ကူးစက်ခံရသူ ၃၆,၄၇၀ ဦး တိုးလာခဲ့ပြီး သုံးလကျော်အတွင်း နေ့အလိုက် ကူးစက်မှုအသစ် အနည်းဆုံးဖြစ်လာပါတယ်။

အိန္ဒိယနိုင်ငံမှာ ယနေ့ (အောက်တိုဘာ ၂၇ ရက်) ထုတ်ပြန်မှုအရ တစ်ရက်အတွင်း COVID-19 ကူးစက်ခံရသူ ၃၆,၄၇၀ ဦး တိုးလာခဲ့ပြီး သုံးလကျော်အတွင်း နေ့အလိုက် ကူးစက်မှုအသစ် အနည်းဆုံးဖြစ်လာခဲ့ကာ ဆက်လက် လျော့နည်းမယ့်ဘက်ကို ဦးတည်နေတယ်လို့ ဆိုပါတယ်။

(Photo: Reuters)

အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်မှုအရ COVID-19 ကြောင့် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၄၈၈ ဦး တိုးလာခဲ့ပြီး စုစုပေါင်း သေဆုံးသူဦးရေ ၁၁၉,၅၀၂ ဦးရှိလာပါတယ်။ အိန္ဒိယဟာ ကမ္ဘာတစ်ဝန်းမှာ အမေရိကန်ပြီးလျှင် လက်ရှိအချိန်အထိ ကူးစက်မှုအများဆုံး နိုင်ငံလည်းဖြစ်ပါတယ်။



အမေရိကန်မှာ COVID-19 ကူးစက်ခံရသူ ၈.၇ သန်းကျော်နဲ့ အိန္ဒိယမှာ ၈ သန်းနီးပါး တွေ့ရှိထားခဲ့ပါတယ်။ အိန္ဒိယမှာ ယနေ့ တွေ့ရှိလာရတဲ့ ကူးစက်မှုအသစ်တွေဟာ ဇူလိုင် ၁၇ ရက်နေ့က ကူးစက်မှုအသစ် ၃၅,၀၆၅ ဦး တွေ့ရှိခဲ့ရပြီးနောက်ပိုင်း နေ့အလိုက် အနည်းဆုံးဖြစ်လာကြောင်း AP သတင်းက ဖော်ပြပါတယ်။

(Photo: AP)

အိန္ဒိယမှာ ကူးစက်မှုတွေဟာ လူနေထူထပ်တဲ့ မွမ်ဘိုင်းကဲ့သို့ မြို့ကြီးများမှ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှု အကန့်အသတ်ရှိတဲ့ ကျေးလက်ဒေသများအထိ ပျံ့နှံ့ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့လအတွင်း အိန္ဒိယမှာ ကူးစက်မှုအထွတ်အထိပ် ရောက်ခဲ့စဥ်က တစ်ရက်လျှင် ကူးစက်မှု ၁၀၀,၀၀၀ နီးပါးအထိ တွေ့ရှိခဲ့ပေမဲ့ ထို့နောက်ပိုင်းမှာ နေ့စဥ်ကူးစက်မှုများ ကျဆင်းလာခဲ့တယ်လို့ ဆိုပါတယ်။

ထိုအတောအတွင်း အိန္ဒိယအာဏာပိုင်တွေက နိုင်ငံရဲ့ တတိယအကြီးဆုံးပြည်နယ်ဖြစ်တဲ့ ဘီဟာပြည်နယ်မှာ အောက်တိုဘာ ၂၈ ရက်မှစပြီး ပြည်နယ်ရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်မှုနဲ့ ဘာသာရေးပွဲ စုရုံးမှုတွေကနေ ကူးစက်မှုများ မြင့်တက်လာနိုင်မှုကို စိုးရိမ်ပူပန်နေကြောင်း သိရပါတယ်။

(Photo: AP)

လူဦးရေ ၁.၃ ဘီလီယံရှိတဲ့ အိန္ဒိယဟာ COVID-19 ကူးစက်မှုတွေ စတင်ဖြစ်ပွားလာခဲ့ပြီးနောက် မတ်လနှောင်းပိုင်းမှာ တစ်နိုင်ငံလုံးကို lockdown အစီအမံများ သတ်မှတ်ပြီး ကူးစက်မှုထိန်းချုပ်ရေး လုပ်ဆောင်ခဲ့ပါတယ်။ တင်းကျပ်တဲ့ lockdown အစီအမံများ သတ်မှတ်ဆောင်ရွက်ခဲ့ပြီးနောက် အိန္ဒိယဟာ စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

စီးပွားရေးကျဆင်းမှုကြောင့် အိန္ဒိယမှာ lockdown ရုပ်သိမ်းပြီး လုပ်ငန်းများ အပြည့်အဝ ပြန်ဖွင့်ပေးလာခဲ့ပါတယ်။ ရုပ်ရှင်ရုံတွေကို ထိုင်ခုံအရေအတွက် ထက်ဝက်ဖြင့် ယခုသီတင်းပတ်မှာ ပြန်ဖွင့်ခွင့်ပြုခဲ့ပြီး ကျောင်းတွေကိုလည်း အောက်တိုဘာလလယ်မှစပြီး ပြန်ဖွင့်ရန် ဆုံးဖြတ်နိုင်ကြောင်း သက်ဆိုင်ရာ ပြည်နယ်အစိုးရများကို ခွင့်ပြုထားခဲ့ကြောင်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က