အမေရိကန်ဟာ ကမ္ဘာတစ်ဝန်း ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။

COVID-19 ကူးစက်မှုကူးစက်မှုလှိုင်းကို တစ်ကျော့ပြန် ရင်ဆိုင်နေရတဲ့ အမေရိကန်နိုင်ငံမှာ အောက်တိုဘာ ၂၃ ရက်နေ့က ကူးစက်ခံရသူ နောက်ထပ် ၈၄,၂၁၈ ဦး တိုးလာခဲ့ပြီး နေ့အလိုက်ကူးစက်မှုအသစ် စံချိန်တင်မြင့်တက်ခဲ့ကြောင်း Reuters သတင်းဌာနစာရင်းအရ သိရှိရပါတယ်။

(Photo: Reuters)

ကူးစက်မှုတွေဟာ နိုဝင်ဘာ ၃ ရက် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အကြိတ်အနယ် ယှဥ်ပြိုင်ကြရမယ့် အိုဟိုင်းအို၊ မီချီဂန်၊ မြောက်ကာရိုလိုင်းနား၊ ပင်ဆယ်လ်ဗေးနီးယားနဲ့ ဝစ်ကွန်ဆင်ကဲ့သို့ ပြည်နယ်တွေမှာလည်း မြင့်တက်နေခဲ့ပါတယ်။ အမေရိကန်မှာ ကြာသပတေးနေ့ (အောက်တိုဘာ ၂၂ ရက်) ကလည်း ကူးစက်ခံရသူ ၇၆,၁၉၅ ဦးတိုးခဲ့ပြီး စံချိန်တင်နီးပါး ဖြစ်ခဲ့ပါတယ်။



ယခင်က အမေရိကန်မှာ နေ့အလိုက် ကူးစက်မှုအသစ် အမြင့်ဆုံးစံချိန်တင်မှုကို ဇူလိုင် ၁၆ ရက်နေ့မှာ တွေ့ခဲ့ရပြီး ထိုစဥ်က ကူးစက်ခံရသူ ၇၇,၂၉၉ ဦး တိုးလာခဲ့ပါတယ်။ ထိုအချိန်က အမေရိကန်မှာ ဆေးရုံတက်ရသူ ၄၇,၀၀၀ ရှိခဲ့ပြီး တစ်ရက်လျှင် ပျမ်းမျှအားဖြင့် COVID-19 လူနာ ၁,၂၀၀ သေဆုံးခဲ့ကြောင်း သိရပါတယ်။ ယခုအခါ ဆေးရုံတက်ရသူ ၄၁,၀၀၀ ကျော်ရှိနေပြီး တစ်ရက်လျှင် ပျမ်းမျှ သေဆုံးသူဦးရေ ၈၀၀ နီးပါး ဖြစ်ပါတယ်။

(Photo: Reuters)

ကျန်းမာရေးကျွမ်းကျင်သူတွေက ကူးစက်မှုမြင့်တက်လာရတဲ့ အကြောင်းရင်းကို အတိအကျ ထုတ်ဖော်ပြောခြင်း မရှိပေမဲ့ ပိုအေးတဲ့ ရာသီဥတုက လူတွေကို အိမ်ထဲမှာနေဖြစ်စေခြင်း၊ COVID-19 ကြိုတင်ကာကွယ်မှုတွေနဲ့အတူ ပင်ပန်းငြီးငွေ့လာခြင်းနဲ့ ကျောင်းများ၊ ကောလိပ်များသို့ ကျောင်းသူကျောင်းသားများ ပြန်လည်တက်ရောက်လာကြခြင်းတို့က ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုရန် အားပေးမှုဖြစ်နိုင်ကြောင်း ကာလရှည်ကြာ သတိပေးထားကြပါတယ်။

အမေရိကန်ဟာ ကမ္ဘာတစ်ဝန်း ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၈.၅ သန်းနဲ့ သေဆုံးသူ ၂၂၄,၀၀၀ ကျော်ရှိခဲ့ကြောင်း Reuters စာရင်းအရ သိရှိရပါတယ်။ အမေရိကန်မှာ ပြီးခဲ့တဲ့သီတင်းပတ် နေ့အလိုက်ကူးစက်မှုဟာ ပျမ်းမျှ ၆၀,၀၀၀ ရှိခဲ့ပြီး ဩဂုတ်လနောက်ပိုင်း ခုနစ်ရက်အတွင်း ပျမ်းမျှ ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။

လက်ရှိမှာ အမေရိကန် အလယ်ပိုင်းတစ်လျှောက်ဟာ COVID-19 ကူးစက်မှုဗဟိုချက်ဖြစ်နေပေမဲ့ တစ်နိုင်ငံလုံးမှာလည်း ကူးစက်မှုတွေ မြင့်တက်နေပါတယ်။ အမေရိကန်အရှေ့မြောက်ပိုင်းမှာ ကူးစက်မှုတွေဟာ ယခင်လကထက် ၈၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

ကွန်နက်တီကတ်၊ နယူးဟမ့်ရှိုင်းယား၊ နယူးဂျာစီနဲ့ Rhode Island တို့မှာ ပြီးခဲ့တဲ့ သီတင်းလေးပတ်အတွင်း ကူးစက်မှုအသစ်တွေဟာ ယခင် သီတင်းလေးပတ်နဲ့ နှိုင်းယှဥ်ပါက နှစ်ဆဖြစ်လာခဲ့ကြောင်း Reuters လေ့လာဆန်းစစ်မှုအရ သိရှိရပါတယ်။ မွန်တာနာ၊ နယူးမက္ကစီကိုနဲ့ ဝိုင်အိုမင် အပါအဝင် အမေရိကန်အနောက်ပိုင်း ပြည်နယ်တွေမှာတော့ ပြီးခဲ့တဲ့ သီတင်းလေးပတ်အတွင်း ကူးစက်မှုတွေဟာ ယခင် သီတင်းလေးပတ်နဲ့ နှိုင်းယှဥ်ပါက ၂၀၀ ရာခိုင်နှုန်းအထိ ဖြစ်လာခဲ့တယ်လို့ Reuters က ဖော်ပြပါတယ်။

(ထပ်မံသိရှိရတဲ့ သတင်းအရ အမေရိကန်မှာ အောက်တိုဘာ ၂၄ ရက် ညပိုင်းအထိ ၂၄ နာရီအတွင်း နောက်ထပ် COVID-19 ကူးစကခံရသူ ၈၈,၉၇၃ ဉီးတိုးလာခဲ့ပြီး နေ့အလိုက်ကူးစက်မှု အမြင့်ဆုံး စံချိန်သစ်တပ်တင်ခဲ့ပါတယ်)

Share

Loading Next Article...
က္က