ဖိလစ်ပိုင်မှာ ဖြတ်သန်းတိုက်ခတ်ပြီးနောက် ဗီယက်နမ်သို့ ဆက်လက် ဦးတည်နေပါတယ်။

ဗီယက်နမ်နိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း Molave ဝင်ရောက်တိုက်ခတ်မှုအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် လူဦးရေ ၁.၃ သန်းကျော်ကို ရွှေ့ပြောင်းပေးရန် ပြင်ဆင်လုပ်ဆောင်နေကြောင်း သိရပါတယ်။

(ဗီယက်နမ်မှာ ကြိုတင်ရွှေ့ပြောင်းမှု) (Photo: VN Explorer)

တိုင်ဖွန်း Molave ဟာ ဗီယက်နမ်မတိုင်မီ ဖိလစ်ပိုင်နိုင်ငံမှာ ဖြတ်သန်းတိုက်ခတ်ခဲ့ရာ ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး ငါးဖမ်းသမား တစ်ဒါဇင် ယနေ့ (အောက်တိုဘာ ၂၆ ရက်) ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ Molave ဟာ ဖိလစ်ပိုင်ရဲ့ အဓိကကျွန်းမကြီးဖြစ်တဲ့ လူဇွန်ကျွန်း (Luzon Island) ကို ယနေ့ မနက်အစောပိုင်းမှာ လေတိုက်နှုန်း တစ်နာရီလျှင် ၇၇ မိုင်ကျော်နဲ့ လေပြင်းတိုက်ခတ်စဥ် တစ်နာရီလျှင် ၉၃ မိုင်အထိဖြင့် ဝင်‌ရောက်တိုက်ခတ်ခဲ့ပါတယ်။



မုန်တိုင်းကြောင့် ဖိလစ်ပိုင်ရှိ နေရာဒေသ ၁၁ ခုမှာ ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သဘာဝဘေးအန္တရာယ်စောင့်ကြည့်ဌာနက ပြောပါတယ်။ တိုင်ဖွန်း Molave တိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်မှာ သေဆုံးမှုသတင်းတွေ မရှိခဲ့ပေမဲ့ လူဇွန်ကျွန်း အရှေ့ဘက်ကမ်းရိုးတန်း ကမ်းလွန်ရှိ Catanduanes ဒေသမှာ ပင်လယ်ပြင်ထွက်တဲ့ ငါးဖမ်းသမား ၁၂ ဦး ပြန်ရောက်မလာဘဲ ပျောက်ဆုံးနေကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

(ဖိလစ်ပိုင်မှာ မုန်တိုင်းကြောင့် ရေကြီးနေမှု) (Photo: EPA-EFE)

Molave ဟာ ယခုနှစ်အတွင်း ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ၁၇ ခုမြောက် တိုင်ဖွန်းမုန်တိုင်းဖြစ်ပြီး ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းဒေသ ကုန်းတွင်းပိုင်းကို ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၂၈ ရက်) မှာ ဆက်လက် ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်းဟာ ဗီယက်နမ်အလယ်ပိုင်းကို ဝင်ရောက်တိုက်ခတ်စဥ် လေတိုက်နှုန်း တစ်နာရီလျှင် ၈၃ မိုင်ကျော်ရှိနိုင်တယ်လို့ ဆိုပါတယ်။

တိုင်ဖွန်း Molave ဟာ ဗီယက်နမ်အလယ်ပိုင်းမှာ ရေကြီးမှုတွေနဲ့ မြေပြိုမှုတွေကြောင့် လူ ၁၃၀ သေဆုံးခဲ့ပြီး ၂၀ ဦး ပျောက်ဆုံးနေခဲ့ကာ ဝရုန်းသုန်းကားဖြစ်နေစဥ် လအတွင်း ဝင်ရောက်တိုက်ခတ်တဲ့ စတုတ္တမြောက် မုန်တိုင်းဖြစ်လာမယ်လို့ သိရပါတယ်။ ဗီယက်နမ်ဟာ ရှည်လျားတဲ့ ကမ်းရိုးတန်းကြောင့် အဖျက်စွမ်းအားပြင်းတဲ့ မုန်တိုင်းတွေနဲ့ ရေကြီးမှုတွေ ကြုံရလေ့ရှိပါတယ်။

(ဖိလစ်ပိုင်မှာ ရေကြီးနေမှု) (Photo: Reuters)

"ဒါက အလွန်အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းဖြစ်ပြီး ကြီးမားကျယ်ပြန်တဲ့ ဧရိယာကို သက်ရောက်မှုရှိပါလိမ့်မယ်" လို့ ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc က မုန်တိုင်း Molave ဖြတ်သန်းမယ့်လမ်းကြောင်းရှိ ပြည်နယ်နဲ့ မြို့များကို ကြိုတင်ပြင်ဆင်ကြရန် အရေးပေါ်အစည်းအဝေးမှာ သတိပေး ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ်က Molave ကို ၂၀၁၇ ခုနှစ်က ဗီယက်နမ်မှာ ဖြတ်သန်းတိုက်ခတ်ပြီး လူ ၁၀၀ ကျော် သေဆုံးခဲ့တဲ့ တိုင်ဖွန်း Damrey နဲ့ နှိုင်းယှဥ်ခဲ့ပါတယ်။ ငါးဖမ်းစက်လှေတွေကို ကမ်းခြေမှာ ဆိုက်ကပ်ထားကြရန်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အသင့်ရှိနေကြရန် ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc က ညွှန်ကြားထားပါတယ်။

(Map: Google)

"လိုအပ်လာပါက ပြည်သူတွေကို ဝိုင်းဝန်းကူညီဖို့ ရဟတ်ယာဥ်တွေ၊ တင့်ကားတွေနဲ့ အခြား သယ်ယူပို့ဆောင်ရေးလုပ်နိုင်တဲ့ ယာဥ်တွေအပါအဝင် တပ်ဖွဲ့တွေကို အင်အားအပြည့် ဖြန့်ကျက်ထားရပါမယ်" လို့ ဝန်ကြီးချုပ်က ထုတ်ပြန်ချက်တစ်ခုမှာ ပြောထားပါတယ်။ ဗီယက်နမ်မှာ နိုင်ငံရဲ့လူဦးရေ ၉၅ သန်းကျော်အနက် ၁၁.၈ သန်းခန့်ဟာ အလွန်ကြီးမားတဲ့ ရေကြီးမှုအန္တရာယ်ရှိရာ ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်လျက်ရှိပြီး ၃၅ ရာခိုင်နှုန်းဟာ လူနေထူထပ်ကာ မြေနေရာ တဖြည်းဖြည်း ဆုတ်ယုတ်လျော့ပါးနေတဲ့ ကမ်းရိုတန်းတွေမှာရှိနေကြတယ်လို့ ကမ္ဘာ့ဘဏ် (World Bank) ရဲ့ ပြီးခဲ့တဲ့သီတင်းပတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဖိလစ်ပိုင်မှာ ဖြတ်သန်းတိုက်ခတ်ခဲ့မှု မှတ်တမ်းဗီဒီယို

.

Share

Loading Next Article...
က္က