ကမ္ဘာတစ်ဝန်း ကျွမ်းကျင်ပညာရှင်တွေ လေ့လာသိရှိထားမှုအရ မဖြစ်နိုင်တဲ့ အခြေအနေလို့ ဆိုပါတယ်။

လေတိုက်ခတ်မှုနဲ့အတူ တရုတ်နိုင်ငံဘက်မှ ပျံ့လွင့်လာတဲ့ အဝါရောင်ဖုန်မှုန်တွေက COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) သယ်ဆောင်လာနိုင်တာကြောင့် ပြည်သူတွေကို အိမ်ထဲမှာနေကြရန် မြောက်ကိုရီးယားနိုင်ငံက သတိပေးထားတယ်လို့ ဆိုပါတယ်။

(Photo: KCTV)

"COVID-19 ကူးစက်မှုတွေက ကမ္ဘာတစ်ဝန်း ဆက်လက်ဖြစ်ပွားနေပြီး တရုတ်ဘက်မှ ရာသီအလိုက် ပျံ့လွင့်လာတဲ့ အဝါရောင် ဖုန်မှုန်တွေကိစ္စကို ကိုင်တယ်ဖြေရှင်းရန်လိုကြောင်းနဲ့ ကြိုတင်ကာကွယ်မှုတွေ သေသေချာချာ လုပ်ဆောင်ရန် ပိုမိုအရေးကြီးလာကြောင်း မြောက်ကိုရီးယား အာဏာရပါတီရဲ့သတင်းစာ Rodong Sinmun က အောက်တိုဘာ ၂၂ ရက်နေ့မှာ သတိပေး ရေးသားဖော်ပြခဲ့ပါတယ်။



ထိုသို့ သတိပေးမှုထွက်ပေါ်လာပြီးနောက် ပြုံယမ်းမြို့ လမ်းမတွေမှာ အသွားအလာမရှိဘဲ ရှင်းလင်းသွားခဲ့တယ်လို့ ဆိုပါတယ်။ မိုင်ပေါင်း ၁,၁၈၀ ဝေးကွာတဲ့ တရုတ်နိုင်ငံ ဂိုဘီသဲကန္တာရမှ ဖုန်မှုန်တွေမှတစ်ဆင့် မြောက်ကိုရီးယားသို့ COVID-19 ဖြစ်စေတဲ့ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နိုင်ကြောင်း သတင်းစာက ပြောခဲ့တာဖြစ်ပြီး ကမ္ဘာတစ်ဝန်း ကျွမ်းကျင်ပညာရှင်တွေ လေ့လာသိရှိထားမှုအရတော့ မဖြစ်နိုင်တဲ့ အခြေအနေလို့ ဆိုပါတယ်။

(Photo: Reuters)

ကိုရိုနာဗိုင်းရပ်စ် ပါဝင်နေနိုင်တဲ့ အမှုန်အမွှားတွေမှတစ်ဆင့် ကူးစက်မှုကာကွယ်ရန် နှစ်မီတာ (၆ ပေကျော်) အကွာအဝေးဖြင့် ခပ်ခွာခွာနေသင့်ကြောင်း ကမ္ဘာတစ်ဝန်း ကျန်းမာရေးအဖွဲ့အစည်းနဲ့ ကျွမ်းကျင်သူတွေက အကြံပြုလမ်းညွှန်ထားတာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပါရှိတဲ့ အရည်အစက် အမှုန်အမွှားလေးများဟာ တစ်ခါတရံ လေထုထဲမှာ နာရီနဲ့ချီကြာတဲ့အထိ ရှိနေနိုင်ကြောင်းကိုတော့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာန (Centers for Disease Control and Prevention - CDC) က ပြောထားပါတယ်။

မြောက်ကိုရီးယားသတင်းစာက နိုင်ငံသားတွေအနေနဲ့ နေအိမ်ပြင်ပ သွားလာလှုပ်ရှားမှုတွေ ရှောင်ကြဥ်သင့်ပြီး အပြင်ထွက်ချိန်မှာလည်း mask တပ်ခြင်းကဲ့သို့ ကူးစက်မှုကာကွယ်ရေး ညွှန်ကြားချက်တွေကို လိုက်နာကြရန် ရေးသားဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံသူ တွေ့ရှိရကြောင်း တရားဝင် အတည်ပြုပြောကြားခြင်း မရှိခဲ့ပါဘူး။

(Photo: Reuters)

မြောက်ကိုရီးယားအစိုးရက ကူးစက်မှုကာကွယ်ရန် တင်းကျပ်တဲ့ နယ်စပ်ထိန်းချုပ်မှုနဲ့ အသွားအလာကန့်သတ် နေထိုင်စေမှုတို့ကို စီမံဆောင်ရွက်ခဲ့ပါတယ်။ လေ့လာသူတွေကလည်း COVID-19 ကူးစက်ဖြစ်ပွားမှုက သီးခြားရပ်တည်နေတဲ့ မြောက်ကိုရီးယားကို စီးပွားရေးနဲ့ နိုင်ငံရေးအရ အကြီးအကျယ် ထိခိုက်ပျက်စီးစေနိုင်ကြောင်း ပြောကြပါတယ်။

တရုတ်ဘက်မှ အဝါရောင်ဖုန်မှုန်တွေနဲ့ သေးငယ်တဲ့ အမှုန်တွေမှာ ဘေးအန္တရာယ်ဖြစ်စေတဲ့ သတ္တုတွေနဲ့ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးမွှားများ ပါရှိနိုင်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် KRT ရုပ်မြင်သံကြားသတင်းက ဆိုပါတယ်။ "ပြည်သူတွေ အပြင်ကနေ ပြန်လာပြီးရင် တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ရမှာ ဖြစ်ပါတယ်၊ အလုပ်သမားတွေလည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာပင် အပြင်ဘက် ဆောက်လုပ်ရေးအလုပ် မလုပ်သင့်ပါဘူး" KRT သတင်းကြေညာသူက ပြောပါတယ်။ 

Share

Loading Next Article...
က္က