ပြင်သစ်က COVID-19 ကူးစက်မှတွေ ထိန်းချုပ်နိုင်ရေး နေရာပေါင်း ၅၀ နီးပါးမှာ ညမထွက်ရအမိန့် ထုတ်ထားပါတယ်။

ပြင်သစ်နိုင်ငံမှာ COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကူးစက်မှုတွေဟာ အနည်းဆုံး လာမယ့် ၂၀၂၁ နှစ် နှစ်လယ်ပိုင်း နွေရာသီကာလအထိ ဆက်ရှိနေနိုင်ပြီး ကူးစက်မှုထိန်းချုပ်တိုက်ဖျက်ရေး လုပ်ဆောင်နေရလိမ့်မယ်လို့ သမ္မတအီမန်နျူရယ်မက်ခရွန်က ယမန်နေ့ (အောက်တိုဘာ ၂၃ ရက်) မှာ ပြောကြားလိုက်ပါတယ်။

(ပြင်သစ်သမ္မတမက်ခရွန်) (Photo: Reuters)

ပြင်သစ်သမ္မတမက်ခရွန်က ပါရီမြို့အနီး Pointoise နယ်မြေရှိ ဆေးရုံတစ်ရုံသို့ သွားရောက်ခဲ့စဥ်အတွင်း ထိုသို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ ပါရီမြို့အပါအဝင် နေရာအများအပြားမှာ ညမထွက်ရအမိန့်များ ထုတ်ပြန်ထားမှုကို လျှော့ချရုပ်သိမ်းရန် အစီအစဥ်မရှိကြောင်းနဲ့ ဆက်လက်၍ပင် တိုးချဲ့သတ်မှတ်နိုင်ကြောင်းလည်း မက်ခရွန်က ဆိုပါတယ်။



သိပ္ပံပညာရှင်တွေပြောတာကို ကျွန်တော်နားထောင်ခဲ့ပြီး သိရှိရတဲ့ အကောင်းဆုံးဖြစ်နိုင်ခြေ ခန့်မှန်းချက်တွေအရ လာမယ့်နှစ် နွေရာသီအထိ ဗိုင်းရပ်စ်က ဆက်ရှိနေပါမယ်

"သိပ္ပံပညာရှင်တွေပြောတာကို ကျွန်တော်နားထောင်ခဲ့ပြီး သိရှိရတဲ့ အကောင်းဆုံးဖြစ်နိုင်ခြေ ခန့်မှန်းချက်တွေအရ လာမယ့်နှစ် နွေရာသီအထိ ဗိုင်းရပ်စ်က ဆက်ရှိနေပါမယ်" လို့ ပြင်သစ်သမ္မတက ဆိုပါတယ်။ ယမန်နေ့က ပြင်သစ်မှာ ကူးစက်ခံရသူ နောက်ထပ် ၄၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂၉၈ ဦး တိုးလာခဲ့ပါတယ်။

(Photo: Reuters)

ပြင်သစ်နိုင်ငံတစ်ဝန်း လက်ရှိ ကူးစက်မှုတွေဟာ နွေရာသီကာလအတွင်း ပထမ ကူးစက်မှုလှိုင်း အထွတ်အထိပ်ဖြစ်ခဲ့စဥ်ကထက် ပိုမိုလျင်မြန်နေခဲ့ကြောင်း အစိုးရရဲ့ သိပ္ပံဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က ယမန်နေ့ အစောပိုင်းမှာ ပြောခဲ့ပါတယ်။ ပြင်သစ်အစိုးရက လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ရေး ပါရီအပါအဝင် နေရာပေါင်း ၅၀ နီးပါးမှာ ည ၉ နာရီမှ မနက် ၆ နာရီအထိ ညမထွက်ရအမိန့်များ ထုတ်ပြန်ထားပါတယ်။

ညမထွက်ရအမိန့်ဟာ ပြင်သစ်လူဦးရေ ၆၇ သန်းရဲ့ သုံးပုံနှစ်ပုံအတွက် အကျုံးဝင်ကြောင်း သိရပြီး လာမယ့် ဒီဇင်ဘာလအစောပိုင်းအထိ သက်ရောက်နေမယ်လို့ သိရပါတယ်။ ဥရောပဒေသရှိ ရုရှား၊ ပိုလန်၊ အီတလီ၊ ချက်ရီပတ်ဘလစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ ပေါ်တူဂီ၊ ဂရိ၊ ဗြိတိန်တို့မှာလည်း ကူးစက်မှုအသစ်တွေ သိသိသာသာ မြင့်တက်နေခဲ့ရာ ထိန်းချုပ်ကာကွယ်ရေး ပိတ်ပင်ကန့်သတ်ချက်အသစ်များ အသီးသီး ထုတ်ပြန်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က