ရုရှားသမ္မတ ပြောကြားခဲ့တဲ့ သေဆုံးမှုအရေအတွက်ဟာ နှစ်နိုင်ငံလုံးက ထုတ်ပြန်ထားတာထက် များစွာပိုမိုနေခဲ့ပါတယ်။

နယ်မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် နှစ်နိုင်ငံကြား တိုက်ပွဲများအတွင်း လူ ၅,၀၀၀ နီးပါး သေဆုံးခဲ့ကြကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားပါတယ်။

(ရုရှားသမ္မတ ဗလာဒီမာပူတင်) (Photo: Reuters)

"နှစ်ဖက်လုံးမှာ သေဆုံးသူ အများကြီးရှိပါတယ်၊ တစ်ဖက်ကို ၂,၀၀၀ ကျော်လောက် သေဆုံးခဲ့ကြတယ်၊ စုစုပေါင်း ၅,၀၀၀ နီးပါပဲ" လို့ ပူတင်က ရုပ်မြင်သံကြားမှတစ်ဆင့် အစည်းအဝေးတစ်ခုမှာ ပြောခဲ့ပါတယ်။ ရုရှားသမ္မတ ပြောကြားခဲ့တဲ့ သေဆုံးမှုအရေအတွက်ဟာ နှစ်နိုင်ငံလုံးက တရားဝင် ထုတ်ပြန်ထားတာထက် များစွာပိုမိုနေခဲ့ပါတယ်။



နှစ်ဖက်လုံးမှာ သေဆုံးသူ အများကြီးရှိပါတယ်၊ တစ်ဖက်ကို ၂,၀၀၀ ကျော်လောက် သေဆုံးခဲ့ကြတယ်၊ စုစုပေါင်း ၅,၀၀၀ နီးပါပဲ

လတ်တလောအတွင်း အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့က ထုတ်ပြန်ထားမှုအရ သေဆုံးသူ ၁,၀၀၀ အောက် ဖြစ်တယ်လို့ သိရပါတယ်။ အငြင်းပွားနယ်မြေကို အုပ်ချုပ်နေတဲ့ အာဏာပိုင်တွေက ထုတ်ပြန်မှုအရ ၎င်းတို့ရဲ့စစ်သား ၈၇၄ ဦးနဲ့ အရပ်သား ၃၇ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အဇာဘိုင်ဂျန်ဘက်က ၎င်းရဲ့ အရပ်သား ၆၁ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားကြောင်း BBC သတင်းက ဖော်ပြပါတယ်။

(Photo: EPA)

အဇာဘိုင်ဂျန်က စစ်သားများ သေဆုံးမှုအရေအတွက်ကိုတော့ ထုတ်ဖော်ပြောခဲ့ခြင်း မရှိပါဘူး။ ရုရှားသမ္မတပူတင်က နှစ်နိုင်ငံလုံးနဲ့ တစ်ရက်လျှင် တစ်ကြိမ်မက ဆက်သွယ်စကားပြောခဲ့ကြောင်းနဲ့ တိုက်ပွဲမှာ နှစ်နိုင်ငံလုံးဘက်ကနေ ပါဝင်ခြင်းမဟုတ်ကြောင်း ပြောခဲ့ပါတယ်။ ရုရှားဟာ ယခု တိုက်ပွဲနဲ့ပတ်သက်ပြီး အဇာဘိုင်ဂျန်ကို ကူညီထောက်ပံ့နေတဲ့ တူရကီနိုင်ငံနဲ့ သဘောထားကွဲလွဲတယ်လို့ ပူတင်က ဆိုပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒေသတွင်း ငြိမ်းချမ်းမှုရရှိရေး အမေရိကန်နိုင်ငံ ပါဝင်ကူညီရန်လည်း ရုရှားသမ္မတပူတင်က တိုက်တွန်းလိုက်ပါတယ်။ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ဟာ Nagorno-Karabakh နယ်မြေ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၂၇ ရက်မှာ တိုက်ပွဲများ စတင်ဖြစ်ပွားနေခဲ့ပြီး ယခုအခါ တစ်လနီးပါးကြာပြီ ဖြစ်ပါတယ်။

(Photo: Valery Melnikov/Sputnik)

တိုက်ပွဲများအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ပေမဲ့ သဘောတူညီမှုကို ချိုးဖောက်ကြောင်း အပြန်အလှန်စွပ်စွဲပြီး ဆက်လက် တိုက်ခိုက်နေခဲ့ကြပါတယ်။ Nagorno-Karabakh နယ်မြေကို အဇာဘိုင်ဂျန်ရဲ့ အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုထားပေမဲ့ အာမေးနီးယန်းလူမျိုးစုတွေက ထိန်းချုပ်ထားပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ နှစ်နိုင်ငံကြား တိုက်ခိုက်မှုတွေဟာ ဆယ်စုနှစ်များအတွင်း အဆိုးဆုံးဖြစ်လာပြီး နှစ်ဘက်လုံးက တိုက်ပွဲဖြစ်ပွားရမှုနဲ့ ပတ်သက်ပြီး အပြန်အလှန် အပြစ်တင်နေခဲ့ကြပါတယ်။ 

Nagorno-Karabakh နယ်မြေဆိုင်ရာ အချက်အလက်များ

  • ဧရိယာအကျယ်အဝန်း ၁,၇၀၀ စတုရန်းမိုင်ရှိတဲ့ တောင်တန်းနယ်မြေတစ်ခု ဖြစ်ပါတယ်
  • အစဥ်အလာအရ အာမေးနီးယန်း ခရစ်ယာန်တွေနဲ့ တာ့ခ်စ် (Turks) မွတ်စလင်မ်များ နေထိုင်ကြပါတယ်
  • ဆိုဗီယက်ပြည်ထောင်စုခေတ်မှာ အဇာဘိုင်ဂျန်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတစ်ခု ဖြစ်လာခဲ့ပါတယ်
  • နိုင်ငံတကာက အဇာဘိုင်ဂျန်ရဲ့ အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုထားပေမဲ့ လူဦးရေအများစုက အာမေးနီးယန်းလူမျိုးစုတွေ ဖြစ်ကြပါတယ်
  • အာမေးနီးယားဘက်မှ အပါအဝင် ထိုနယ်မြေမှာ ၎င်းတို့ကိုယ်တိုင် အာဏာရှိသူများအဖြစ် ကြေညာထားသူတွေကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက အသိအမှတ်မပြုထားပါဘူး
  • ၁၉၈၈-၉၄ ခုနှစ် နှစ်နိုင်ငံစစ်ပွဲကြောင့် ခန့်မှန်းခြေ လူဦးရေတစ်သန်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရပြီး လူ ၃၀,၀၀၀ ခန့် သေဆုံးခဲ့ပါတယ်
  • ၁၉၈၈-၉၄ ခုနှစ် စစ်ပွဲကာလအတွင်း ခွဲထွက်ရေးဝါဒီတပ်ဖွဲ့တွေက အဇာဘိုင်ဂျန်အတွင်း နောက်ထပ် ပိုင်နက်နယ်မြေအချို့ကို သိမ်းပိုက်ခဲ့ပါတယ်
  • ၁၉၉၄ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီးနောက် စစ်ပွဲဟာ မတိုးသာမဆုတ်သာ အခြေအနေဖြစ်နေခဲ့ပါတယ်
  • တူရကီနိုင်ငံက အဇာဘိုင်ဂျန်ကို အတိအလင်း အားပေးထောက်ခံထားပါတယ်
  • ရုရှားနိုင်ငံက အာမေးနီးယားမှာ စစ်အခြေစိုက်စခန်းတစ်ခု ဖွင့်လှစ်ထားရှိပါတယ်

Share

Loading Next Article...
က္က