ဥရောပနိုင်ငံတွေမှာ ကူးစက်မှုများ သိသိသာသာ မြင့်တက်နေပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ယနေ့ (အောက်တိုဘာ ၂၃ ရက်) မှာ ၄၂ သန်းကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ 

(Image: Worldometers webpage screengrab)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၁၀ လအတွင်း ကမ္ဘာတစ်ဝန်း လူဦးရေ ၄၂ သန်းကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၁.၁ သန်းကျော် (၁,၁၄၃,၃၅၇ ဦး) သေဆုံးခဲ့ပြီး ၃၁.၂ သန်းကျော်ကတော့ ပြန်လည်သက်သာခဲ့ပါတယ်။



တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့မှာ ၄၁ သန်းကျော်လွန်ခဲ့တာဖြစ်ပြီး ၃ ရက်မပြည့်မီ နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ကတော့ အောက်တိုဘာ ၂၁ ရက်နေ့မှာ ၁,၁၃၀,၁၆၂ ဦးမှ ၃ ရက်မပြည့်မီအတွင်း ၁၃,၀၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။

Worldometers ကိန်းဂဏန်းတွေအရ တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူ ၄၂ သန်းကျော်အနက် ၉.၆ သန်းကျော်ဟာ COVID-19 လူနာအဖြစ် ကုသမှုခံယူနေရဆဲ အခြေအနေလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အမေရိကန်က ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၈.၇ သန်းကျော် ကူးစက်ခံထားရပြီး သေဆုံးသူ ၂၂၈,၀၀၀ ကျော်ရှိခဲ့ပါတယ်။

အမေရိကန် အလယ်ပိုင်းတစ်လျှောက် ပြည်နယ်တွေမှာ နေ့အလိုက် ကူးစက်မှုတွေ လတ်တလော စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ အင်ဒီယာနာ၊ မြောက်ကာရိုလိုင်းနား၊ အီလီနွိုက်စ်၊ မွန်တာနာ၊ အိုကလာဟိုးမား၊ ယူတားနဲ့ အိုဟိုင်းအို ပြည်နယ်တွေမှာ ယမန်နေ့ (အောက်တိုဘာ ၂၂ ရက်) က ကူးစက်မှုတွေ စံချိန်တင် အမြင့်ဆုံးဖြစ်လာခဲ့ကြောင်း Reuters စာရင်းက ဖော်ပြပါတယ်။

(Photo: Reuters)

ထိုအတောအတွင်း အမေရိကန် အစားအစာနဲ့ ဆေးဝါးကြီးကြပ်ရေးဌာန (Food and Drug Administration - FDA) က ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် Gilead Sciences ကုမ္ပဏီထုတ် Remdesivir (Veklury အမှတ်တံဆိပ်) ဆေးကို ဆေးရုံတက် COVID-19 လူနာတွေကို ကုသရာမှာ အသုံးပြုရန် အောက်တိုဘာ ၂၂ ရက်နေ့မှာ တရားဝင် ခွင့်ပြုလိုက်ကြောင်း သိရပါတယ်။ ထိုဆေးကို ယခင်က အရေးပေါ်အခြေအနေသုံးအတွက်သာ အမေရိကန် FDA က ခွင့်ပြုထားခဲ့တာ ဖြစ်ပါတယ်။

ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ တောင်အာရှဒေသမှ အိန္ဒိယနိုင်ငံမှာ ကူးစက်မှုတွေ နေ့စဥ် သောင်းဂဏန်းအရေအတွက် တိုးလာနေဆဲဖြစ်ပြီး ယခုအခါ COVID-19 ကူးစက်ခံရသူ ၇.၇ သန်းကျော်လွန်လာပြီး သေဆုံးသူဦးရေ ၁၁၇,၀၀၀ ကျော်ပြီဖြစ်ပါတယ်။ အိန္ဒိယအာဏာပိုင်တွေက လာမယ့် သီတင်းပတ်အတွင်း နိုင်ငံရဲ့ တတိယအကြီးဆုံးပြည်နယ်ဖြစ်တဲ့ ဘီဟာပြည်နယ်မှာ ပြည်နယ်ရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ ဘာသာရေးပွဲ စုရုံးမှုတွေကနေ ကူးစက်မှုများ မြင့်တက်လာနိုင်မှုကို စိုးရိမ်ပူပန်နေပါတယ်။

(Photo: Reuters)

တစ်ကမ္ဘာလုံးမှာ တတိယမြောက် ကူးစက်မှုအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း ကူးစက်ခံရသူ စုစုပေါင်း ၅.၃ သန်းကျော်လွန်လာခဲ့ပြီးနဲ့ သေဆုံးသူ ၁၅၅,၀၀၀ ကျော်ရှိလာခဲ့ပါတယ်။ ထိုအတောအတွင်း ဥရောပနိုင်ငံတွေမှာ ကူးစက်မှုများ သိသိသာသာ မြင့်တက်နေခဲ့ကြောင်းလည်း သိရပါတယ်။

ဥရောပနိုင်ငံတွေဖြစ်တဲ့ ပြင်သစ်၊ အိုင်ယာလန်၊ ချက်ရီပတ်ဘလစ်၊ ဆလိုဗက်ကီးယား၊ ဂရိ၊ ဂျာမနီ၊ ဗြိတိန်၊ အီတလီ၊ စပိန်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်တို့မှာလည်း လတ်တလော COVID-19 ကူးစက်မှုတွေ သိသိသာသာ မြင့်တက်ဖြစ်ပွားနေပြီး ပိတ်ပင်ကန့်သတ်ချက်အသစ်များ သတ်မှတ်ထုတ်ပြန်ကာ ထိန်းချုပ်နိုင်ရေး လုပ်ဆောင်နေရပါတယ်။

(Photo: AP)

ပြင်သစ်နိုင်ငံမှာ ယခင်က ပါရီမြို့အပါအဝင် မြို့ ၉ ခုကို ညမထွက်ရအမိန့်ထုတ်ထားခဲ့ရာမှ ယခုအခါ နောက်ထပ်နေရာ ၄၀ ခန့်ကိုလည်း ညမထွက်ရအမိန့် တိုးချဲ့ထုတ်ပြန်ခဲ့ပြီး ယနေ့ ဒေသစံတော်ချိန် ညသန်းခေါင်မှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။ ဗြိတိန်မှာလည်း ပိတ်ပင်ကန့်သတ်ချက်အသစ်တွေကို နေရာတိုးချဲ့ ထုတ်ပြန်ထားပါတယ်။ ကူးစက်မှုတွေ ထိန်းချုပ်မရနိုင်ဖြစ်နေတဲ့ စပိန်နိုင်ငံမှာ မက်ဒရစ်မြို့အပြင် အခြားနေရာတွေမှာပါ ညမထွက်ရအမိန့်များ ထုတ်ပြန်ရန် စဥ်းစားနေတယ်လို့ ဆိုပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံမှာ COVID-19 ကူးစက်မှုလှိုင်းအသစ်ကြောင့် မကြာမီ မနိုင်မနင်းဖြစ်လာနိုင်ကြောင်းနဲ့ ကူးစက်မှုအသစ် ဆူနာမီလှိုင်းကို ရင်ဆိုင်နေရကြောင်း ကျန်းမာရေးဝန်ကြီးက သတိပေးခဲ့ပါတယ်။ ကမ္ဘာလုံးအတိုင်းအတာအရ COVID-19 ကူးစက်မှုတွေဟာ နှေးကွေးလျော့သွားခြင်း မရှိသေးဘဲ ပုံမှန်အားဖြင့် ၃ ရက်နဲ့ ၄ ရက်အတွင်း ၁ သန်းကျော် တိုးလာနေပြီး သေဆုံးမှုကလည်း တရိပ်ရပ် မြင့်တက်လာနေဆဲ ဖြစ်ပါတယ်။

အရှေ့တောင်အာရှမှာလည်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုများ နေ့စဥ် တရိပ်ရိပ်တိုးလာနေဆဲ ဖြစ်ပါတယ်။ လတ်တလော သီတင်းပတ်များအတွင်း အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ မြန်မာနိုင်ငံတို့မှာ COVID-19 ကူးစက်မှုတွေ နေ့စဥ် အများအပြား တိုးလာနေဆဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားက COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ ဩဂုတ်လလယ်မှစပြီး ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ ဆက်တိုက်မြင့်တက်နေခဲ့ရာ ယခုအခါ အရှေ့တောင်အာရှဒေသတွင်း စတုတ္တမြောက် ကူးစက်မှုအများဆုံးနဲ့ တတိယမြောက် သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ပါတယ်။ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက အောက်တိုဘာ ၂၂ ရက် ည ၈ နာရီအချိန်အထိ ထုတ်ပြန်မှုအရ COVID-19 အတည်ပြုလူနာ ၁,၃၁၂ ဦးနဲ့ သေဆုံးသူ ၃၃ ဦး တိုးလာခဲ့ပါတယ်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၄၁,၀၀၈ ဦး၊ သေဆုံးသူ ၁,၀၀၅ ဦး၊ ပြန်လည်သက်သာပြီး ဆေးရုံမှဆင်းခွင့်ရသူ ၂၁,၁၄၄ ဦးနဲ့ ကုသနေရဆဲ ၁၈,၈၅၉ ဦးရှိကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က