မဲလ်ဘုန်းမြို့မှာ ကန့်သတ်ချက်များ မကြာမီ ဖြေလျှော့ပေးနိုင်တော့မယ်လို့ မျှော်လင့်ထားပါတယ်။

ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မှာ ပြည်နယ်မြို့တော် မဲလ်ဘုန်းမြို့ကို လွန်ခဲ့တဲ့ ၁၁၁ ရက်က lockdown လုပ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် COVID-19 ကူးစက်မှုအသစ် မတွေ့ရတဲ့ ပထမဆုံးရက်ရှိလာခဲ့ပြီလို့ သိရပါတယ်။

(Photo: Reuters)

ဗစ်တိုးရီးယားပြည်နယ်ဟာ ဩစတြေးလျမှာ COVID-19 ကူးစက်မှုဒုတိလှိုင်းရဲ့ ဗဟိုချက်နေရာဖြစ်ခဲ့ပြီး တစ်နိုင်ငံလုံး သေဆုံးသူ ၉၀၅ ဦးရဲ့ ၉၀ ရာခိုင်နှုန်းဟာ ထိုပြည်နယ်မှဖြစ်ပါတယ်။ ဇူလိုင်လအတွင်းက ဗစ်တိုးရီးယားမှာ နေ့စဥ် ကူးစက်မှုအသစ် ၇၀၀ ကျော် တိုးနေခဲ့ပြီး တင်းကျပ်ပြင်းထန်တဲ့ အိမ်မှာနေရန် စည်းမျဥ်းများနဲ့ ညမထွက်ရအမိန့်ထုတ်ခြင်းဖြင့် ကူးစက်မှုအရေအတွက်ကို ထိန်းချုပ်ခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။



ယခုအခါ ပြည်နယ်တာဝန်ရှိသူတွေက ဩစတြေးလျရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မဲလ်ဘုန်းမြို့မှာ ကန့်သတ်ချက်များ မကြာမီ ဖြေလျှော့ပေးနိုင်တော့မယ်လို့ မျှော်လင့်ထားပါတယ်။ အောက်တိုဘာ ၂၅ ရက်နေ့မှာ မဲလ်ဘုန်းမြို့အတွက် ထုတ်ပြန်ထားတဲ့ ကန်သတ်ချက်များ ဖြေလျှော့ကြောင်း ကြေညာမယ်လို့ မျှော်လင့်ထားခဲ့ပေမဲ့ မြို့ရဲ့မြောက်ပိုင်းမှာ အသေးစား ကူးစက်ဖြစ်ပွားမှုတစ်ခု ရှိလာခဲ့တာကြောင့် နှောင့်နှေးခဲ့ကြောင်း ဗစ်တိုးရီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဒန်နီရယ်အန်ဒရူးစ်က ပြောခဲ့ပါတယ်။

သို့သော် ပြည်နယ်ကျန်းမာရေးဌာနက ယနေ့ (အောက်တိုဘာ ၂၆ ရက်) ထုတ်ပြန်မှုအရ COVID-19 ကူးစက်မှုအသစ် မတွေ့ရကြောင်းနဲ့ ပြည်နယ်တစ်ဝန်း သေဆုံးမှုမှု မရှိခဲ့ကြောင်း သိရပါတယ်။ ဗစ်တိုးရီးယားပြည်နယ်မှာ ယနေ့ မတိုင်မီအထိ ဇွန်လ ၉ ရက်နောက်ပိုင်း နေ့စဥ် ကူးစက်မှုအသစ်များ တွေ့နေခဲ့ရတာလည်း ဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံက lockdown အစီအမံများနဲ့အတူ ကြိုတင်စစ်ဆေးမှုများနဲ့ ဗိုင်းရပ်စ်ထိန်းချုပ်ရေး ခြေရာခံမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ လူဦးရေ ၂၅ သန်းရှိတဲ့ ဩစတြေးလျမှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၂၇,၅၀၀ ခန့်ရှိခဲ့ရာ နိုင်ငံအများအပြားထက် များစွာ ပိုနည်းခဲ့ပါတယ်။ ဩစတြေးလျမှာ COVID-19 ကြောင့် လူ ၉၀၅ ဦး သေဆုံးခဲ့ပါတယ်


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က