ယခင် တွေ့ရှိထားခဲ့ဖူးတဲ့ နေရာမဟုတ်ဘဲ လမျက်နှာပြင်ရဲ့ နေရောင်ရရှိတဲ့ နေရာတွေမှာ ရေရှိကြောင်း တွေ့ခဲ့ရပါတယ်။

အမေရိကန်အာကာသအေဂျင်စီ (NASA - National Aeronautics and Space Administratio) က လပေါ်မှာ ရေရှိကြောင်း ခိုင်မာတဲ့အထောက်အထား တွေ့ရှိရကြောင်း အောက်တိုဘာ ၂၆ ရက်နေ့မှာ ထုတ်ဖော်ပြောခဲ့ပါတယ်။

(လပေါ်မှာ စူးစမ်းလေ့လာမှု သရုပ်ဖော်ပုံ) (Photo: NASA)

လပေါ်မှာ ရေမော်လီကျူးကို ရှင်းလင်းပြတ်သားစွာ ယခု ရှာဖွေတွေ့ရှိမှုက လပေါ်မှာ အခြေစိုက်စခန်းထားရှိလိုတဲ့ NASA ရဲ့ မျှော်လင့်ချက်ကို ပိုမိုအားကောင်းလာစေခဲ့တယ်လို့ ဆိုပါတယ်။ လရဲ့ သဘာဝရေအရင်းမြစ်တွေကို ထုတ်ယူသုံးစွဲခြင်းဖြင့် လပေါ်မှ အခြေစိုက်စခန်းအတွက် ရေရရှိနေစေရန် ရည်ရွယ်ချက်ဖြစ်ပါတယ်။



NASA က လပေါ်မှာ ‌ရေတွေ့ရှိရကြောင်းကို Nature Astronomy ဂျာနယ်မှာ စာတမ်းနှစ်ခုဖြင့် ထုတ်ပြန်ဖော်ပြထားတယ်လို့ BBC သတင်းက ပြောပါတယ်။ ယခုတစ်ကြိမ်ဟာ ယခင်က တွေ့ရှိထားမှုတွေကဲ့သို့ အမြဲတမ်း အရိပ်ကျနေတဲ့ လရဲ့ချိုင့်ခွက်ကြီးများရှိရာ နေရာတွေမှာ မဟုတ်ဘဲ သိပ္ပံပညာရှင်တွေက လမျက်နှာပြင်ရဲ့ နေရောင်ရရှိတဲ့ နယ်ပယ်တွေမှာ ရေမော်လီကျူးကို ရှာဖွေတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

(SOFIA လေယာဥ်မှ တယ်လီစကုပ်ကို တွေ့ရစဥ်) (Photo: Wikipedia)

ရေပမာဏဟာ အကြမ်းဖျင်းအားဖြင့် လမြေဆီလွှာ ၁ ကုဗမီတာထဲမှာ ၁၂ အောင်စ ရေဘူးတစ်ဘူးရှိနေတာနဲ့ ညီမျှတယ်လို့ NASA အဖွဲ့ရဲ့ မေရီလန်းပြည်နယ်ရှိ Goddard Space Flight Center မှ ယခုတွေ့ရှိမှုကို ပူးတွဲရေးသားသူ Casey Honniball က ပြောပါတယ်။ သုတေသီတွေက လပေါ်မှ ရေအရင်းအမြစ် သဘာဝကို နားလည်သဘောပေါက်ရန် လိုအပ်နေဆဲဖြစ်ကြောင်း Casey Honniball ရဲ့ NASA လုပ်ဖော်ကိုင်ဖက် Jacob Bleacher က ဆိုပါတယ်။

ထိုသို့ နားလည်သဘောပေါက်မှုက အနာဂတ်ကာလမှာ လပေါ်သို့ စူးစမ်းလေ့လာသူတွေ သွားရောက်ကြစဥ် ရေကို မည်သို့ ထုတ်ယူသုံးစွဲနိုင်ကြောင်း သိရှိနိုင်ရေး အကူအညီဖြစ်မယ်လို့ သိရပါတယ်။ ယခင်ကလည်း လပေါ်မှာ ရေရှိတဲ့လက္ခဏာများ တွေ့ရှိထားခဲ့ပြီး ယခု အသစ်တွေ့ရှိမှုက ယခင် တွေးထင်ထားတာထက် ပိုမိုပေါများတဲ့ ရေရှိကြောင်း ညွှန်ပြနေတယ်လို့ ဆိုပါတယ်။

(လပေါ်မှာ လမ်းလျှောက်ခဲ့သည့် ပထမဆုံးလူသား နီးလ်အမ်းစထရောင်း) (Photo: AFP)

"ဒါက လပေါ်မှာ အလားအလာရှိ ‌ရေအရင်းအမြစ်တွေအတွက် ကျွန်မတို့ကို ရွေးချယ်စရာတွေ ပိုများလာစေတယ်" လို့ အင်္ဂလန်နိုင်ငံ Milton Keynes မြို့ရှိ Open University မှ ဂြိုဟ်လေ့လာမှုဆိုင်ရာ သိပ္ပံပညာရှင် Hannah Sargeant က BBC News ကို ပြောခဲ့ပါတယ်။

"လအခြေစိုက်စခန်းကို ဘယ်နေရာမှာထားရှိမလဲဆိုတာက အဓိကအားဖြင့် ရေရှိတဲ့နေရာမှာ အာရုံစိုက်ထားပါတယ်၊ လပေါ်မှာ ရေရှိတာက အာကာသစူးစမ်းလေ့လာရေးတွေ ပိုပြီး အဆက်မပြတ်လုပ်နိုင်တဲ့ နည်းလမ်းတစ်ခုပါ၊ အဲဒီမှာရှိတဲ့ ဒီအရင်းအမြစ်တွေ အထူးသဖြင့် ရေကိုအသုံးပြုတာ အပါအဝင်ပေါ့" လို့ သူမက ဆိုပါတယ်။

(SOFIA လေယာဥ်ကို တွေ့ရစဥ်) (Photo: NASA)

အမေရိကန်အာကာသအေဂျင်စီက ၂၀၂၄ ခုနှစ်မှာ လပေါ်သို့ ပထမဆုံး အမျိုးသမီးနဲ့ နောက်ထပ် အမျိုးသားကို ပို့ဆောင်သွားမယ်လို့ ပြောထားပါတယ်။ အဆိုပါ လပေါ်သို့ခရီးစဥ်ဟာ အစောဆုံး ၂၀၃၀ ပြည့်လွန် နှစ်များအတွင်း အင်္ဂါဂြိုဟ်သို့ လူသားတွေ သွားရောက်စူးစမ်းလေ့လာမှုအတွက် ကြိုတင်ပြင်ဆင်ရန်လို့ NASA က ဆိုပါတယ်။

လပေါ်မှာ ရေရှိကြောင်း ယခု အထောက်အထားသစ်ကို NASA နဲ့ ဂျာမန်အာကာသစင်တာတို့ ပူးပေါင်းဆောင်ရွက်နေတဲ့ နက္ခတာရာလေ့လာစောင့်ကြည့်မှု Stratospheric Observatory for Infrared Astronomy (SOFIA) စီမံကိန်း လေယာဥ်မှ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။

Ref: NASA, BBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က