တစ်နိုင်ငံလုံးကို အရေးပေါ်အခြေအနေ ကြေညာပြီး ကန်နရီကျွန်းစုကလွဲပြီး နေရာအားလုံးမှာ ညမထွက်ရအမိန့် ထုတ်လိုက်ပါတယ်။

COVID-19 ဒုတိယလှိုင်း ရင်ဆိုင်နေရပြီး ကူးစက်မှုအသစ်တွေ တစ်ဟုန်ထိုးမြင့်တက်နေတဲ့ စပိန်မှာ တစ်နိုင်ငံလုံးကို အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး ကန်နရီကျွန်းစု (Canary Islands) ကလွဲပြီး နိုင်ငံရဲ့ နေရာအားလုံးမှာ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။

(စပိန်ဝန်ကြီးချုပ် ဆန်ချက်ဇ်) (Photo: Manu Fernandez/Reuters)

စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်ချက်ဇ်က ဒေသစံတော်ချိန် အောက်တိုဘာ ၂၅ ရက် နှောင်းပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်တဲ့ ညမထွက်ရအမိန့်အရ ည ၁၁ နာရီမှ နောက်တစ်နေ့ မနက် ၆ နာရီအတွင်း အပြင်မထွက်ရန် တားမြစ်ထားပါတယ်။ COVID-19 ကူးစက်မှုထိန်းချုပ်ရေး ထုတ်ပြန်လိုက်တဲ့ ယခု အမိန့်ညွှန်ကြားချက်တွေကို ၁၅ ရက်မှ ခြောက်လအထိ တိုးချဲ့သတ်မှတ်ခွင့်ပြုရန် လွှတ်တော်မှာ တင်ပြသွားမယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။



စပိန်အစိုးရရဲ့ အစီအစဥ်အရ အရေးပေါ်အခြေအနေကြေညာမှုဟာ ယမန်နေ့ (တနင်္ဂနွေနေ့) ညပိုင်းမှာ စတင်သက်ရောက်ပြီး လာမယ့်နှစ် မေလဆန်းအထိ ကြာမြင့်မယ်လို့ သိရပါတယ်။ အရေးပေါ်အခြေအနေ ကြေညာထားမှုအရ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဒေသများကြား ခရီးသွားလာမှုတွေကို တားမြစ်ပိတ်ပင်နိုင်ကြောင်းလည်း ဝန်ကြီးချုပ်ဆန်ချက်ဇ်က ဆိုပါတယ်။

(Photo: Reuters)

ထို့အတူ အများပြည်သူဆိုင်ရာနေရာမှာ လူစု‌‌ဝေးမှုနဲ့ မတူညီတဲ့ အိမ်ထောင်စုများရဲ့ သီးသန့်စုဝေးမှုတွေကိုလည်း အများဆုံးခြောက်ဦးအဖြစ် ကန့်သတ်ထားပါတယ်။ "ကျွန်တော်တို့ တွေ့ကြုံဖြတ်သန်းနေတဲ့ အခြေအနေက ပြင်းထန်ပါတယ်" လို့ COVID-19 နဲ့ ပတ်သက်တဲ့ အစိုးရအဖွဲ့အစည်းအဝေးအပြီး ရုပ်မြင်သံကြားမိန့်ခန်းအတွင်း ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

ကျွန်တော်တို့ တွေ့ကြုံဖြတ်သန်းနေတဲ့ အခြေအနေက ပြင်းထန်ပါတယ်

စပိန်ဟာ ဥရောပမှာ COVID-19 ကူးစက်ဖြစ်ပွားမှု အဆိုးဆုံး နိုင်ငံတွေထဲမှာ အပါအဝင်ပြီး ကူးစက်မှုပထမလှိုင်း ကြုံခဲ့ရတဲ့ မတ်လအတွင်းကလည်း တစ်နိုင်ငံလုံးကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ ထို့နောက် ယခုလအတွင်း ကူးစက်မှုတွေ သိသိသာသာ မြင့်တက်နေခဲ့တဲ့ မက်ဒရစ်မြို့မှာ သီတင်းနှစ်ပတ်ကြာ အရေးပေါ်အခြေအနေ ကြေညာထားခဲ့ပါတယ်။ စပိန်နိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၁.၁ သန်းကျော်နဲ့ သေဆုံးသူ ၃၄,၀၀၀ ကျော်ရှိခဲ့ပါတယ်။

(Photo: AFP)

ဥရောပမှာ စပိန်အပြင်း အခြား နိုင်ငံတွေဟာလည်း COVID-19 ကူးစက်မှုဒုတိယလှိုင်းကို ရင်ဆိုင်နေကြရပါတယ်။ ကူးစက်မှုတွေ သိသာစွာ မြင့်တက်နေတဲ့ အီတလီနိုင်ငံမှာ ယနေ့ (အောက်တိုဘာ ၂၆ ရက်) မှစပြီး ရုပ်ရှင်ရုံများ၊ ရေကူးကန်များ၊ ကိုယ်ကာယလေ့ကျင့်ရေးစင်တာများကို ပိတ်ထားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အီတလီမှာ ဘားဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို ညနေ ၆ နာရီမှာ ပိတ်ခိုင်းထားပြီး ဈေးဆိုင်များနဲ့ စီးပွားရေးလုပ်ငန်း အများစုကိုတော့ ဆက်လက် ဖွင့်ထားမယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က