ဥရောပနိုင်ငံတွေမှာ COVID-19 ကူးစက်မှုတွေ တစ်ကျော့ပြန်မြင့်တက်မှု ရင်ဆိုင်နေရပါတယ်။

အီတလီနိုင်ငံတစ်ဝန်း မြို့ကြီးတွေမှာ COVID-19 ကူးစက်မှု ထိန်းချုပ်တိုက်ဖျက်ရေး စည်းမျဥ်းကန့်သတ်ချက်တွေကို ကန့်ကွက်ဆန္ဒပြနေခဲ့ကြပြီး နောက်ထပ် ဆန္ဒပြမှုတွေ ပိုမိုပေါ်ပေါက်လာနိုင်တယ်လို့ ဆိုပါတယ်

(Photo: IPA/SplashNews)

အီတလီမှာ COVID-19 ကူးစက်မှုထိန်းချုပ်ရန် အစိုးရက နယ်မြေဒေသအလိုက် ညမထွက်ရအမိန့်ထုတ်ခြင်း၊ ဘားဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို ညနေပိုင်းမှာ ပိတ်ခိုင်းခြင်းနဲ့ ကိုယ်ကာယလေ့ကျင့်ရေးစင်တာများ၊ ရေကူးကန်များနဲ့ ရုပ်ရှင်ရုံများ ပိတ်ထားခြင်း အပါအဝင် အစီအမံတွေ သတ်မှတ်ဆောင်ရွက်ခဲ့ပါတယ်။



အီတလီမှာ ဘားဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို ညနေ ၆ နာရီမှာ ပိတ်ခိုင်းထားပါတယ်။ ထိုသို့ ပိတ်ပင်ကန့်သတ်ချက်တွေကို မကျေနပ်ကြရာမှ အီတလီ မြို့ကြီးတွေမှာ ဆန္ဒပြအဓိကရုဏ်းတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ တနင်္လာနေ့ (အောက်တိုဘာ ၂၆ ရက်) ညပိုင်းက မီလန်မြို့မှာ ဒေသဆိုင်ရာ အစိုးရရုံးနေရာသို့ စုရုံးချီတက်ကြတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က တားဆီးခဲ့ရာမှ ထိပ်တိုက်တွေ့ အကြမ်းဖက်မှုအသွင်ဖြစ်လာပြီး ရဲတပ်ဖွဲ့က လူ ၂၈ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

(Photo: AP)

အီတလီမြောက်ပိုင်း တူရင်မြို့မှာလည်း ဆန္ဒပြသူ အနည်းဆုံး ၁၁ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ အီတလီမှာ မီလန်နဲ့ တူရင်တို့အပြင် Treviso ၊ Trieste ၊ Viareggio ၊ Latina ၊ Rome၊ Naples ၊ Salerno ၊ Palermo ၊ Siracusa နဲ့ Catania မြို့တွေမှာလည်း ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဥရောပမှာ အီတလီတစ်နိုင်ငံတည်းသာ COVID-19 နဲ့ ဆက်နွယ်တဲ့ မတည်မငြိမ်ဖြစ်မှုတွေ ရင်ဆိုင်နေရတာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဥရောပဒေသတစ်ခုလုံးဟာ ကူးစက်မှုတွေ တစ်ကျော့ပြန် မြင့်တက်လာမှုကို ရင်ဆိုင်နေကြရပြီး ဆေးရုံတွေမှာ မနိုင်မနင်းဖြစ်မလာမီ ကူးစက်မှုလျော့ကျရေး ပိတ်ပင်ကန့်သတ်တဲ့ စီမံဆောင်ရွက်မှုများဖြင့် အပြင်းအထန် ကြိုးပမ်းနေကြရပါတယ်။ ပြင်သစ်နိုင်ငံမှာ မြို့ကြီးတွေ အပါအဝင် နေရာပေါင်း ၅၀ နီးပါးကို ညမထွက်ရအမိန့်ထုတ်ထားပါတယ်။

(Photo: EPA)

စပိန်မှာလည်း တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေ ကြေညာထားပြီး ကန်နရီကျွန်းစုကလွဲပြီး နေရာအားလုံးမှာ ည ၁၁ နာရီမှ နောက်တစ်နေ့ မနက် ၆ နာရီအထိ ညမထွက်ရအမိန့်ထုတ်ထားပါတယ်။ စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ပိတ်ပင်ကန့်သတ်မှုတွေကို ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ မြောက်အိုင်ယာလန်နဲ့ ချက်ရီပတ်ဘလစ် နိုင်ငံတွေမှာလည်း စာသင်ကျောင်းများ ပိတ်ထားကြောင်း သိရပါတယ်။

ဂျာမနီမှာလည်း ဩစတြီးယားနဲ့ နယ်စပ်အနီး နေရာအချို့မှာ lockdown သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ ရုရှားမှာ နိုင်ငံတစ်ဝန်းလုံး mask တပ်ရန် ညွှန်ကြားထားမှု အပါအဝင် ဥရောပတစ်ခွင်မှာ mask တပ်ရန် ညွှန်ကြားချက်များ အသီးသီး ထုတ်ပြန်ထားပါတယ်။ ဗြိတိန်နိုင်ငံမှာလည်း ကူးစက်မှုတွေ သိသာစွာ မြင့်တက်နေတာကြောင့် ပိတ်ပင်ကန့်သတ်ချက်အသစ်များ ထုတ်ပြန်ထားကြောင်း သိရပါတယ်။

(Photo: AP)

နိုင်ငံ ၄၆ ခု ပါဝင်တဲ့ ဥရောပဒေသမှာ COVID-19 တိုက်ဖျက်ရေး အပြင်းအထန် အရှိန်မြှင့်လုပ်ဆောင်ရန် လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) တာဝန်ရှိသူက အောက်တိုဘာ ၂၆ ရက်မှာ ပြောခဲ့ပါတယ်။ တစ်ကမ္ဘာလုံး ကူးစက်မှုရဲ့ ၄၆ ရာခိုင်နှုန်းနဲ့ သေဆုံးမှု သုံးပုံတစ်ပုံနီးပါးဟာ ဥရောပဒေသမှဖြစ်ကြောင်း WHO အရေးပေါ်ဆိုင်ရာ အကြီးအကဲ ဒေါက်တာမိုက်ရိုင်ယန်က ဆိုပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က