ယမန်နှစ်မှာတော့ ထိုင်းနိုင်ငံမှာ ဒီမိုကရေစီရွေးကောက်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ စစ်တပ်က ပါဝင်နေတဲ့ ပရာယွတ်ရဲ့ပါတီက အနိုင်ရရှိပြီး ၎င်းက ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ ပရာယွတ်အနိုင်ရရှိစေရန် စစ်တပ်ကွပ်ကွဲမှုဖြင့် ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေက အထောက်အကူပြုခဲ့ကြောင်း စွပ်စွဲထားကြပါတယ်။ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဆက်တိုက် ပေါ်ပေါက်နေခဲ့ပြီးနောက် ဝန်ကြီးချုပ်ပရာယွတ်က လွှတ်တော်အထူးအစည်းအ‌‌ဝေး ကျင်းပပြုလုပ်မယ်လို့ အောက်တိုဘာ ၁၉ ရက်နေ့မှာ ပြောကြားထားပါတယ်။

ဆန္ဒပြသူတွေကတော့ ဝန်ကြီးချုပ်ပရာယွတ် သုံးရက်အတွင်း ရာထူးမှ နုတ်ထွက်ရန် နောက်ဆုံးအချိန် သတ်မှတ်ထားတယ်လို့ Reuters သတင်းက ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံတစ်ဝန်းမှ လူငယ်အုပ်စုများက ပူးပေါင်းစီစဥ်ပြီး ဇူလိုင်လအတွင်းမှစပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို လုပ်ဆောင်နေခဲ့ကြကာ နိုင်ငံရေးတင်းမာမှု မြင့်တက်နေခဲ့ပါတယ်။

.

Share

Loading Next Article...
က္က